DVB Logo
Home
Lead Story
ကိုးတောင်ကျားကြီး ရေသောက်ဆင်းလာချိန်
DVB
·
June 21, 2016
ကိုးတောင်ကျားကြီး ရေသောက်ဆင်းလာချိန်
Donate to DVB

ဇွန်လ ၇ ရက်နေ့က မြန်မာနိုင်ငံကို ၃ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်လာတဲ့ ဧည့်သည်တော် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံတော်သမ္မတရုံးမှာ တွေ့ဆုံစဉ်မှာ စင်ကာပူ-မြန်မာ နှစ်နိုင်ငံကြားမှာ ဗီဇာကင်းလွတ်ခွင့်ပြုဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့က စလို့ အသက်ဝင်တော့မှာဖြစ်တယ် ဆိုတဲ့သတင်းကို ဒီဗွီဘီမှာ ဖတ်လိုက်ရပါတယ်။

တကယ်တော့ စင်ကာပူနိုင်ငံဟာ ၂၀ ရာစုနှောင်းပိုင်းမှာ ကျော်ကြားခဲ့တဲ့ အာရှကျား ၄ ကောင်ထဲက တကောင်အပါအ၀င် ဖြစ်ပါတယ်။ ၁၉၆၀ ကျော်ကာလတွေက စလို့ ဟောင်ကောင်၊ ကိုရီးယား၊ တိုင်ဝမ်ဆိုတဲ့ နိုင်ငံတွေနဲ့အတူ စင်ကာပူဟာ အာရှရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အမြန်ဆန်ဆုံး စက်မှုနိုင်ငံ ဖြစ်တာကြောင့် အာရှကျားလေးကောင်အဖြစ် တင်စားသတ်မှတ်ခံခဲ့ရတာပါ။

ကျားကျားချင်းမို့ ခြေမြင်တတ်တဲ့ စင်ကာပူဟာ သူ မမွေးဖွားလာခင်ကတည်းက အစွယ်တဖွားဖွား အရွယ်ရောက် ကျားဖြစ်ပြီးသား မြန်မာဟာ အစွမ်းအစ ဘယ်လောက် ကြီးမားတယ်ဆိုတာကို သိထားပြီးသားပါ။ မြန်မာဟာ ဒုတိယကမ္ဘာစစ်ပြီးစ ကာလတွေမှာ အရှေ့တောင်အာရှမှာ အကြီးဆုံး ကျားတကောင် ဖြစ်ခဲ့တယ်။ ၁၉၆၂ ကျတော့မှ ကံဆိုးမိုးမှောင်ကျပြီး စစ်သံလှောင်ချိုင့်ထဲကျပြီး အဘတွေကျေးဇူးနဲ့ နလံမထူတော့တာ နှစ် ၅၀ ကျော်ပါ။ အခုချိန်ခါမှာတော့ လှောင်ချိုင့်တံခါးကို ပြည်သူပြည်သား အာဇာနည် အထောင်အသောင်းဘဝတွေ စတေးလို့ ဖွင့်နိုင်ခဲ့တော့ အိပ်ပျော်နေတဲ့ကျား နိုးထလာနေပြီ။

မြန်မာကျားဟာ အထက်မှာ ရေးပြခဲ့တဲ့ ကျားလေးကောင်ကို ယှဉ်နိုင်တဲ့အပြင် ကျော်တက်နိုင်တဲ့ အရည်အသွေး အစွမ်းအစ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ ဟောင်ကောင်၊ ကိုရီးယား၊ တိုင်ဝမ်နဲ့ စင်ကာပူနိုင်ငံတွေကို ပြန်ကြည့်ရင်လည်း ဒုတိယကမ္ဘာစစ်ပြီးစက သူတို့လည်း စစ်ဘေးစစ်ဒဏ်တွေကို တိုက်ရိုက် (သို့) သွယ်ဝိုက်ခံစားခဲ့ကြရတာပါပဲ။ သူတို့အားလုံးလည်း ဆင်းရဲနွမ်းပါးတဲ့ အောက်ခြေကနေ ကြိုးပမ်းရုန်းထွက်ခဲ့ကြရတာပါ။

