
ပုဂံဘုရားတွေမှာရှိတဲ့ စွန့်ပစ် ပလတ်စတစ်တွေကို ပုဂံပလတ်စတစ်ကမ်ပိန်းက အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းမှုတွေ ပြုလုပ်နေပါတယ်။
ပုဂံ ညောင်ဦးဘုရား အနီးပတ်ဝန်းကျင်မှာရှိတဲ့ စွန့်ပစ်အမှိုက်တွေမှာ ပလတ်စတစ်တွေ များပြားလာတာတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတာတွေကြောင့် ပုဂံပလတ်စတစ် ကမ်ပိန်းကို ပြုလုပ်ရတာပါ။
အခုကမ်ပိန်းကို ဘုရားဖူးပြည်သူလူထု အနေနဲ့လည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်က ပြောပါတယ်။
“ကျနော်တို့ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ဖို့ လိုပါလိမ့်မယ်။ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နယ်မြေမှာဆိုရင် တဆက်တည်းမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အခြေအနေတွေ မြှင့်တင်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေကြတာ။ အဲဒီအခါကျတော့ ပတ်ဝန်းကျင်သန့်ရှင်းမှု ဆိုတာသည်ပင်လျှင် ကမ္ဘာလှည့် ခရီးသည်တွေအတွက် ဆွဲဆောင်မှုတရပ် ဖြစ်နေတယ်လို့ မြင်လာတယ်။ အဲဒီမှာ နယ်မြေဒေသ ဖွံ့ဖြိုးရေးအတွက်ပါ ဆက်စပ်သွားတယ်ပေါ့။
"အဓိကကတော့ ကိုယ်တွေက တကယ့်ယဉ်ကျေးမှု အမွေအနှစ်ဒေသ အလယ်တည့်တည့်မှာ ရောက်နေတယ်။ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံတွေရဲ့ကြားမှာ ရှိနေတယ်။ ကိုယ်လေးစားအပ်တဲ့ အဆောက်အအုံတွေဆိုတော့ အဲဒီအဆောက်အအုံတွေရဲ့ တင့်တယ်သပ်ရပ်မှုကို ကုသိုလ်ပြုတဲ့ သဘောလည်း သက်ရောက်တာပေါ့နော်။ ဒီပလတ်စတစ်အမှိုက်တွေ ဆိုတာက ရုပ်ဆိုးတော့ ဒါ ရှင်းကိုရှင်းရမှာပါ။ ဒါ ပြည်သူလူထု ပူးပေါင်းပါဝင်မှုဆိုတာ အင်မတန်မှ လိုအပ်ပါတယ်။”
ပုဂံ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လူအင်အား ၄၀ ကလည်း ဒီအမှိုက်သိမ်းဆည်းမှုမှာ ပါဝင်ပါတယ်။
ပုဂံ ညောင်ဦးဒေသမှာ ဘုရားဖူးဧည့်သည်များတဲ့အတွက် အမှိုက်ပုံရှင်းတာ၊ သန့်ရှင်းရေး ဆောင်ရွက်တာတွေကို မပြတ် ဆောင်ရွက်ပေးရတယ်လို့ ညောင်ဦးစည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောပါတယ်။
"အဲလိုဆောင်ရွက်ပေးခဲ့လို့လည်း ဒီ ပုဂံ ညောင်ဦးဒေသက သန့်ရှင်းရေးမှာ နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့်လို့ ကျနော်တို့ ဘုရားတွေကြားထဲမှာတော့ ဒါ သဘာဝပစ်ထားတဲ့ အမှိုက်ပုံတွေပေါ့နော်၊ ဒီအပုံတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ ဒါတွေကတော့ ကျနော်တို့ တပတ်တကြိမ် ပလတ်စတစ် ကမ်ပိန်းအဖွဲ့နဲ့ ပူးပေါင်းပြီးတော့မှ ဘုရားတွေကြား ရှင်းတဲ့ဟာကတော့ မပြတ် စနေနေ့တိုင်းမှာ ဆောင်ရွက်ပေးပါတယ်။”
ပုဂံပလတ်စတစ်ကင်းစင်ရေး လှုပ်ရှားမှုမှာ စားသောက်ကုန်လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်၊ ဧည့်လမ်းညွှန်၊ ဟိုတယ်လုပ်ငန်းရှင်တွေ စတဲ့ လူမှုရေးအသင်း အဖွဲ့အစည်းတွေ ပါဝင်ပူးပေါင်းပြီး ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် ဇွန်လကနေ ပုဂံပလတ်စတစ်ကင်းစင်ရေး လှုပ်ရှားမှု စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အပတ်စဉ် စနေနေ့တိုင်း မနက် ၆ နာရီကနေ ၈ နာရီကျော်အထိ သန့်ရှင်းမှုတွေ ပြုလုပ်ဆောင်ရွက်နေတာလည်း ၂ နှစ်ရှိပြီ ဖြစ်ပါတယ်။
သတင်း - သူသူအောင်











