DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် အလုပ်သမားတွေ ခန်းမထဲဝင်မရ
DVB
·
June 23, 2016
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် အလုပ်သမားတွေ ခန်းမထဲဝင်မရ
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ့် အလုပ်သမားတွေဟာ ကြေညာထားတဲ့အတိုင်း ဦးရာစနစ်နဲ့ မဟုတ်ဘဲ စက်ရုံတွေက စီစဉ်ထားတဲ့သူဖြစ်နေတဲ့အတွက် စီစဉ်ထားတဲ့ ခန်းမမှာ ဘယ်သူမှ ၀င်ရောက်မရသေးဖြစ်နေတယ်လို့ အဲဒီကနေ လုံခြုံရေးကူညီဆောက်ရွက်ပေးနေတဲ့ စောအယ်သိုက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ မနက်စောကြီးကတည်းက လာတဲ့သူတွေဟာ စီစဉ်ထား တဲ့ ခန်းမမှာ ၀င်ခွင့်မရသလို၊ ၀င်ခွင့်ရထားတဲ့ စတစ်ကာကပ်ထားပြီး အင်္ကျီဆင်တူဝတ်တဲ့ သူတွေက ခန်းမထဲဝင်ဖို့ ၀င်ခွင့်မရသူတွေက တားဆီးနေပါတယ်။

“အစောပိုင်းက ဦးရာစနစ်နဲ့ အယောက် ၅၀၀ ပေးဝယ်မယ်ပြောထားတယ်။ ဒါပေမယ့် လက်ရှိ အနေအထားမှာ ဘယ်သူ့ကိုမှ ပေးမ၀င်ဘူး။ အဲဒီအယောက် ၅၀၀ လည်း ၀င်ဖို့အတွက် ယူနီဖောင်းဆင်တူဝတ်စုံနဲ့ သူတို့ခေါ်လာတဲ့လူတွေကိုလည်း ဒီမှာရှိနေတဲ့သူက ပိတ်ဆို့ပြီးတော့ ၀င်ခွင့်မပေးပါဘူး။ စတစ်ကာနဲ့ အင်္ကျီစင်တူဝတ်စုံတွေ ၀တ်ထားသူကိစ္စလည်း မနေ့ကမှ ပေါ်လာတဲ့ကိစ္စဖြစ်တယ်။ ကျနော်တို့လည်း ဘာမှကိုမသိလိုက်ရဘူး။ အခုမှပဲကျနော်တို့သိရ တာပါ။ အခုဝင်ရမယ့်ဆိုရင် တန်းတူ ၀င်ခွင့်ရဖို့ ညှိနှိုင်းနေပါတယ်။”

နေခင်း ၁ နာရီခွဲလောက်မှာ အင်္ကျီဆင်တူဝတ်ဆင်ထားသူတွေက ပြန်သွားကြပြီလို့ အဲဒီကို ရောက်ရှိသတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်ကိုအေးနိုင်က ပြောပါတယ်။

အလုပ်သမားတွေကတော့ အင်္ကျီဆင်တူနဲ့လာရောက်သူတွေဟာ အစိုးရဖက်က စီစဉ်ထားတဲ့ သူတွေဖြစ်ပြီး အလုပ်သမားတွေတကယ်လက်တွေ့ ခံစားရတဲ့ အခက်ခဲကို ပြောမယ့်သူတွေ မဟုတ်ဘူးလို့ ခန်းမထဲဝင်ခွင့်မရတဲ့အလုပ်သမားက ပြောပါတယ်။

“ထိုင်းတနိုင်ငံလုံးမှာ လုပ်အားခ တနေ့ ၃၀၀ မရတဲ့သူတွေအများကြီးရှိတယ်။ ကျနော်ကိုယ်တိုင် ၃၀၀ ရတယ်။ ဒါပေမယ့် အဲလိုလူမျိုးတွေပဲ သူတို့က သေချာခေါင်းထဲရိုက်သွင်းထားပြီးမှ ပြောတဲ့ဟာကို နားထောင်ပြီးရင် ခေါင်းညိတ်ပြီးပြန်။ အဲလိုလူတွေကို သူတို့စီစဉ်ထားတာ။ သူတို့ ကြိုတင်ပြင်ဆင်ထားတာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကြေညာထားတာက တမျိုး၊ အခုလုပ် တော့ တမျိုး။”

ဒီနေ့ မနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာလာတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို ၁၁ နာရီခွဲ ရောက်ရှိ နေပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ စမွတ်စာခွန်းခရိုင် စမွတ်စာခွန်းမြို့ ထလေးထိုင်းဈေးအတွင်းက ခန်းမမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒီကနေ့ ညနေ ၄ နာရီခွဲကနေ ၆ နာရီခွဲအထိ တွေ့ဆုံမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013