တိုင်ဝမ်ကိုကြည့်ရင်လည်း ၁၉၄၅ မှာတုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်အောက်မှာ ရှိခဲ့တယ်။ ဒါပေမယ့် ချန်ကေရှိတ်တို့ရဲ့ ကူမင်တန် တရုတ်ဖြူတွေနဲ့ မော်စီတုံးရဲ့ တပ်နီတော်အကြား ဖြစ်တဲ့ တရုတ်ပြည်တွင်းစစ်မှာ ကူမင်တန် တရုတ်ဖြူတွေ ရှုံးနိမ့်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်း သံလွင် အရှေ့ခြမ်းကနေ မြန်မာဘက်ထိ ကျူးကျော်လာလို့ ဗိုလ်ချုပ်ကျော်ဇော ဦးဆောင်ပြီး မောင်းထုတ်ခဲ့ရသေးတယ်။ နောက်တော့ ကုလသမဂ္ဂရဲ့ ၀င်ရောက်ဖျန်ဖြေ ကြီးကြပ်မှုအောက်မှာ သူတို့ရဲ့တပ်တွေကို ယိုးဒယားနိုင်ငံဘက်ကတဆင့် တိုင်ဝမ်ကျွန်းဘက် ဆုတ်ခွာခဲ့ပြီး နိုင်ငံတခုအဖြစ် ကြေညာခဲ့တာ။

ပထမတော့ ကူမင်တန်တွေက တပါတီစနစ်နဲ့ နှစ်ပေါင်း ၄၀ လောက် အုပ်ချုပ်နေတုန်းက သိပ်မတိုးတက်ခဲ့ဘူး။ ၁၉၈၀ ၀န်းကျင်ရောက်တော့မှ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး ပါတီစုံစနစ်နဲ့ သမ္မတကို တိုက်ရိုက်ရွေးချယ်တဲ့စနစ် ကျင့်သုံးလို့ တံခါးဖွင့်ပေးတော့မှ တဟုန်ထိုး တိုးတက်လာပြီး အာရှရဲ့ ကျားတကောင်ဘ၀ ရောက်ခဲ့တာပါ။

ကိုရီးယားကို လေ့လာရင်လည်း ဒုတိယကမ္ဘာစစ် မတိုင်ခင်ထိ ဂျပန်လက်အောက်မှာ ရှိနေခဲ့ရတယ်။ စစ်ကြီးဖြစ်ပွားပြီး ဂျပန်တွေ စစ်ရှုံးတော့ အမေရိကန်က တဘက်၊ ရုရှားနဲ့ တရုတ်က တဘက် ၀င်သိမ်းခဲ့တော့ ကိုရီးယားကျွန်းဆွယ်ဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားလို့ နိုင်ငံနှစ်နိုင်ငံအဖြစ် ကွဲထွက်သွားရတယ်။ ၁၉၅၀ ခုနှစ်မှာ မြောက်ကိုရီးယားက စတင်ကျူးကျော်ခဲ့လို့ ကိုရီးယားနှစ်နိုင်ငံစစ်ပွဲ ဖြစ်ပွားခဲ့ပြီး ၁၉၅၃ မှာ ပြီးဆုံးခဲ့ရတယ်။ နှစ်နိုင်ငံစလုံးဟာ စစ်အုပ်ချုပ်ရေးနဲ့ လျှောက်လှမ်းခဲ့ကြလို့ ဆင်းရဲတွင်းနက် မတိုးတက်ခဲ့ပေမယ့် တောင်ကိုရီးယားနိုင်ငံဟာ တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီး စစ်သံကွန်ညှပ်အောက်က လွတ်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ ပထမဆုံး ပါတီစုံရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ရာကနေ တဟုန်ထိုး တိုးတက်ခဲ့ပြီး အခုဆို ကမ္ဘာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံး၊ နိုင်ငံသားတဦးချင်းဆီရဲ့ ၀င်ငွေအများဆုံး တိုင်းပြည်တွေထဲမှာပါပြီး အာရှရဲ့ ကျားတကောင်ဘ၀ကို ထိုက်ထိုက်တန်တန်ရနေပြီ မဟုတ်လား။

