DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာမြို့နယ် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ဘတ်ဂျက်ပံ့ပိုးမည်
DVB
·
June 21, 2016
လှိုင်သာယာမြို့နယ် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ဘတ်ဂျက်ပံ့ပိုးမည်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း ယာဉ်တိုက်မှုနှုန်း မြင့်မားတာတွေကို လျှော့ချနိုင်ဖို့ လိုအပ်နေတဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်တွေကို နောက်ဆက်တွဲ ဘတ်ဂျက်နဲ့ ပံ့ပိုးပေးသွားမယ်လို့ ဇွန်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ ရန်ကုန်မြို့တော်ဝန်က ဖြေကြားခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်အတွင်း လိုအပ်နေတဲ့ လူကူးမျဉ်းကြားတွေ၊ ယာဉ်ကြောသတ်မှတ်ချက်၊ လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ ကားမှတ်တိုင်တွေ ပြုလုပ်ပေးဖို့အတွက် လွှတ်တော်မှာ တင်ပြခဲ့မှုကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ၂၀၁၆ နောက်ဆက်တွဲ ထပ်တိုးဘတ်ဂျက်မှာ ပံ့ပိုးပေးမယ်လို့ ဖြေကြားခဲ့တာပါ။

“လှိုင်သာယာမြို့နယ်ဟာ တကယ်လည်း လူနေထူထပ်တဲ့ နေရာလည်း ဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်အတွင်းမှာ ယာဉ်မတော်တဆ လျော့ပါးစေရေးနဲ့ လမ်းအသုံးပြုသူများရဲ့ အန္တရာယ်ကင်းရှင်းစေရေးအတွက် လူကူးမျဉ်းကြားတွေ၊ ယာဉ်ကြောသတ်မှတ်ချက်တွေ၊ နောက် လမ်းလယ်မျဉ်းတွေ၊ မီးပွိုင့်တွေ၊ အရှိန်လျှော့ အချက်ပြမီးတွေ၊ လူကူးခုံးကျော်တံတားတွေ၊ အမိန့်ပေးလမ်းညွှန်တွေ၊ နောက် တားမြစ်ချက်နဲ့ ကန့်သတ်ချက်လမ်းညွှန်တွေ၊ အန္တရာယ်သတိပေးတဲ့ လမ်းညွှန်တွေ တာဝန်ရှိဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီးတော့ ကွင်းဆင်းစစ်ဆေးပြီး လာမယ့်ဘဏ္ဍာရေးနှစ် ဒါမှမဟုတ် ကျနော်တို့ နောက်ဆက်တွဲ ဘတ်ဂျက်မှာလည်း ထည့်သွင်းပြီးတော့ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်” လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်က ရန်ကုန်မြို့ရဲ့ လူဦးရေ ဆယ်ရာခိုင်နှုန်းကျော် နေထိုင်တဲ့ မြို့နယ်တခုဖြစ်ပြီး လူဦးရေထူထပ်လာတဲ့နောက်မှာ နှစ်စဉ် ယာဉ်တိုက်မှုနှုန်း မြင့်တက်နေတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။

“ရန်ကုန်-ညောင်တုန်းလမ်းမပေါ်ရှိ သစ်ထိုက်လမ်းဆုံ၊ ရန်ကုန်-ပုသိမ်လမ်းမပေါ်ရှိ ဗိုလ်ချုပ်ထိပ်လမ်းဆုံ၊ လှိုင်သာယာမြို့နယ်အတွင်းရှိ လမ်းမများနှင့် နီးစပ်သော စာသင်ကျောင်းများအနီးတွင် အရှိန်လျှော့ အချက်ပြမီးများ၊ ရန်ကုန်-ပုသိမ်လမ်းမပေါ်ရှိ ဗိုလ်ချုပ်ထိပ်လမ်းဆုံ၊ မီးခွက်ဈေး အောက်ထိပ်တို့တွင် လူကူးခုံးကျော်တံတားများ၊ ရန်ကုန်-ညောင်တုန်းလမ်း၊ ရန်ကုန်-ပုသိမ်လမ်း၊ အနော်ရထာလမ်းတို့တွင် ယာဉ်ကြောသတ်မှတ်ချက်၊ လမ်းလယ်မျဉ်းဖြူ၊ အမိန့်ပေးလမ်းညွှန်၊ တားမြစ်ချက်နှင့် ကန့်သတ်ချက် လမ်းညွှန်များ၊ အန္တရာယ်သတိပေး လမ်းညွှန်များနှင့် ခရီးသည်များ နားခိုရန်၊ လိုင်းကားများရပ်ရန် ကားမှတ်တိုင်များပြုလုပ်ရန် အထူးလိုအပ်လျက်ရှိတာကို တွေ့ရှိရပါတယ်” လို့ လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်-၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်အတွင်း ၂၀၁၃ ခုနှစ်မှာ ယာဉ်တိုက်မှု ၁၁၇ မှု၊ သေဆုံးသူ ၄၁ ဦး၊ ၂၀၁၄ ခုနှစ်မှာ ယာဉ်တိုက်မှု ၂၄၄ မှု၊ သေဆုံးသူ ၅၅ ဦးနဲ့ ၂၀၁၅ ခုနှစ်မှာ ယာဉ်တိုက်မှု ၁၉၄ မှု၊ သေဆုံးသူ ၅၀ ဦးအထိ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013