DVB Logo
Home
မြန်မာသတင်း
သရက်မြို့နယ် ကျေးရွာတခုတွင် တံတားမရှိသဖြင့် ကျောင်းသားများ အခက်ကြုံ
DVB
·
June 22, 2016
သရက်မြို့နယ် ကျေးရွာတခုတွင် တံတားမရှိသဖြင့် ကျောင်းသားများ အခက်ကြုံ
1 / 6
Donate to DVB

မကွေးတိုင်း သရက်မြို့နယ် ကျေးရွာတရွာမှာ တံတားမရှိတာကြောင့် ကျောင်းသားတွေနဲ့ဒေသခံတွေ သွားလာရေး အခက်အခဲ ကြုံတွေ့နေရပါတယ်။

မကွေးတိုင်း၊ သရက်မြို့နယ် ကြီးတိုင်းကျေးရွာဘေးကနေ ဧရာဝတီမြစ်ထဲ စီးဝင်တဲ့ ပွန်ချောင်းက အကျယ်ပေ ၆၀၀ ကျော်လောက်ရှိပြီး မိုးတွင်းမှာ ရေစီးအလွန်ကြမ်းတာကြောင့် ချောင်းကိုဖြတ်ပြီး ကျောင်းသွားတက်နေရတဲ့ ကျောင်းသားတွေ၊ ဆရာတွေနဲ့ ဒေသခံတွေအတွက် အန္တရာယ်ရှိနေပါတယ်။

“ကွမ်းအုံး၊ သပြေဆန်း၊ မကျီးတန်းချောင်းကိုဖြတ်ပြီး ဒီမှာလာတက်ရတယ်။ အဲတော့ ရေလာလို့ရှိရင် ဘယ်လိုမှ မလာနိုင်တော့ဘူး၊ ဒီကဆရာတွေက တွဲတွဲပြီး ခေါ်နေရတယ်၊ ရေများလာရင်တော့ မလာနိုင်ကြဘူး” လို့ ညောင်ဇစ်ကျေးရွာ အလယ်တန်းဘကကျောင်းက ဆရာဦးကြည်မောင်က ပြောပါတယ်။

ချောင်းရေ အရမ်းကျလာပါက လူတရပ်ကျော်လောက်ရှိလာလို့ တံတားထိုးပေးနိုင်ရင် အကောင်းဆုံးဖြစ်မယ်လို့ ကြီးတိုင်းကျေးရွာက မူလတန်းကျောင်းအုပ် ဒေါ်မို့မို့လွင်က ပြောပါတယ်။

“ချောင်းရေ အရမ်းကျနေရင် တခါတလေ လူတရပ်ကျော်တယ်၊ ပြန်လို့မရတော့ဘူး၊ ကျောင်းမှာပဲ အစဉ်ပြေသလို အိပ်နေရတယ်။ မိဘတွေရော၊ ကလေးတွေပါ ဒုက္ခရောက်ရတယ်၊ ကျမတို့ပြန်ရင်လည်း အရမ်းအရေးကြီးတဲ့ အစည်းအဝေးတွေဆိုရင် သွားလို့မရတော့ဘူး၊ ဒီဘက်ကမ်းကနေ ဟိုဘက်သွားတက်ရတဲ့ သူတွေ၊ ဟိုဘက်ကမ်းကနေ ဒီဘက်သွားတက်ရတဲ့ သူတွေပါ ရှိတာကြောင့် တံတားထိုးပေး နိုင်ရင်ကောင်းမှာ။”

အရင်အစိုးရက လက်ထက်က လာတိုင်းတာတွေ ရှိခဲ့ဖူးပြီး အစိုးရသစ်လက်ထက်မှာ တခါမှ တိုင်းတာတွေ လာမလုပ်သေးဘူးလို့ ကြီးတိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်သိန်းက ပြောပါတယ်။

သရက်မြို့နယ် ပညာရေးမှူး ဦးသိန်းဆုကတော့ အခုလို အခက်ခဲဖြစ်နေတာကို ပညာရေးဌာနကက ဘာမှလုပ်ပေးလို့ မရဘဲ ဆောက်လုပ်ရေးဌာနနဲ့သာ သက်ဆိုင်တယ်လို့ ပြောပါတယ်။

“ပညာရေးဌာနက ဆောက်လုပ်ရေး လုပ်ပေးလို့မရပါဘူး။ ဘယ်တုန်းကမှလည်း လုပ်မပေးခဲ့ပါဘူး။ အဲဒီကိစ္စတွေက ဆောက်လုပ်ရေးတို့ လမ်းပိုင်ဆိုင်ရာတွေက လုပ်ပါလိမ့်မယ်။ ဒီချောင်းက အထက်ဘက်မှာလည်း အခုလိုဖြတ်သွားတဲ့ ရွာတွေမှာလဲဒီလိုပဲ၊ ဒီထက်ဆိုးတဲ့နေရာတွေတောင်ရှိသေးတယ်။”

အဲဒီပွန်ချောင်းဘေးက ကြီးတိုင်းရွာမှာ မူလတန်းကျောင်းတကျောင်းနဲ့ ချောင်းရဲ့ အခြားတဖက်က ညောင်ဇစ်ကျေးရွာမှာ (ဘက) အလယ်တန်းကျောင်းတကျောင်းရှိပါတယ်။

ဘကကျောင်းမှာ ကျောင်သား ၁၃၀ ကျော်နဲ့ ဆရာ ၆ ဦးရှိပြီး ကြီးတိုင်းကျေးရွာက မူလတန်းကျောင်းမှာက ကျောင်းသား ၆၉ ဦးနဲ့ ဆရာ ၄ ဦးရှိပါတယ်။

ကြီးတိုင်းရွာကို ညောင်ဇစ်၊ မုဆိုးရင်၊ ကျေးရွာတွေက ချောင်းကိုဖြတ် ကျောင်လာတက်ရပြီး၊ ညောင်ဇစ်ရွာကျောင်းကိုတော့ ကွမ်းအုံ၊ ဥသျှစ်ကုန်း၊ သပြေစမ်း၊ ကြီးကုန်း၊ မဒင်းကြီးကျေးရွာတွေက ကျောင်းသားတွေ ချောင်းကိုဖြတ်ပြီးေ ကျာင်းလာတက်ရပါတယ်။

မိုးတွင်းရေများတဲ့အချိန်တွေမှာ ကျောင်းကို ၁ လခွဲ ၂ လထိ ကျောင်းပိတ်ထားရပါတယ်။ မိဘတွေကလည်း ကိုယ့်စားဝတ်နေရေး ကိုယ်လုပ်နေရာကြောင့် ဒီချောင်းကို ကလေးတွေ ဖြတ်သန်းသွားရာမှာ အမြဲလိုက်မပို့နိုင်တာကြောင့် ကလေးတွေအတွက် စိုးရိမ်နေကြတာပါ။

အဲဒီချောင်းက ရခိုင်ရိုးမကနေ မြစ်ဖျားခံပြီး ဧရာဝတီမြစ်ထဲကို စီးဝင်တာပါ။ ချောင်းတလျှောက် ဖြတ်သန်းသွားရာမှာလည်း အခုလိုကျောင်းပေါင်းများစွာနဲ့ ရွာပေါင်းများစွာကို ဖြတ်သန်းစီးဆင်းပါတယ်။

အဲဒီရွာကလေးက သရက်မြို့နဲ့ ၇ မိုင်ကျော်လောက်ပဲဝေးပြီး သွားရေးလာရေး အလွန်ခက်ခဲ ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013