DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးငယ်တဦးထံမှ ရွှေလက်စွပ်လုယူသွားသူကို ဖမ်းမိပြီ
DVB
·
June 19, 2016
အမျိုးသမီးငယ်တဦးထံမှ ရွှေလက်စွပ်လုယူသွားသူကို ဖမ်းမိပြီ
Donate to DVB

ကျောက်တော်မြို့နယ်မှာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တဦးအား အမည်မသိဆေးတမျိုးသုံးပြီး ပါးစပ်ကိုလက်နဲ့ပိတ်ကာ ရွှေလက်စွပ်လုယူသွားသူကို ဇွန် ၁၈ ရက်နေ့ ညနေပိုင်းက ဖမ်းမိခဲ့ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့သူ အသက် ၂၅ နှစ်အရွယ် ဇော်ဖီယာဟာ ၂ ရက်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးတွေ ကူညီဆောင်ရွက်ပေးခဲ့တာကြောင့် ဖမ်းဆီးနိုင်ခဲ့တယ်လို့ အပေါက်ဝရဲစခန်း ရဲအုပ်ဌေးဇော်က ဒီဗွီဘီကို ပြောပါတယ်။

’’ဒီတရားခံဖမ်းဆီရမိဖို့ တလျှောက်စုံစမ်းခဲ့ပါတယ်။ တရားခံနဲ့နီးစပ်တဲ့သူတွေ၊ သူတို့မိသားစု အိမ်တွေကို အကုန်လိုက်ရှာတာပေါ့လေ။ နောက်ဆုံး ပိုက်သည် မွတ်စလင်ကျေးရွာကို သွားတယ်ဆိုပြီး သတင်းရတယ်ပေါ့လေ။ အဲ့ဒီရွာရဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး လိုက်ရှာတယ်။ မနေ့က ညနေ ၄း၅၀ လောက်မှာ အဲ့ဒီပိုက်သည် မွတ်စလင်ကျေးရွာဘေးနားက ရေကန်ထဲမှာ ဆင်းပြီးတော့ ပုန်းနေတယ်။ ထွက်ပြေးဖို့ နေရာမရှိတော့ဘူး။ အဲ့ဒီမှာ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေ အာလုံးဝိုင်ပြီးတော့ ဖမ်းဆီးလိုက်ပါတယ်။”

ဖမ်းဆီးရမိတဲ့ တရားခံဇော်ဖီယာကို ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးတဲ့အခါ အဲဒီအချိန်က ဆေးတစ်မျိုးအနံ့ရတာဟာ သူ့လက်မှာ ထင်းခုတ်လို့ရတဲ့ ဒဏ်ရာအနည်းငယ်ကို ထွန်းရွှေဝါလိမ်းဆေး လိမ်းထားတာဖြစ်ကြောင်း၊ အမျိုးသမီးကို ပါးစပ်ပိတ် မြစ်ကမ်းနားဘက် ခေါ်သွားခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လုယူသွားတဲ့ လက်စွပ်ကတော့ လမ်းမှာပြေးရင်း ရထားလမ်းနားမှာ ကျကျန်ခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်း  ရဲအုပ်ဌေးဇော်က ပြောပါတယ်။

“ရွှေလက်စွပ်ကိုတော့ တရားခံဆီက မရဘူး။ လမ်းမှာပျောက်ကျကျန်ခဲ့တယ်လို့ပြောတယ်။ ကလေးမကိုယ်တိုင်ကလည်း အသရေဖျက်မှု မဟုတ်ဘူးလို့ ပြောထားပါတယ်။ လက်စွပ်ကို လုယူထွက်ပြေးသွားတယ်ပေါ့လေ။ ဆိုတော့ အခုတရားခံကိုလည်း အမှုစစ်ဆေးခဲ့ပါပြီ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ လုယက်မှုနဲ့ အမှုဖွင့်ထားပါတယ်။ အခုကျောက်တော် ရဲစခန်းမှာ ဖမ်းဆီးထားတယ်။”

အခင်းဖြစ်ပွားပုံမှာ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့က အပေါက်ဝကျေးရွာ ရန်တား ရပ်ကွက်သစ်မှာ နေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် နေအိမ်အနောက်ဘက် အိမ်သာအတက်ပြီးအပြန်မှာ အသင့်စောင့်တေဲ့ ဇော်ဖီယာက ကိုက် ၂၅၀ လောက်အကွာ မြစ်ကမ်းနားဘက်ကို ပါးစပ်ပိတ်ခေါ်ဆောင်သွားပြီး ရွှေလက်စွပ်လုယူခဲ့တာဖြစ်ပါတယ်။

အဲဒီအဖြစ်ပျက်ကို အနီးမှာ ထင်းခုတ်နေတဲ့ အမျိုးသမီးတဦးက အမျိုးသမီးငယ်ရဲ့ အော်ဟစ်သံကြားလို့ သွားရောက်ကူညီပေးရာကနေ ဇော်ဖီယာဟာ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားပြီး အမျိုးသမီးငယ်နဲ့ မိဘတွေက ရဲစခန်းကို လာရောက်ပြီးနောက် အမျိုးသားတဦးက ဆေးတမျိုးသုံးပြီး ရွှေလက်စွပ်လုယက်ခဲ့ကြောင်း တိုင်ကြားခဲ့လို့ ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းရှာဖွေခဲ့ပြီး နှစ်ရက်အကြာမှ အခုလို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

သတင်း-ဝဏ္ဏခွာညို။ ဓာတ်ပုံ - ကျော်လှမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013