ဟောင်ကောင်နဲ့ စင်ကာပူနိုင်ငံတွေ ပြန်ကြည့်ရင်လည်း အစပိုင်းခရီးတွေဟာ အလွန်ကြမ်းတမ်းခဲ့ကြတာပါ။ စင်ကာပူနိုင်ငံဆိုရင် သယံဇာတမပြောနဲ့ သောက်ရေတောင် မလုံမလောက်တဲ့ ရွှံ့တောညွန်တောကြီးက စခဲ့ရတာ။ ကမ္ဘာပေါ်မှာ စစ်တပ်က ဖိနှိပ်အုပ်ချုပ်ပြီး တံခါးပိတ်ထားတဲ့ တိုင်းပြည်ဆိုရင် ဘယ်တိုင်းပြည်မှ မကြီးပွားဘူး။ ကြိုက်တဲ့နိုင်ငံကို ကြည့်လိုက်ပါ။ တရုတ်နိုင်ငံတောင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ဖြစ်ပွားတဲ့ ဒီမိုကရေစီလှိုင်းကြီး ရိုက်ခတ်လို့ နိုးထလာကြပြီး တရုတ်ကျောင်းသားနဲ့ တရုတ်ပြည်သူတွေက ၁၉၈၉ ခုနှစ်မှာ တီယန်မင်ရင်ပြင်မှာ အကြီးအကျယ် ဆန္ဒပြခဲ့ကြတော့မှ တရုတ်ကွန်မြူနစ်ပါတီလည်း အိပ်မက်က လန့်နိုးခဲ့ကြတာ မဟုတ်လား။

အဲဒီနောက်မှ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်ရဲ့ အစီအမံနဲ့ တံခါးပိတ်ဝါဒကို အဆုံးသတ်ပြီး ကမ္ဘာနဲ့ ပြန်လည်ချိတ်ဆက်လို့ ဈေးကွက်စီးပွားရေးကို စဖွင့်ပေးပြီးတဲ့နောက် အရှိန်အဟုန်နဲ့ တိုးတက်ခဲ့လို့ နဂါးကြီး နိုးထခဲ့တာ မဟုတ်လား။ ကျနော်တို့နိုင်ငံက သူတို့ထက် ပိုပြီးစောပါရက်နဲ့ ၈၈ အာဏာသိမ်း စစ်အစိုးရနဲ့ စစ်အာဏာရှင်တွေ အတွေးအခေါ် ညံ့ဖျင်းတာရယ် ကိုယ်ကျိုးအကြည့်လွန်ပြီး လောဘဇောတိုက်ခဲ့ကြတာမို့ တိုင်းပြည်ဟာ ဒီလောက်ချွတ်ခြုံကျသွားခဲ့ရတာ။ နောက်ကျသွားခဲ့ရတာ။ အဲဒီတုန်းကသာ မြန်မာစစ်ခေါင်းဆောင်တွေက လက်နက်နဲ့ အကြမ်းဖက် မသတ်ဖြတ်ဘဲ ဒီမိုကရေစီ အတိုက်အခံတွေနဲ့ အားလုံး ပြေပြေလည်လည် တွေ့ဆုံပြီး ညှိနှိုင်းဆောင်ရွက်ခဲ့ရင် ကျနော်တို့နိုင်ငံဟာ တိုးတက်ပြီး အရှိန်အတော်ရနေလောက်ပြီ။ အခုတော့ နောက်ထပ် အနှစ် ၂၀ ကျော် ထပ်နောက်ကျခဲ့ရတာ တိုင်းပြည်အတွက် သိပ်နစ်နာခဲ့ရတယ်။

