DVB Logo
Home
မြန်မာသတင်း
ရုံးချိန်းအလီလီချိန်းပြီး အမိန့်မချလို့ လယ်သိမ်းခံတောင်သူများနစ်နာ
DVB
·
June 20, 2016
ရုံးချိန်းအလီလီချိန်းပြီး အမိန့်မချလို့ လယ်သိမ်းခံတောင်သူများနစ်နာ
Donate to DVB

နေပြည်တော်ရှိ သံတမန်ဇုန်ဧရိယာအတွင်း ကျူးကျော်နေထိုင်တယ်လို့ဆိုပြီး တောင်သူနှစ်ဦးကို စည်ပင်ကျူးကျော်ပုဒ်မနဲ့ တရားစွဲလာခဲ့တာ ရုံးချိန်းပေါင်း ၃၀ ကျော်တဲ့တိုင် အမိန့်မချသေးဘဲ ဇမ္ဘူသီရိမြို့နယ် စည်ပင်သာယာတရားရုံးက ထပ်ကာတလဲလဲရုံးချိန်းနေပါတယ်။

ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့ မှာလည်း အပြီးသတ်အမိန့်ချမယ်ဆိုပြီး အမိန့်မချသေးဘဲ ဇူလိုင်လ ၄ ရက်နေ့ကို ထပ်မံ ရုံးချိန်းလိုက်တာဖြစ်ပါတယ်။

နှစ်ပေါင်း ၄၀ ကျော် နေထိုင်လုပ်ကိုင်လာတဲ့ လယ်ယာမြေဧက ၃၀ ကျော်ကို အစိုးရက သိမ်းဆည်းပြီး ၁၅ ဧကကိုသာ လျော်ကြေးပေးခဲ့ကြောင်းနဲ့ လျော်ကြေးမရတဲ့မြေပေါ်မှာ နေထိုင်တာကို စည်ပင်ကျူးကျော်ပုဒ်မ ၂၆ နဲ့ တရားစွဲခံရတာလို့ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းအုပ်စု၊ မဲဒီကျေးရွာနေ ဦးကျော်မင်း က ပြောပါတယ်။

ရုံးချိန်းအလီလီချိန်းဆိုပြီး အမိန့်မချမှတ်တာကြောင့် ကုန်ကျစရိတ်များပြားမှု၊ အလုပ်ပျက်မှုတွေ အလီလီကြုံနေရလို့ ထိခိုက်နစ်နာတယ်လို့ ဦးကျော်မင်းက ပြောပါတယ်။

ဦးကျော်မင်းက “အားလုံးပေါင်း ရုံးချိန်း ၃၂ ချိန်းရှိသွားပြီ။ အမိန့်ချမယ်ဆိုပြီး ချိန်းတာ ဒီနေ့ရုံးချိန်းရောဆို ၈ ချိန်းရှိပြီ။ ဒီနေ့လည်း မစိစစ်ရသေးလို့ဆိုပြီး နောက်လ ၄ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။ ရုံးချိန်းတစ်ချိန်းသွားရရင် ကုန်ကျစရိတ်က များတယ်။ ဒုက္ခလည်း များတယ်။ အလုပ်တွေကလည်း ပျက်တော့ မြန်မြန်ပြီးချင်တယ်။ ထောင်ချမှာဖြင့် ချ၊ လွှတ်မှာဖြင့် လွှတ်”လို့ ပြောပါတယ်။

အလားတူ တောင်သူဦးဘိုဝင်းအနေနဲ့လည်း သံတမန်ဇုန်စီမံကိန်းအတွက် လယ်ယာမြေဧက ၂၂ ဧက သိမ်း ဆည်းခံခဲ့ရပေမယ့် လျော်ကြေးငွေတစ်စုံတစ်ရာမရဘဲ စည်ပင်ကျုးကျော်ပုဒ်မ ၂၆ နဲ့ တရားစွဲခံရသလို ရုံးချိန်း ပေါင်း ၂၀ ကျော်ပြီး အမိန့်ချမယ်ဆိုပြီး ချိန်းတဲ့ ရုံးချိန်း ၉ ချိန်းရှိပြီလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013