DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအ၀ိုင်းဟု သုံးနှုန်းမည့်အပေါ် အေအန်ပီ ကန့်ကွက်
DVB
·
June 22, 2016
ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအ၀ိုင်းဟု သုံးနှုန်းမည့်အပေါ် အေအန်ပီ ကန့်ကွက်
Donate to DVB

ဇွန် ၁၇ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံမှာ မြန်မာအစိုးရကိုယ်စားလှယ်ကနေ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှ မွတ်စလင်အသိုင်းအ၀ိုင်းလို့ သုံးနှုန်းပြောဆိုရန် တင်သွားခဲ့တဲ့ အပေါ်မှာ ရခိုင်အမျိုးသားပါတီက ကန့်ကွက်လိုက်ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘင်္ဂါလီတွေကို ရခိုင်ပြည်နယ်မှ မွတ်စလင်လို့သုံးနှုန်းခြင်းဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ချိုးဖောက်လိုက်တာဖြစ်ပြီး၊ ရခိုင် တမျိုးသားလုံးနဲ့သာ သက်ဆိုင်တယ်လို့ အပြစ်ပုံချလိုက်တဲ့လုပ်ရပ်မျိုး ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဒီဗွီဘီကို ပြောပါ တယ်။

“သေချာပါတယ်ခင်ဗျာ။ ကျနော်တို့ ဘင်္ဂါလီလို့ပဲ ဆက်ခေါ်မှာပါ။ ၂၀၁၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ကျင်းပခဲ့တဲ့ ၃၂ ကြိမ်မြောက် လူအခွင့်အရေးညီလာခံမှာ မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်ကနေ ရခိုင်ပြည်နယ်ဘင်္ဂလီအရေးနဲ့ ပတ်သက်ပြီးတော့ ရခိုင် ပြည်နယ်က မွတ်စလင်အသိုင်းအ၀ိုင်းလို့ သုံးနှုန်းပြောဆိုဖို့အတွက် တင်သွင်းခဲ့ခြင်းဟာ ကျနော် တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ပြည်ထောင်စုစိတ်ဓာတ်ဘောင်ကို ချိုးဖောက် ပြီးတော့ မြန်မာနိုင်ငံရဲ့ ဘင်္ဂါလီဟာ ရခိုင်လူမျိုးတိုင်းရင်းသားတွေနဲ့သာ သက်ဆိုင်တယ်ဆို ပြီးတော့ အပြစ်ပုံချပြီးတော့ လုပ်ရပ်မျိုး ဖြစ်နေပါတယ်။ ဒီကိစ္စဟာ ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတခုလုံးနဲ့ သက်ဆိုင်ပါတယ်။ အခုအချိန်မှာ ရခိုင်ပြည်နယ်က မွတ်စလင်များလို့ သုံးလိုက်ခြင်းဟာ ကျနော်တို့ ရခိုင်ဒေသရဲ့ အသုံးအနှုန်းပျောက်သွားပြီးတာ့ သူတို့ရဲ့ မူရင်းဖြစ် သလိုလိုေ၀၀ါးအောင်လုပ်တယ်လို့ ရခိုင်တမျိုးသားလုံးနဲ့ ရခိုင်အမျိုးသားပါတီက ယူဆတဲ့ အတွက် အခုလိုကြေညာချက်ကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”

ဒါ့အပြင် အဲ့ဒီကြေညာချက်မှာ ၁၈၂၄ ခုနှစ် အင်္ဂလိပ်- မြန်မာစစ်ပွဲအပြီး ရခိုင်ဒေသသည် ဗြိတိသျှ လက်အောက်သို့ အစောဆုံး ကျရောက်ခဲ့စဉ် သန်းခေါင်စာရင်း ကောက်ခံခဲ့ရာမှာ စစ်တကောင်းသား ( Chittagongnian)လို့ အစောဆုံး သုံးနှုန်းခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအစိုးရခေတ် ၁၉၇၃ နဲ့ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံရာ၌ လည်းကောင်း၊ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံခဲ့စဉ်က လည်းကောင်း ရခိုင်ပြည်နယ်အတွင်း၌ ဘင်္ဂါလီလူမျိုးများနဲ့ ပတ်သက်ပြီး။ ဘင်္ဂါလီဆိုသော လူမျိုးအမည်မှ အပ အခြားမည်သည့် အမည်ကိုမှ စာရင်းကောက်ယူခြင်း မရှိခဲ့ပါ။

