DVB Logo
Home
မြန်မာသတင်း
ကွန်ပျူတာတက္ကသိုလ်ကျောင်းသား ၁ ဦး ကျည်သင့်သေဆုံး
DVB
·
June 21, 2016
ကွန်ပျူတာတက္ကသိုလ်ကျောင်းသား ၁ ဦး ကျည်သင့်သေဆုံး
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနေ့ညက တပ်မတော်သား ၂ ဦးနဲ့ စကားအခြေအတင်ဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် မြို့ခံလူငယ်တဦး ကျည်သင့်သေဆုံးခဲ့ပါတယ်။

သေဆုံးသူလူငယ်ဟာ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင်ဖြစ်ပါတယ်။

တပ်မတော်သား ၂ ဦးက သီတာရပ်ကွက်အုပ်ချုပ်ရေးမှူးထံ လာရောက်ဝန်ခံခဲ့ကြောင်းနဲ့ အုပ်ချုပ်ရေးမှူးက ရဲစခန်းကို လာရောက်အပ်နှံတယ်လို့ မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းက တာဝန်ကျရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဗလမင်းထင်တံတားမှာ  တာဝန်ကျတဲ့ ထောက်ပို့ တပ်သားတွေဖြစ်တဲ့အတွက် သူတို့ကို လူသေမှုနဲ့ အမှုဖွင့်ထားပြီး တပ်ကို လွှဲပေးလိုက်တယ်လို့ သူက ပြောပါတယ်။

ရဲအရာရှိက “လောလောဆယ် ကျနော်တို့ဆီမှာ အမှုဖွင့်ထားတာပေါ့။ ပုဒ်မ ၃၀၄ နဲ့ ဖွင့်ထားပါတယ်။ လူသေမှုပေါ့။ ပစ်သတ်တဲ့သူကိုလည်း ဖမ်းဆီးရမိတယ်။ တပ်ကိုလွှဲထား ပါတယ်” လို့ ပြောပါတယ်။

အခင်းဖြစ်ပွားမှု၊ သေနတ်ကျည်ဆံထိမှန်မှုနဲ့ပတ်သက်လို့ ဖြစ်စဉ်အသေးစိတ်ကိုတော့ ရဲအရာရှိက ဖြေကြားခြင်းမပြုပါဘူး။

မြစ်ကြီးနားဒေသခံသတင်းထောက် ကိုထွယ်အောင်ကတော့  မောင်ဂွမ်ဆိုင်းအောင်ဟာ သီတာရပ်ကွက်မှာရှိတဲ့ အန်တီထွေး ကွမ်းယာဆိုင်ရှေ့မှာ သေဆုံးခဲ့တာလို့  ပြောပါတယ်။

“ မနေ့ည ၉ နာရီနဲ့ ၁၀ နာရီကြားမှာမှာ ဖြစ်တာ။ မြစ်ကြီးနား သီတာရပ်ကွက်ဖြစ်တာ။ မနေ့ညက ဗလမင်းထင်တံတားမှာ ပြသနာဖြစ်ပြီးတော့ သူတို့က ဆိုင်ကယ်နဲ့သူကိုပြန်လာတာ စစ်သားတွေက အနောက်ကနေ လိုက်လာတယ်လို့ပြောကြတယ်။ ကျနော်လည်း အတိအကျ မ မြင်တော့ မပြောရဲဘူး။ လူငယ်ရဲ့အလောင်းကိုတော့ မနေ့ညက အရေးပေါ်ဌာနမှာ ရဲတွေ အများကြီးနဲ့သယ်လာတယ်တဲ့၊ ကားပေါ်ကနေတောင်မချဘူးတဲ့။ မိနစ်အနည်းငယ်ပဲ ဆရာမ တွေနဲ့စကားပြောပြီး သူတို့ကိုယ်တိုင် ရင်ခွဲရုံမှာ သွားထားထားတယ်တဲ့။ ”

အုပ်ချုပ်ရေးပိုင်းက    လူငယ်ရဲ့အလောင်းကို မိသားစုကို တွေ့ခွင့်မပြုသေးလို့ မတွေ့ရသေး ဘူးလို့ သေဆုံးသူရဲ့ ဦးလေးက ဦးဇော်မြတ်က ပြောပါတယ်။

ဦးဇော်မြတ်က “မနေ့ညက ၁ နာရီ လောက်အထိ ကျနော်တို့လာစောင့်နေတာ သူတို့ကျနော်တို့ကို ပေးမကြည့်ဘူး။ ဒီမနက် ၉ နာရီမှာလာခဲ့ဆိုတော့ အခု ၉ နာရီလာတယ်။ တွေ့ခွင့်မရသေးဘူး။ ဘယ်လိုဖြစ်မှန်းတောင် မသိရသေးဘူး” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013