
လုံခြုံရေးတပ်ဖွဲ့ဝင်များကို နှောင့်ယှက်သူများက ရန်စထိုးကြိတ်သေနတ်လုယူမှုကြောင့် ကျည်ပေါက်ထွက်မှုဖြစ်ပွားခဲ့တာလို့ စစ်တပ်ပိုင် မြ၀တီသတင်းမှာ ဖော်ပြပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပစ်ခတ်မှုကြောင့် လူသေဆုံးတာနဲ့ပတ်သက်လို့ စစ်တပ်က ထုတ်ပြန်လိုက်တဲ့သတင်းမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအနီးမှာ ဇွန်လ ၂၀ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က တံတားလုံခြုံရေးယူထားတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များထံမှ သေနတ်လုယူခဲ့ရာမှ ကျည်ပေါက်ထွက်ပြီး လူတဦး သေဆုံးမှုဖြစ်ပွား ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖြစ်စဉ်ကို စိစစ်ချက်အရ ဇွန် ၂၀ ရက် ည ၉ နာရီခန့်မှာ မြစ်ကြီးနားမြို့နေ မောင်စီစာရပ်၊ မောင်ဝင်းမျိုးသန့်၊ မနွေးနွေး၊ မနန်းလေးတို့ ၄ ဦးဟာ ဝိုင်းမော်မြို့နယ်၊ မိုင်းနားဘက်ခြမ်းမှ ဆိုင်ကယ်နဲ့ ဗလမင်းထင်တံတားအား ဖြတ်သန်းပြီး မြစ်ကြီးနားဘက်သို့ ပြန်လည်မောင်းနှင်လာ ခဲ့ရာ စီတာပူရပ်ကွက်သို့ ရောက်ရှိစဉ် အမည်(စိစစ်ဆဲ) လူ ၈ ဦးက ၎င်းတို့ စီးနင်းလာတဲ့ ဆိုင်ကယ်ကို လုယူဖို့ နှောင့်ယှက်ခဲ့တယ်။
နှောင့်ယှက်ခံရတဲ့ ၄ ဦးက နယ်မြေခံတပ်မှ လုံခြုံရေးရယူထားတဲ့ ဗလမင်းထင် တံတားလုံခြုံရေး ဂိတ်(စီတာပူ) ဘက်ခြမ်းသို့ ရောက်ရှိလာကာ အကူအညီတောင်းခံခဲ့သဖြင့် လုံခြုံရေးစစ်သည် ၂ ဦးမှ လိုက်ပါကူညီပြီး စိတ်ချရသည့်နေရာအထိ ပို့ဆောင်ပေးခဲ့ပါတယ်။
လုံခြုံရေးစစ်သည် ၂ ဦး တာဝန်ကျဂိတ်သို့ပြန်လာစဉ် လူငယ် ၄ ဦးအား နှောင့်ယှက်ခဲ့တဲ့ အမည်စိစစ်ဆဲလူ ၈ ဦးက စစ်သည် ၂ ဦးအား လုံးထွေးထိုးကြိတ်ခဲ့ပြီး သေနက်အားလုယက်ခဲ့လို့ စစ်သည်တဦး ကိုင်ဆောင်ထားတဲ့ သေနတ်မှ ကျည်ပေါက်ထွက်မှုဖြစ်ပွားကာ လူတဦးကျည်ထိ မှန် သေဆုံးခဲ့ပြီး ကျန်လူများ ထွက်ပြေးတိမ်းရှောင်လျက်ရှိတယ်လို့ မြ၀တီသတင်းက ဆိုပါတယ်။
စစ်သည် ၂ ဦး ဖူးရောင်ဒဏ်ရာများရရှိခဲ့ပြီး နယ်မြေခံတပ်မှာ ဆေးကုနေပြီး လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
‘ဒီဗွီဘီရဲ့ စုံစမ်းချက်အရ သေဆုံးသူလူငယ်ဟာ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပြီး ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် ဖြစ်ပါတယ်။
မောင်ဂွမ်ဆိုင်းအောင် သေဆုံးမှုနဲ့ ပတ်သက်လို့ အမှုမှန် ဖော်ထုတ်ပေးရန် မနေ့ နေ့လယ်ပိုင်းက မြစ်ကြီးနားကွန်ပျုတာတက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။