တောင်ကိုရီးယား၊ ဟောင်ကောင်၊ တိုင်ဝမ်နဲ့ စင်ကာပူနိုင်ငံတွေဟာ အုပ်ချုပ်ပုံစနစ် မှန်သွားပြီးတဲ့နောက် ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြုနိုင်ဖို့ သူတို့ရဲ့ ပထ၀ီဝင်အနေအထား အားသာချက်တွေဖြစ်တဲ့ ပင်လယ်ရေလမ်း၊ ဝေဟင်လမ်းတွေ အချက်အချာ ကျနေတာကို မိမိရရ အသုံးချခဲ့ကြတယ်။ ဈေးကွက်စီးပွားရေး အရှိန်အဟုန်နဲ့ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လှိုင်းကြီးတွေ စီးဖို့ ကမ္ဘာကျော် လေဆိပ်၊ ကုန်တင်ကုန်ချ ပင်လယ်ကူးသင်္ဘောဆိပ်ကြီးတွေ အပြိုင်အဆိုင် တည်ခဲ့ကြတာ။

စင်ကာပူဆိုရင် ချန်ဂီလေဆိပ်ကို နိုင်ငံတကာ အကောင်းဆုံးဝန်ဆောင်မှု လေဆိပ်ဖြစ်အောင် ငွေကြေးဘီလျံများစွာ သုံးစွဲပြီး ၁၀ နှစ်တောင် စံချိန်တင်ထားခဲ့တာ။ အိန္ဒိယသမုဒ္ဒရာနဲ့ တောင်တရုတ်ပင်လယ်ကို ချိတ်ဆက်ပေးထားတဲ့ မလက္ကာရေလက်ကြားရဲ့ အချက်အချာကျမှုကို အပြည့်အ၀ အသုံးချနိုင်ဖို့ ကမ္ဘာ့အဆင့်မီ ကုန်တင်ကုန်ချဆိပ်ကမ်းတွေ အမြောက်အမြားနဲ့ ပင်လယ်ကူးသင်္ဘောဆိပ်တွေ တည်ဆောက်ပြီး အခွန်အခတွေ ကောက်ပြီး ချမ်းသာလာတာ။

ကဲ အခု မြန်မာနိုင်ငံဘက် ပြန်ကြည့်ရအောင်။ အထက်မှာပြောခဲ့တဲ့ ကျားလေးကောင် ကျားမဖြစ်ခင် ဒုတိယကမ္ဘာစစ်မတိုင်ခင် ၁၉၃၀ ကျော်လောက်မှာကတည်းက ဗြိတိသျှ ကိုလိုနီလက်အောက်မှာကို မြန်မာက အာရှမှာ ကျားဖြစ်နေခဲ့တာ။ အဲ့ဒီတုန်းက ကမ္ဘာမှာ ဆန်တင်ပို့မှု၊ ကျွန်းသစ်နဲ့ ကျောက်မျက်ရတနာ တင်ပို့မှုဟာ ထိပ်တန်း နံပါတ်ဝမ်းအဆင့်မှာ ရှိနေခဲ့တာ။ ဒါပေမယ့်လည်း တိုင်းတပါးကျွန်ပြုခံထားရတော့ ရတဲ့အမြတ်အစွန်းတွေကို တိုင်းသူပြည်သားတွေ မခံစားရဘဲ ဗြိတိသျှဘုရင်မကြီးရဲ့ ဘဏ္ဍာတိုက်ထဲ ရောက်တော့တာပေါ့။  ကိုလိုနီနယ်ချဲ့တွေက တို့တိုင်းပြည်ကို ကုပ်သွေးစုပ်နေပေမယ့် သူတို့ ထိထိရောက်ရောက် ကုပ်သွေးစုပ်နိုင်အောင် မြန်မာနိုင်ငံကို လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်အောင် ပိုက်ဆံတွေ အများကြီး သုံးခဲ့ကြတာ။ ရန်ကုန်-မန္တလေးကို သံလမ်းပြိုင်နှစ်လမ်း၊ နာမည်ကျော် စစ်ကိုင်းတံတားနဲ့ ဂုတ်ထိပ်တံတားတွေဆိုတာ အင်္ဂလိပ်တွေ ဆောက်သွားခဲ့တာ။ ဒီလိုပြောတာ အင်္ဂလိပ်တွေ အုပ်ချုပ်တာ၊ တိုင်းတပါးရဲ့ ကျွန်ဖြစ်ရတာ ကျေနပ်လို့ပြောတာ မဟုတ်ဘူး။ ကိုလိုနီ နယ်ချဲ့တွေ အမြင်ကျယ်တာကို ပြောချင်တာ။

