DVB Logo
Home
Lead Story
အနုပညာ (သို့) ပြားချပ်နေသော ကမ္ဘာကြီး
DVB
·
June 17, 2016
အနုပညာ (သို့) ပြားချပ်နေသော ကမ္ဘာကြီး
Donate to DVB

မနေ့ညကပဲ အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုပါတဲ့စာအတိုလေး ရေးဖြစ်တယ်။ ကနေ့မနက်မှာ အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၅ဝဝ က မဟုတ်၊ နှစ်ပေါင်း ၈ဝဝဝ ကတည်းက ထွန်းကားခဲ့ တယ်ဆိုတဲ့ သတင်းကို ဖတ်ရတယ်။ ဒိအရင်မှာ ကွန်မင့်တခုလည်းလာတယ်။ အိန္ဒုမြစ်ကျဉ်း၊ စစ်တလင်းမှာ၊ ချစ်ရင်းနစ်ရ၊ မင်းဒဿလို၊ ကိုယ်ကဆိုရင်၊့ ငိုမှာလား၊ ရယ်မှာလားတဲ့။ အဲတာနဲ့ ကျွန်တော် အိန္ဒုမြစ်နား အလည်သွားပါတယ်။

အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုကြီးဟာ ကြေးခေတ်မှာပေါ်ထွန်းခဲ့ပြီး၊ ကနေ့ ပါကစ္စတန်၊ အိန္ဒိယနဲ့ အာဖကန် နစ္စတန်ဒေသတွေမှာ ထွန်းကားခဲ့တာပါ။ နိုင်းလ်မြစ်၊ မက်ဆိုပိုတေးမီးယားနဲ့ မြစ်ဝါမြစ်ခေါ်တဲ့ ယဉ်ကျေးမှုကြီးတွေလည်း ထွန်းကားခဲ့ပါတယ်။ မက်ဆိုပိုတေးမီးယားဆိုတာ ကနေ့ကာလ အီရတ်၊ ဆီးရီးယား၊ ကူဝိတ်၊ တူရကီ-ဆီးရီးယား နယ်စပ်နဲ့ အီရန်-အီရတ် နယ်စပ်ဒေသတွေမှာဖြစ်ပါတယ်။ မက်ဆိုပိုတေးမီးယားထဲမှာ ဆူးမားနဲ့ အခါဒီယန်၊ ဘက်ဘီလိုနီယန်နဲ့ အဆီးရီးယား အင်ပါယာတွေ ပါဝင်ကြပါတယ်။ ဒီစာမှာ ယဉ်ကျေးမှုကြီးတွေ အကြောင်းက ဒီလောက်ပါ။

အိန္ဒုမြစ်ကျဉ်း၊ စစ်တလင်းဆိုတာနဲ့ အိန္ဒုမြစ်ရဲ့ ပထဝီသာမက ရာမစစ်တိုက်တဲ့နေရာကိုပါ ရှာမိတယ်။ သီရိလင်္ကာမှာပါ။ မောရိယဘုရင်စစ်ပွဲကို ပြန်လှန်ရတယ်။ အာသောကမင်းတရားရဲ့ ကာလိင်္ဂစစ်ပွဲကြီးက အိန္ဒိယနိုင်ငံ အရှေ့တောင်ဖက်မှာ ရှိတဲ့ သြရိသပြည်နယ်မှာဖြစ်တာပါ။ ဖတ်ကောင်းလှတဲ့စာကို ဆက်စပ်ပြီးနားမလည်တာ အမှန်ပါ။

စာတွေမှာ ရသပါမှ တန်းဝင်တယ်လို့ သတ်မှတ်ကြတယ်။ ရသဆိုတာ စိတ်ခံစားမှု အမျိုးမျိုးကို ဖြစ်စေတာပါ။ လူဆိုတာ စိတ်ခံစားမှုကိုယ်စီရှိကြတယ်။ စိတ်ခံစားမှုတွေကို ပိုသထက်ပိုစေ၊ ကဲသထက်ကဲစေအောင် ဖန်တီးတာကို ရသတဲ့။ အဲလိုဖြစ်အာင်ရေးဖွဲ့သူတွေက နာမည်ရကြ တယ်။ အပြောအဟောကောင်းရင် ဖိတ်ကြားခံရတယ်။ အနုပညာတွေမှန်သမျှ အဲလိုချည်းသာ ဖြစ်ပါတယ်။ ဘာသာတရားကတော့ အဲတာတွေကို ထိန်းချုပ်နိုင်အောင် သွန်သင်ပေးတယ်။ ကျင့်ကြံစေတယ်။ အတွေးအခေါ်ထဲမှာ စစ်ဖြစ်ကုန်တယ်။

