
ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ ဒီကေဘီအေနဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ(ကေအန်ယူ၊ ကေအန်အယ်လ်အေ)တပ်ဖွဲ့ ၃ ဖွဲ့ကို ပြန်လည်ပေါင်းစည်းဖို့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ဒေသခံတွေက တောင်းဆို လိုက်ပါတယ်။
မနေ့ဇွန်လ ၁၆ ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၂ ရွာက ရွာသူရွာသား ၁ထောင်လောက် စုစည်းပြီး ကရင်တပ်ဖွဲ့တွေ ပြန်လည်ပေါင်းစည်ရေး အတွက်ကို ကော့ကရိတ်မြို့နယ် အံဖကြီးကျေးရွာမှာ ပြည်သူ့ဆန္ဒခံယူပွဲတခု လုပ်ဆောင် တောင်းဆိုခဲ့တာပါ။
ဒီပွဲကို တက်ရောက်ခဲ့တဲ့ ရွာသား ဦးအောင်သောင်းက “ကျနော်တို့အနေနဲ့ကတော့ ဒီလက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့ကို တဖွဲ့ထဲပဲ တစုစည်းထဲ နေထိုင်စေချင်တယ်။ တချိန်က ၃ ယောက်ခေါ်ရင် ၃ လမ်းသွားရတယ်။ ဒီနေ့မှာ တလမ်းထဲ သွားနိုင်ဖို့အရေး ကျနော်တို့ ဒါတွေကို လိုအပ်နေပါတယ်။ ဒီ ၃ ဖွဲ့ပေါင်းစည်းမှ သာလျှင်ကျနော်တို့ ပြည်သူတွေအနေနဲ့ စိတ်အေး ချမ်းသာမယ်။ ပြည်သူတွေရဲ့ ဘ၀လမ်းခရီး တလျှောက်လည်း သက်သာချောင်ချိတွေ ဖြစ်လာမယ်”လို့ပြောပါတယ်။
အံဖကြီးကျေးရွာအုပ်စု အတွင်းရေးမှူး နန်းအေးအောင်ကလည်း ဒီကရင်လက်နက်ကိုင် ၃ ဖွဲ့ ပေါင်းစည်းမှ သာ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေးတွေ ဖွံ့ဖြိုးလာမယ်လို့ ပြောပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ သူတို့ ကရင်လူမျိုးပဲလေ။ ကရင်လူမျိုး ကွဲပြားနေတာကို မိခင်ကေအန်ယူနယ်မြေမှာ နေကြတဲ့လူထုတွေက နိုင်ငံတော်က ငြိမ်းချမ်း ရေးပေးလိုက်ပေမယ့် ကျမတို့က စိတ်ချမ်းသာမှု မရဘူးလေနော်။ ဘာဖြစ်လို့လဲဆိုတော့ ကရင်တွေက တစည်းတလုံး မဖြစ်တဲ့အတွက်ကြောင့် ကျမတို့ အဘက်ဘက်မှာ ပြန်ကြည့်လိုက်မယ်ဆိုရင် အားလုံးနှောင့်နှေး ခဲ့တယ်ပေါ့နော်။ အဓိက ပညာရေး၊ ကျန်းမာရေး ပြီးတော့ စီးပွားရေး အဲဒီ ၃ ခုဟာ နှောင့်နှေးကျန်ရစ်ခဲ့တယ်။ ဘာဖြစ်လို့နှောင့်နှေး ကျန်ရစ်ခဲ့လဲဆိုတော့ ကျမတို့ ကရင်လူမျိုးတွေ မစည်းရုံးတဲ့အတွက်၊ မညီညွှတ်တဲ့အတွက် ဒါကြောင့်မို့ ကျမက စည်းစည်းရုံးရုံး ညီညီညွှတ်ညွှတ် လက်တွဲသွားပါလို့ ကျမက ပြည်သူလူထုကိုယ်စား ကျမက တောင်းဆိုချင်ပါတယ်။”
ပြီးခဲ့တဲ့ ၁၅ ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက်မှာတော့ ကရင်လက်နက်ကိုင်တွေ ပြန်လည်ပေါင်းစည်းရေး ကော်မတီဖွဲ့စည်းထားပြီး ပေါင်းစည်းနိုင်ရေး လုပ်ဆောင်မှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်မှုတွေ ရှိနေပေမယ့် လက်တွေ့ပြန်လည်ပေါင်းစည်းနိုင်ခြင်း မရှိသေးပါဘူး။
ကေအန်ယူရဲ့ ပြည်ထဲရေးနဲ့ သာသနာရေးဌာန တာဝန်ခံ ပဒိုစောအားတိုးကတော့ ကရင်လက်နက်ကိုင် အဖွဲ့တွေ ပြန်လည်ပေါင်းစည်းဖို့ ကေအန်ယူက ကြိုစားဆောင်ရွက်နေပြီး သေချာညှိနှိုင်းဖို့ အချိန်ယူရဦးမယ်လို့ ပြောပါတယ်။
“ကျနော်တို့ အခုလက်ရှိ တဖွဲ့ထဲဖြစ်ဖို့ စည်းစည်းလုံးလုံးနေဖို့ စကားပြောညှိနှိုင်းနေတယ်။ ကျနော်တို့လည်း ကြိုးစားနေပါတယ်။ အခက်အခဲတွေကတော့ အားလုံးတွေ့ဆုံပြီး သေချာဆွေးနွေးညှိနှိုင်းဖို့လိုပါတယ်။ ကျနော်တို့ ကေအန်ယူရော၊ ဒီကေဘီအေရော၊ ငြိမ်းချမ်းရေးကောင်စီရော အားလုံးက စောဘဦးကြီးမူ အပေါ်မှာပဲရပ်တည်ကြတယ်။ ဆိုတော့ တဖွဲ့ထဲပြန်ဖြစ်ဖို့ လုပ်ဆောင်နေပါတယ်။ အချိန်ကတော့ အတိအကျပြောလို့မရသေးဘူး။ ကျနော်တို့အားလုံးရဲ့ သဘောထားပေါ်ပဲမူတည်ပါတယ်။”
၁၉၉၄ ခုနှစ်က ကေအန်ယူအဖွဲ့ကနေ ဒီကေဘီအေက ခွဲထွက်ခဲ့ပြီး၊ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ(ကေအန်ယူ၊ ကေအန်အယ်လ်အေ)ကတော့ ကေအန်ယူ ကနေ ၂၀၀၇ ခုနှစ်ဆန်းပိုင်းမှာ ခွဲထွက်ခဲ့တာ ဖြစ်ပါတယ်။