လွတ်လပ်ရေးရပြီးစတောင် အရင်ကရှိတဲ့ အရှိန်တွေနဲ့ ချမ်းသာနေသေးတယ်။ အရှေ့တောင်အာရှမှာ အကောင်းဆုံးလေဆိပ်က မင်္ဂလာဒုံလေဆိပ်ပါ။ ရန်ကုန်တက္ကသိုလ်ဟာ နာမည်ကျော်တက္ကသိုလ်ကြီး ဖြစ်ခဲ့တယ်။ အားကစားဆိုရင်လည်း ထိပ်ဆုံးက၊ စင်ကာပူ ခေါင်းဆောင် လီကွမ်ယူဆိုတာ တို့နိုင်ငံကို အလွန်အားကျနေတာ။ မြန်မာနိုင်ငံလို ချမ်းသာအောင်၊ တိုးတက်အောင်လုပ်မယ်ဆိုပြီး အတုယူခဲ့တာပါ။ ဒါတွေ ရေးပြနေတာဟာ တချိန်က ရွှေထီးဆောင်းခဲ့ရတာကို တမ်းတနေတာ မဟုတ်ဘူး။ တို့မြန်မာနိုင်ငံဟာ ကျားဖြစ်ခဲ့ပြီးခါမှ ကြွက်စုတ်ဘ၀ကို ဘာကြောင့်ရောက်သွားရတာလဲဆိုတာ ထင်ရှားစေချင်လို့၊ သမိုင်းသင်ခန်းစာ ယူစေချင်လို့ ပြောတာ။

မြန်မာနိုင်ငံကို ဆင်းရဲတွင်းထဲက မတက်နိုင်စေတဲ့ အရင်းခံ အကြောင်းတရားက ပြည်တွင်းစစ်ကြောင့်ပဲ ဖြစ်တယ်။ ပြည်တွင်းစစ်ဖြစ်ရခြင်း အကြောင်းက အာဏာကို မက်မောကြတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ မကြိုးစားကြဘဲ ဦးတဲ့လူက လက်နက်နဲ့ အကြမ်းဖက် ဖြေရှင်းခဲ့ကြတာကြောင့်ပဲ မဟုတ်လား။ နိုင်တဲ့သူက သမိုင်းအမှန်တွေ ဖုံးကွယ်၊ သမိုင်းအမှားတွေနဲ့ မျိုးဆက်သစ်တွေကို အဆိပ်ခတ်ခဲ့ကြတယ်လေ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရဖို့ဆိုတာ အဓိကလိုအပ်ချက်က စိတ်စေတနာရိုးသားဖို့ လိုတယ်။ ဖိနှိပ်အနိုင်ယူခဲ့တဲ့သူတွေကလည်း အတိတ်သမိုင်းမှာ ကိုယ်နဲ့ ကိုယ့်အစုအဖွဲ့ မှားခဲ့တာတွေ ၀န်ခံရမယ်၊ တောင်းပန်ရမယ်။ အဖိနှိပ်ခံ၊ အနိုင်ကျင့်ခံခဲ့ရသူတွေကလည်း နောက်မျိုးဆက်တွေအကျိုး၊ တိုင်းပြည်အကျိုး မျှော်ကိုးလို့ တဘက်က ရိုးရိုးသားသား ၀န်ချ တောင်းပန်လာခဲ့ရင် ခွင့်လွှတ်နိုင်ရမယ်။