လက်ရှိမှာ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးတွေကို “ရခိုင်ပြည်နယ်မှ မွတ်စလင် အသိုင်းအ၀ိုင်း”လို့ အမည်သစ် သုံးစွဲခြင်းမှာ ဘင်္ဂါလီတွေရဲ့ မူရင်းဇာတိလာရာဒေသကို ဖျောက်ဖျက်ပစ်လိုက်ပြီး ရခိုင်ဒေသဟာ ဘင်္ဂါလီတို့ရဲ့ ပင်ရင်းဒေသ ဖြစ်သယောင် ပုံဖော်လိုက်ရာ ရောက်တယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာကိုးကွယ်သူများ သုံးနှုန်းလိုက်ခြင်းဟာ ရခိုင်လူမျိုး တွေကို သေးသိမ်အောင် စော်ကားလိုက်ခြင်း ဖြစ်တယ်လို့ စစ်တွေမြို့ခံ ဦးသန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

’’ရခိုင်အမျိုးသားပါတီက သဘောထားထုတ်ပြန်တာကတော့ ရခိုင်ပြည်နယ်မှ မွတ်စလင်များဆိုတဲ့ အသုံးအနှုန်းကို လက်မခံဘူး။ ဘင်္ဂါလီကို ဘင်္ဂါလီလို့ ခေါ်မယ်လို့ဆိုတဲ့ သဘောပါပဲ၊ အတိုကောက် ပြောရရင်ပေါ့လေ။ အဲဒီသဘောထားကို ရခိုင်ပြည်နယ်လုံး အားလုံးကိုက အဲဒီသဘောထားကို လှိုက်လှိုက်လှဲလှဲကို ထောက်ခံပါတယ်။ အဲ့ဒီတချက်၊ နောက်တချက်က ကျနော်တို့ အမြဲတမ်း ပြောနေပါတယ်။ ရခိုင်ပြည်နယ်မှာ မွတ်စလင်များလို့ ပြောလိုက်တဲ့ကိစ္စမှာ ဒီဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ့်ဘက်ကလာတယ်လို့ လူတွေ အကုန်လုံးက လက်ခံထားရက်သားနဲ့ နှစ်ကာလ အပိုင်းခြားသာ ခြားရင်ခြားမှာပေါ့လေ။ ရခိုင်ပြည်နယ်မှ မွတ်စလင်လို့ သုံးနှုန်းသွားတဲ့အတွက်ကြောင့် ဘင်္ဂါလီတွေဟာ ဘင်္ဂါလားဒေ့ရှ်က လာတဲ့သူတွေ မဟုတ်ဘဲနဲ့ ဒီမှာပဲ မူရင်း ပေါက်ဖွားပြီး မူရင်းဒေသခံလူမျိုး လူရင်းလို့ သက်ရောက်တဲ့သဘော ရှိပါတယ်။ အဲဒါ ရခိုင်ပြည်သူတွေအနေနဲ့ အန္တရာယ် ရှိပါတယ်။ နောက်တချက်ကတော့ ရခိုင်ပြည်နယ်မှာ မွတ်စလင်များလို့သာ စာမှာ ရေးတာ လူတွေက ပြောဖန်များလာရင် ရခိုင်မွတ်စလင်ဆို ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ ရခိုင်လူမျိုးရဲ့ အကုန်လုံးနီးပါးဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မွတ်စလင်ဆိုတာ မရှိပါဘူး။ ရခိုင်မွတ်စလင်လို့ ပြောလိုက်ခြင်းအားဖြင့် ရခိုင်လူမျိုးတွေရဲ့ ရင်ထဲမှာ တည်တံ့ခိုင်မြဲလာတဲ့ ဗုဒ္ဓဘာသာကို သေးသိမ်အောင်စော်ကားတာ ဖြစ်ပါတယ်။”

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013