DVB Logo
Home
မြန်မာသတင်း
ဒေါ်စုခရီးစဉ်တွင် ရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများ တင်ပြမည်
DVB
·
June 22, 2016
ဒေါ်စုခရီးစဉ်တွင် ရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများ တင်ပြမည်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပြဿနာ အခက်အခဲနဲ့ အခွင့်အရေးတွေ တင်ပြတောင်းဆိုသွားမယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားအဖွဲ့နဲ့ ရွှေ့ပြောင်းလုပ်သားရေးရာဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ပေါင်း ၁၃ ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး မှာ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးပြီး တောင်းဆိုတင်ပြချက် တွေ ပြင်ဆင်ထားကြပါတယ်။

စာမျက်နှာ ၅ မျက်နှာရှိ ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ၊ လိုလားချက်တွေ ရေးသားထားတဲ့ စာတစောင်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအလုပ်သမားဝန်ကြီး ဦးသိန်းဆွေထံပါ ပေးအပ်သွားမယ်လို့ ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။

“အလုပ်သမားတွေ စာရွက်စာတမ်း အထောက်အထားလုပ်တဲ့အခါ ပွဲစားနဲ့အငှား အလုပ်ရှင်ကြောင့် ကုန်ကျစရိတ်ဖိစီးမှုခံနေရတာတွေ၊ ကုန်ကျစရိတ်လျှော့ချပြီး အလုပ်သမားတွေ ကိုယ်တိုင် လုပ်ခွင့်ရဖို့၊ ဘာအထောက်အထားမှမရှိတဲ့ အလုပ်သမားတွေအတွက် ထိုင်းအစိုးရက နောက်ထပ် မှတ်ပုံတင်ပေးရေး တိုက်တွန်းပေးဖို့၊ မြန်မာပြည်ကို ငွေပြန်ပို့တဲ့ခါ အလိမ်ခံရတဲ့ ပြဿနာ၊ ယာဉ်မတော်တဆ ထိခိုက်ခံရတဲ့အခါ ထိုင်း-မြန်မာ ၂ ဘက်ပါတဲ့ ပူးပေါင်းကော်မတီဖွဲ့ ပြီး ကူညီဖြေရှင်းပေးဖို့၊ ထိုင်းဥပဒေက သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်အားခ တနေ့ဘတ် ၃၀၀ နဲ့ အချိန်ပိုလုပ်အားခအတိုင်း ရရှိရေးအတွက် ထိုင်းအစိုးရကို တိုက်တွန်းပေးဖို့ တောင်းဆိုထား ပါတယ်။”

အလားတူ စမွတ်စခွန်အခြေစိုက် အလုပ်သမားအခွင့်အရေးမြှင့်တင်ရေး ဖောင်ဒေးရှင်း (Labour Rights Promotion) ကလည်း တောင်းဆိုချက် ၅ ချက်ပါတဲ့စာတစ်စောင် တင်ပြဖို့ ရှိကြောင်း ဖောင်ဒေးရှင်းဒါရိုက်တာ မစ္စတာ ဆုမ်ဖုန်းဆာကျောက်က ဒီဗွီဘီကို ပြောပါတယ်။

“ထိုင်းနိုင်ငံမှာ ဘာသက်သေအထောက်အထားမှ မရှိသေးတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁ သန်း ကျော်ရှိသေးတယ်။ အများစုက မြန်မာအလုပ်သမားတွေ၊ သူတို့တွေ တရားဝင်ဖြစ်ဖို့  နောက်တကြိမ် နေထိုင်ခွင့်လက်မှတ်လုပ်ပေးဖို့၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် ပိုပြီးမြန်ဆန် အောင် ဆောင်ရွက်ဖို့၊ အနိမ့်ဆုံးလုပ်အားခ ဥပဒေအတိုင်းတပြေးညီ တနေ့ ၃၀၀ ရဖို့၊ ပန်းရောင်ကတ်ရှိ တဲ့ သူတွေအနေနဲ့ နယ်မြေထွက်ခွာခွင့်တောင်းစရာမလိုဘဲ တပြည်လုံးခရီး သွားခွင့်ရဖို့၊ ပတ်စပို့လုပ်တဲ့အခါ ပွဲစားနဲ့လုပ်တဲ့စနစ်ဖျက်ပေးဖို့၊ ရွှေ့ပြောင်းအလုပ်သမား သားသမီးတွေလည်း ထိုင်းကလေးတွေနဲ့တန်းတူ ပညာရေး၊ ကျန်းမာရေး အခွင့်အရေး တန်းတူ ရဖို့နဲ့ ၂ နိုင်ငံကြား တန်းညှိကျောင်းပြောင်းလို့ရတဲ့ စနစ်ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထိုင်းအစိုးရကို တိုက်တွန်းပေးဖို့ စတဲ့အချက်တွေ တောင်းဆိုဖို့ ပြင်ထားပါတယ်။”

အလားတူ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဌေးကလည်း သက်သေအထောက်အထား စာရွက်စာတမ်းတွေကို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ပေးရေး၊ ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ အလုပ်သမားဥပဒေနဲ့အညီ ရသင့်ရထိုက် တဲ့ လုပ်အားခ၊ အချိန်ပိုလုပ်ခ၊ နားရက်နဲ့ အခြား နစ်နာကြေး၊ လူမှုရေးခံစားခွင့်တွေရအောင် တိုက်တွန်းပေးဖို့ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

အခုထိုင်းအစိုးရနဲ့ လာရောက်တွေ့ဆုံမယ့် မြန်မာအစိုးရဟာ ယခင်အစိုးရတွေလို မဟုတ်ဘဲ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါနဲ့ သြဇာဟာ အာဆီယံ ဒေသတွင် သာမက ကမ္ဘာ့ခေါင်းဆောင်တွေကပါ လေးစားအသိအမှတ်ပြုရတဲ့သူ ဖြစ်တဲ့အတွက် သူတို့တောင်းဆိုချက်တွေ ရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း ဦးမိုးကြိုးက ဒီဗွီဘီကို ဖြည့်စွက် ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေဟာ ဇွန်လ ၂၃ ရက် ညနေ   ၄ နာရီ ကနေ ၆ နာရီထိ မြန်မာရွှေ့ပြောင်းအလုပ်သမား တွေနဲ့  စမွတ်စာခွန်းခရိုင်  မဟာချိုင်မြို့နယ် ထလေးထိုင်း (ပင်လယ်စာဈေး)  ခန်းမမှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013