DVB Logo
Home
မြန်မာသတင်း
နိုင်ငံမဲ့သူများ အခွင့်အရေး ထိုင်းတွင် တောင်းဆို
DVB
·
June 16, 2016
နိုင်ငံမဲ့သူများ အခွင့်အရေး ထိုင်းတွင် တောင်းဆို
1 / 3
Donate to DVB

ထိုင်းနိုင်ငံထဲမှာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံမဲ့ဘ၀ ရောက်နေရသူတွေအတွက် ခံစားခွင့် ရရှိရေး လူထုအခြေပြုအဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း  ၃၀ ကျော် စုပေါင်းပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို သွားရောက်တောင်းဆိုခဲ့ကြပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးက ထိုင်းအိမ်နီးချင်းနိုင်ငံမှ ပဋိပက္ခကြောင့် နယ်စပ်က တဆင့် ထွက်ပြေးတိမ်းရှောင်လာသူများရဲ့ သားသမီးတွေ၊  ဝေးလံခေါင်ဖျားဒေသ တောင်ပေါ် တိုင်းရင်းသားတွေ၊ ထိုင်းနိုင်ငံမှာ မွေးဖွားပြီး ထိုင်းမှတ်ပုံမရရှိသေးတဲ့လူတွေအတွက် တောင်းဆိုခဲ့ကြတာပါ။ အဓိကအားဖြင့် နိုင်ငံသား အခွင့်အရေး၊ အလုပ်အကိုင်အခွင့် အရေး၊ ခရီးသွားလာခွင့် အခွင့်အရေးတွေရဖို့ ဘန်ကောက်ရှိ ၀န်ကြီးဌာနတွေဆီ ဇွန်လ ၁၄ ရက် နဲ့ ၁၅ ရက်နေ့တွေမှာ သွားတောင်းဆိုခဲ့ကြတယ်လို့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ကိုယ်စားလှယ် နန်းမွေဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က ဒီမှာမွေးပြီး ဒီမှာကြီးတော့ သူတို့မိဘတွေရဲ့ မူရင်းနိုင်ငံပြန် လို့မရဘူးလေ၊ သူတို့ မိဘတွေကလည်း စစ်ဘေးရှောင်တွေ၊ အတင်းအကြပ်ရွှေ့ပြောင်းခံရတာတွေဆိုတော့ ရွာ ပျောက်ကုန်ပြီ။ သူတို့က ဒီနိုင်ငံသားလဲမဟုတ်၊ ဟိုနိုင်ငံသားလဲ မဟုတ်၊ ကြားထဲက နိုင်ငံမဲ့ နေတာ၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်က ထိုင်းမှာမွေးပြီး ထိုင်းကျောင်းမှာဘွဲ့တွေ ဘာတွေရလာ ပေမယ့် နေထိုင်ခွင့်လက်မှတ်မှာက ထိုင်းမှတ်ပုံတင်မရှိသူများ၊ နိုင်ငံမဲ့သူများ အဆင့်ပဲရှိ သေးတော့ သူတို့ရဲ့ အရည်အချင်းနဲ့ကိုက်ညီတဲ့ အလုပ်အကိုင်တွေ လုပ်ခွင့်မရဘူး။ အစိုးရက သူတို့ကို ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဥပဒေနဲ့ ဘောင်ခတ်ထားတုန်းဘဲ၊  ဥပဒေမှာ အလုပ်ကြမ်းသမား၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊  ဈေးရောင်း အကူအဲဒါတွေဘဲ လုပ်ခွင့်ရှိတယ်၊ တောင်ပေါ်သား ကတ်လည်း ၂၇ မျိုးဘဲလုပ်ခွင့် ရတယ်။ ပညာတတ်နဲ့ ထိုက်တန်တဲ့နေရာမှာ ၀င်လုပ်လို့ မရဘူး။  လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကျောင်းသားတွေကိုထုတ်ပေးခဲ့တဲ့ နိုင်ငံမဲ့သူများ ကတ်နဲ့ပတ်သက်ပြီးတော့လည်း ဘာဆက်လုပ်မလဲဆိုတာ ဘာနည်းဥပဒေမှ မရှိဘူး။ အဲဒီကတ် ဆယ်နှစ်ခံလို့ ရေးထားတယ်။ အခုဆယ့်တစ်နှစ်ရှိပြီ၊ ဘတ်သက်တမ်း ကုန်ပြီ၊ ဘယ်လို အခြေအနေနဲ့ ဆက်နေရမလဲ။”

ဒါ့အပြင် နိုင်ငံမဲ့သူများ မှတ်ပုံတင်ကိုင်ထားသူတွေဟာ ခရီးသွားလာရေးမှာလည်း ကန့်သတ်ခံ ထားရပြီး နှစ်ပေါင်းရှည်ကြာ ပြင်ပဧရိယာထွက်ခွာခွင့်လက်မှတ်တွေ လုပ်နေရဆဲဖြစ်တဲ့အတွက် အဲဒီစည်းကမ်းဥပဒေတွေ ဖြေလျော့ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိသူတွေမှာလည်း နိုင်ငံသားဖြစ်ခွင့် လျှောက်ထားပေမယ့် လုပ်ငန်းစဉ်တွေ နှစ်နဲ့ချီကြာနေတာကြောင့် အမြန်စိစစ်ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထား တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အခုလို နိုင်ငံမဲ့ဖြစ်နေရတဲ့ လူဦးရေပေါင်း ၈ သိန်းခန့်ရှိမယ်လို့ သူတို့အဖွဲ့အစည်း တွေက ခန့်မှန်းထားပြီး အများစုမှာ ချင်းမိုင်၊ ချင်းရိုင်း၊ တာ့ခ်၊ မယ်ဟောင်ဆောင်၊  ကန်ကျနပူရီ၊ ရာ့ခ်ျပူရီ စတဲ့ ခရိုင်တွေကဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းမိုင်နဲ့ မယ်ဟောင်ဆောင် ခရိုင်အခြေစိုက် လူမှုအခြေပြုအဖွဲ့အစည်းပေါင်း ၃၂ ဖွဲ့က ကိုယ်စား လှယ်တွေဟာ ဇွန်လ ၁၃ ရက်နေ့က ချင်းမိုင်မှာ လာရောက်တွေ့ဆုံဆွေးနွေးအပြီး ၁၄ နဲ့ ၁၅ ရက်နေ့တွေမှာတော့ ဘန်ကောက်မှာရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ၀န်ကြီးများရုံး၊ အစိုးရ အိမ်တော်၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းအမျိုးသားလူ့အခွင့် အရေးကော်မရှင်ရုံးတွေဆီ သွားရောက်ပြီး အချက် ၁၄ ချက်ပါ တောင်းဆိုစာကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

သွားရောက်ခဲ့တဲ့ ဌာနတွေထဲမှာ အလုပ်သမားဝန်ကြီးဌာနက တောင်းဆိုချက်ကို ၃ လအတွင်း စဉ်းစားဆောင်ရွက်ပေးမယ်လို့ ပြောဆိုပြီး ပြည်ထဲရေးဌာန တာဝန်ရှိသူဘက်ကတော့ လကုန်ပိုင်းကျရင် သူတို့အဖွဲ့အစည်းတွေနဲ့ လာတွေ့မယ်လို့ပြောကြောင်း နန်းမွေဦးက ပြောသွား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013