မြန်မာနိုင်ငံဟာ ရှေ့ပိုင်းမှာ ပြောခဲ့တဲ့ အာရှကျားလေးကောင်ထက် ပထ၀ီဝင် အနေအထားအရ မဟာဗျူဟာမြောက် အချက်အချာကျတယ်။ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံနှစ်ခုကြားမှာ တည်ရှိတယ်။ ပင်လယ်ဆိပ်ကမ်းကောင်းတွေ၊ ကုန်တင်ကုန်ချဆိပ်တွေ အများကြီး ဆောက်နိုင်အောင် ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားတယ်။ တနင်္သာရီကမ်းမြောင်ကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာနဲ့ တောင်တရုတ်ပင်လယ်ကို ဖောက်ပြီး တူးမြောင်းနဲ့ ဆက်သွယ်လိုက်ရင် စင်ကာပူကတဆင့် မလက္ကာရေလက်ကြားကို ဖြတ်စရာ မလိုတော့တာမို့ ပင်လယ်ကူးသင်္ဘောတွေ သွားရတဲ့ကြာချိန် ၇ ရက်လောက် သက်သာသွားနိုင်တာမို့ စီးပွားဖြစ်မှာ အသေအချာပဲ။

တို့တိုင်းပြည်မှာ ရိုးကြီးသုံးရိုး၊ မြစ်ကြီးလေးစင်း၊ မျှတလှပတဲ့ ရာသီဥတုသုံးမျိုး၊ သဘာဝ သယံဇာတတွေနဲ့ ကြွယ်ဝနေတဲ့ တောတောင်၊ မြစ်ချောင်းအင်းအိုင်တွေအပြင် အဓိကအရင်းအမြစ် ဖြစ်တဲ့ မျိုးရိုးဗီဇမညံ့တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား သန်း ၅၀ ကျော်ရှိနေတဲ့ တိုင်းပြည်ဟာ ဘာကြောင့် မအောင်မြင်နိုင်ရမှာလဲ။ အုပ်ချုပ်ပုံစနစ်မှန်ပြီး အားလုံး ညီညီညာညာ ၀ိုင်းဝန်းကြမယ်ဆိုရင်  သေချာပေါက် ချမ်းသာအောင်လုပ်ဆောင်လို့ ရပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာကျားကြီးဟာ စစ်သံလှောင်အိမ်ထဲ ပိတ်မိနေရာက လွတ်လာခဲ့ပြီ။ နှစ်ပေါင်း ၅၀ ကျော် အိပ်ပျော်နေရာက နိုးထလို့ ရေသောက်ဆင်းလာနေပြီ။  နိုင်ငံအုပ်ချုပ်ပုံစနစ် ဒီထက် ပိုမှန်ကန်လာပြီး ပြည်တွင်းစစ်ကို အပြီးတိုင် ငြှိမ်းသတ်နိုင်မယ်၊ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင်မယ်ဆိုရင် မြန်မာကျားဟာ အာရှရဲ့အား ကိုးတောင်ကျားအဆင့်ကို မကြာမီ ရောက်ရှိလာမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံသားတိုင်း အတိတ်ကအမှားတွေ၊ မကျေလည်မှု၊ နာကြည်းချက်၊ အာဃာတ အမုန်းတရားနဲ့ မတူကွဲပြားမှုတွေကို အပြန်အလှန် လျှော့ချလို့ အနာဂတ်မျိုးဆက်သစ်တွေကို အမွေခံကောင်းတွေ ပေးနိုင်အောင်၊ သမိုင်းကောင်းတွေ ရေးကြပါလို့ အားလုံးကို မေတ္တာရပ်ခံ တိုက်တွန်းချင်ပါတယ်။

မင်းကောင်းချစ်

ဇွန်လ ၁၆ ရက် ၂၀၁၆ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013