ကျွန်တော်ငယ်စဉ်ကတည်း ရသမြောက်တဲ့စာတွေ၊ ကဗျာတွေ၊ တေးဂီတတွေနဲ့ ကြီးပြင်းလာခဲ့ပါ တယ်။ သင်ယူရတာက ဆေးပညာသိပ္ပံ၊ လုပ်ရပြန်တော့နိုင်ငံရေးပါ။ ဝါသနာပါသေးတာကသုတ။ အဲဒီမှာ ဝိရောဓိတွေက ရှိရှိလာတော့တယ်။ ဆေးပညာမှာ အထောက်အထားပါရတယ်။ သုတမှာ လည်း အကိုးအကားတွေလိုတယ်။ စိတ်ကူးစိတ်သန်းနဲ့ ပြောတာတွေ ရေးတာတွေကို (ဟိုက်ပိုသီးဆစ်) လို့သတ်မှတ်ပြီး၊ သုတေသနတန်းမဝင်ပါ။

ဘာသာတရားစာနဲ့ သမိုင်းဘာသာရပ်တွေမှာ ရသတွေပါလာရင် တမျိုးတမည် ဖြစ်ကုန်တော့ တယ်။ မူရင်းအစစ်အမှန်နဲ့ သွေဖည်လာတယ်။ အဖွဲ့အနွှဲ့တွေ ကောင်းလေလေ အချက်အလက်မှန် နဲ့ ဝေးကွာလေလေ၊ သစ္စာတရားနဲ့လွတ်လေလေ၊ ဓမ္မနဲ့ကင်းလေလေ ဖြစ်တတ်တယ်။ ကိုယ့်ဘုရင် အကြောင်းကို ရေးဖွဲ့ကြတာမျိုးတွေ။ နိုင်ငံရေးခေါင်းဆောင်ရဲ့ ဘဝဇာတ်ကြောင်းတွေကို ဖွဲ့နွှဲ့ ပြတာမျိုးတွေ၊ ဟောပြောချက်တွေနဲ့ အဘိဓမ္မာမှာ အပိုအဆာတွေကိုပါ ရောထည့်ကြတယ်။ ဒီစစ်ပွဲက ပိုပြင်းထန်ပါတယ်။

တခါတခါ မြန်မာဘာသာပြန်ရာမှာ မူရင်းနဲ့မရင်းနှီးသူတချို့က အသံထွက်နဲ့ လွဲတတ်ကြတာ သတိထားမိတယ်။ ဥပမာ (ဘန်ဂလို) ကို (ဘင်္ဂလား) လို့ပြန်တယ်။ (အူတရာ) ကို (ယူတရာ) လို့၊ ဘုန်းကြီးတွေကတော့ ပါဠိသံနဲ့ (ဥတ္တရ) လို့ ထွက်ကြတယ်။

အင်္ဂလိပ်လိုစာတွေကိုပါ သဘောမတွေ့တာမျိုး တွေ့ရတတ်တယ်။ ဥပမာ ကမ္ဘာကြီးပြားပြီစာအုပ်။ (ဖလက်တ်)ကို ဘာသာပြန်တာ ဒီစာလုံးထက်သင့်တော်တာမတွေ့ပါ။ ဒါပေမယ့် စာအုပ်ကို မဖတ်သေးရင် ကမ္ဘာကြီးသည် လိမ္မော်သီးကဲ့သို့ လုံးဝန်းသောသဏ္ဌာန်ရှိသည်ဆိုတဲ့ ပထဝီက မှားသွားပြီလား စဉ်းစားမိကြမယ်။ စာရေးဆရာ (သောမတ်စ် ဖရိဒ်မင်း) က စီးပွားရေးလုပ်ရမှာ နေရာတကာ တပြေးညီဖြစ်သွားပြီ၊ ဈေးကွက်တခုတည်းသာဖြစ်သွားပြီလို့ ပြောချင်တာပါ။

ငယ်စဉ်က ဗော်လကာမြစ်ရေ နီတွေတွေလို့ဖတ်ရတော့ တကယ်ပဲ မြစ်ရေနီနေသလား တွေးမိ တယ်။ ကွန်မြူနစ်စနစ် လွှမ်းမိုးရာ ဆီုဗီယက်ယူနီယံမှာရှိလို့ တင်စားတာပါ။ သာယာနာပျော်ဖွယ် ဖြစ်အောင်၊ ကာရံကိုက်အောင်စာဖွဲ့ကြ၊ ကဗျာဖွဲ့ကြတာတွေကို ကျွန်တော်က ရန်ဖြစ်ချင်လာတယ်။ စိတ်ကူးယဉ်ကမ္ဘာကြီးက ပြားချပ်နေတယ်။ အနှစ်အစစ်မဲ့နေတယ်။

ကျွန်တော့်ကို ရသတွေရော သုတတွေပါပေးခဲ့ကြကုန်သော စာရေးဆရာတွေ၊ ကဗျာဆရာတွေ ကျေးဇူးတော့ မမေ့ပါ။

ဒေါက်တာတင့်ဆွေ
၁၄-၆-၂ဝ၁၆

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013