DVB Logo
Home
Lead Story
ဒီမိုကရေစီအစိုးရနှင့် အခွင့်အရေး တောင်းဆိုမှု တိုက်ပွဲများ
DVB
·
June 16, 2016
ဒီမိုကရေစီအစိုးရနှင့် အခွင့်အရေး တောင်းဆိုမှု တိုက်ပွဲများ
1 / 2
Donate to DVB

စစ်ကိုင်းမြို့ သစ်အချောထည်စက်ရုံမှ ဆန္ဒပြအလုပ်သမားများသည် အလုပ်ရှင်၏ မတရား ဖိနှိပ်မှုကို ဆန့်ကျင်သပိတ်မှောက်ပြီး အလုပ်သမား ဝန်ကြီးဌာနကလည်း ကြားဝင် စေ့စပ်ညှိနှိုင်းပေးနိုင်ခြင်း မရှိသောကြောင့် နေပြည်တော်သို့ ချီတက်ဆန္ဒပြရင်း မိုင်တိုင် ၂၄၈ တပ်ကုန်းမြို့နယ်သို့ အရောက်တွင် ရဲတပ်ဖွဲ့က အင်အားသုံး၍ သပိတ်တိုက်ပွဲဝင် အလုပ်သမားအားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ ဧပြီ ၂၉ ရက်နေ့မှ စတင်၍ စစ်ကိုင်းမြို့မှ ချီတက်လာသော အလုပ်သမားများကို မေ ၁၈ ရက်နေ့တွင် အင်အားသုံး၍ ဖြိုခွဲလိုက်ခြင်းလည်း ဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရဟု ကြွေးကြော်ခဲ့သော အန်အယ်လ်ဒီ အစိုးရလက်ထက် အစိုးရသက်တမ်း ၁ လခွဲကျော်အကြာတွင် ပထမဆုံး ဖြိုခွဲလိုက်သည့် ဒီမိုကရေစီနည်းမကျသော သပိတ်ဖြိုခွဲရေးလုပ်ရပ်လည်း ဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် ပထမဆုံး ရင်ဆိုင်ရသည့် လူထုတိုက်ပွဲတခုဟုလည်း ဆိုရမည်။ ထိုဖြစ်ရပ်မျိုးမှာ နောင်လည်း မကြာခဏဆိုသလို အစိုးရသစ် ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်။ အလုပ်သမားတိုက်ပွဲ၊ လယ်သမားတိုက်ပွဲ၊ ကျောင်းသားတို့၏တိုက်ပွဲ စသည်တို့မှာ ရိုးရိုးသားသားပင် မိမိတို့၏ အခွင့်အရေးကို တောင်းဆိုခြင်းဖြစ်၏။ လစာတိုးမြှင့်ရေး၊ အချိန်ပိုလုပ်ခလစာပေးရေး စသည်တို့အပြင် သိမ်းဆည်းထားသော လယ်များကို ပြန်ပေးရေး စသည့် အလုပ်သမား၊ လယ်သမားတို့၏ တောင်းဆိုမှုများမှာ ရိုးသားပြီး ရှင်းလင်းသော တောင်းဆိုမှုများ ဖြစ်သည်။ အလုပ်ရှင်များနဲ့ လယ်မြေသိမ်းထားသူများလည်း အစိုးရနှင့် အစိုးရ အားကိုးပြီး ထိုတိုက်ပွဲများကို ဖြိုခွဲပစ်ကြလေသည်။ အလုပ်သမား၊ လယ်သမား တိုက်ပွဲများမှာ အထူးသဖြင့် အရင်းရှင်နိုင်ငံများနဲ့ ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်း နိုင်ငံများတွင် အဖြစ်များလေသည်။ အလုပ်သမားများအဖို့ လုပ်ခနဲ့လစာ မညီမျှခြင်း၊ အချိန်ပို နာရီများ မတန်တဆ ခိုင်းစေပြီး အချိန်ပိုလုပ်ခများကို မှန်မှန်ကန်ကန် မပေးခြင်း၊ ဖြတ်တောက်ခြင်း၊ တောင်းဆိုလာပါက အလုပ်မှထုတ်ပစ်ခြင်း စသော အလွန်မမျှတသည့် ဖိနှိပ်မှုများကြောင့် အလုပ်သမားနဲ့ အလုပ်ရှင်မှာ မပြေနိုင်သည့် ရန်ညှိုးသဖွယ် မည်သည့်အခါမှ အစေးကပ်နိုင်မှု မရှိတော့ပေ။ အလုပ်ရှင်ကလည်း အလုပ်သမားထံမှ လုပ်အားကို သွေးစုပ်ယူကြသည်။ အစွန်းထွက်တန်ဖိုးကို မတရားခိုင်းစေရန် ခေါင်းပုံဖြတ်ကြသည်။ အလုပ်ကိုသာ ပင်ပန်းတကြီးလုပ်ရပြီး ရသင့်ရထိုက်သော အခွင့်အရေးများ မှန်မှန်ကန်ကန် မရရှိကြပေ။ ယခင်အစိုးရလက်ထက်ကလည်း အနိမ့်ဆုံးလစာကိုပင် မသတ်မှတ်နိုင်သေးသောကြောင့် အလုပ်သမားများသည် လပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြရပါသည်။ အလုပ်ရှင်များကလည်း အနိမ့်ဆုံး တနေ့အတွက် လုပ်ခလစာ ၃၆ဝဝ သတ်မှတ်သည့်တိုင် အချိန်ပိုကြေးများကို ဖြတ်တောက်ပစ်လိုက်သည်။ အစိုးရကလည်း အလုပ်သမား အခွင့်အရေးများနဲ့ အလုပ်ရှင်များ၏ ဖိနှိပ်မှုကို ဥပဒေဘောင်အတွင်းမှနေ လက်တလုံးခြား လှည့်ဖျားခြင်း၊ အလုပ်ရှင်များက အလုပ်သမားများ လစာဖြတ်တောက်ခြင်းနဲ့ အချိန်ပိုကြေး မပေးဘဲ အချိန်ပို ခိုင်းစေခြင်းများကြောင့် အလုပ်သမားတို့သည် သူတို့၏ နောက်ဆုံးဖြစ်သော သပိတ်တိုက်ပွဲကို ကိုင်စွဲခဲ့ကြခြင်းဖြစ်သည်။

နှစ်ပေါင်း ၅ဝ ကျော်အတွင်း ယခုအချိန်မှာ အလုပ်သမား၊ လယ်သမားနဲ့ ပြည်သူဘက်မှ အမှန်တကယ် ရပ်တည်မည့် အစိုးရအဖွဲ့ အာဏာရလာပြီဟု လူထုက ဝမ်းသာကြ၏။ မှန်ကန်သော တရားနည်းလမ်းကျ တိုက်ပွဲဖြစ်လာလျှင်လည်း ထိုအစိုးရသည် ပြည်သူ့အကျိုးအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရမည်။ ပြည်သူကို ဖိနှိပ်ခြင်းမရှိဘဲ ဖြစ်ပေါ်လာသော ပြဿနာများကို စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးမည်ဟု ယုံကြည်ကြ၏။ စစ်အစိုးရ နှစ်ပေါင်း ၅ဝ ကျော် တလျှောက်လုံး ဖိနှိပ်လာသမျှ ဒီမိုကရေစီအစိုးရသည် တရားမျှတသော ဘောင်အတွင်းမှနေ အလုပ်သမား၊ လယ်သမားတို့၏ တောင်းဆိုချက်များကို လိုက်လျောပေးလိမ့်မည်၊ စေ့စပ်ညှိနှိုင်းပေးလိမ့်မည်ဟု ယုံကြည်ကြပါသည်။ အလုပ်သမား၊ လယ်သမားတို့သည် လူထုခေါင်းဆောင်ကိုလည်း ယုံကြည်မှုအပြည့်ဖြင့် မဲဆန္ဒပေးခဲ့ကြသည်။ ယခု အဖမ်းခံရသော စစ်ကိုင်းမြို့မှ အလုပ်သမားအားလုံးသည် အနီရောင်မဲပုံး ခွပ်ဒေါင်းနှင့် ကြယ်ဖြူတံဆိပ်ပါသော မဲပုံးများထဲသာ မဲထည့်ခဲ့ခြင်းဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် အခြေခံလူတန်းစား အားလုံးကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲအနိုင်ရပြီး အစိုးရဖွဲ့နိုင်ခြင်းဖြစ်သည်ဆိုလျှင် ငြင်းစရာအကြောင်း မရှိပေ။ ထို့ကြောင့် အလုပ်သမား၊ လယ်သမား တိုက်ပွဲများ ဖြစ်လာ၍ သူတို့၏ တောင်းဆိုချက်သည် နည်းမှန်လမ်းမှန်များ မဟုတ်လျှင်လည်း ပြည်သူအစိုးရနဲ့ အာဏာရရှိထားသော ပြည်သူ့ဘက်တော်သားများက ကူညီဖြေရှင်းပေးရမည်။ မှားနေလျှင်လည်း မှားသည်ကို ထောက်ပြရမည်။ စစ်ကိုင်းမြို့တွင် တိုက်ပွဲဖြစ်ကတည်းက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ထိထိရောက်ရောက် ဖြေရှင်းပေးလျှင် ထိုပြဿနာသည် ယခုလောက် ကြီးမားစရာ မရှိပေ။ ယခုမူ ဆန္ဒပြ သပိတ်တိုက်ပွဲဝင်သော အလုပ်သမားများမှာ ရန်သူများ ဖြစ်သွားပေတော့သည်။ သပိတ်ကို ဖြိုခွဲပြီးသည်နဲ့ သပိတ်ခေါင်းဆောင်များကို တရားစွဲမည်ဟု ဆိုသည်။ သပိတ်တိုက်ပွဲဝင်များကိုလည်း နောင်မလုပ်ပါဟု ခံဝန်များ ထိုးခိုင်းပြီး မိမိတို့ရပ်ရွာသို့ ပြန်ပို့မည်ဟု ဆိုသည်။ ဒီမိုကရေစီနိုင်ငံတွင် ယခင်စစ်အစိုးရပုံစံအတိုင်း အရေးယူလိုက်ခြင်းမှာ အစိုးရအဖွဲ့၏ သဘောဆိုလျှင် အလွန်ပင် အံ့သြဖို့ ကောင်းပေသည်။

မေးစရာမေးခွန်းများ ရှိလာသည်မှာ တပ်ကုန်းမြို့တွင် အလုပ်သမားသပိတ် ချီတက်မှုကို ဖြိုခွဲခံလိုက်ရသည့်အခါတွင် နေပြည်တော်နယ်နိမိတ်ထဲ လုံခြုံရေးအရ ခွင့်မပြုသောကြောင့် ဖြိုခွဲလိုက်သည်ဟု ဆိုသည်။ ထိုသို့ဆိုလျှင် နေပြည်တော်ပိုင်နက် နယ်မြေအတွင်း ဆန္ဒပြခွင့်၊ သပိတ်မှောက်ခွင့် မရှိပေဘူးလား။ နေပြည်တော်ပိုင်နက်နယ်မြေမှာ ဒီမိုကရေစီပိုင်နက်နယ်မြေ မဟုတ်ဘူးလား။ ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းသည် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများ မဟုတ်ဘဲ အကြမ်းဖက်ခြင်း၊ တရားဥပဒေကို ချိုးဖောက်ခြင်းများ ဖြစ်နေသလား။ နေပြည်တော်ကောင်စီတွင် တာဝန်ယူသော အန်အယ်လ်ဒီ တာဝန်ခံများနဲ့ အန်အယ်လ်ဒီအစိုးရ ထိုမေးခွန်းကို ခြေခြေမြစ်မြစ် တိတိကျကျ အဖြေပေးဖို့ လိုပေလိမ့်မည်။ အလုပ်သမားများ၏ တိုက်ပွဲ တောင်းဆိုချက်များသည် မှားချင်မှားမည်။ သို့သော် ဆန္ဒပြခွင့်၊ သပိတ်မှောက်ခွင့်ကား ရှိပေသည်။ ထိုဆန္ဒပြခွင့်၊ သပိတ်မှောက်ခွင့်မှာလည်း နေပြည်တော်ဖြစ်၍၊ ရန်ကုန်ဖြစ်၍၊ မန္တလေးဖြစ်၍ ကန့်ကွက်ပိတ်ပင်စရာ အကြောင်းမရှိပေ။

ဒုတိယလုပ်ရပ်မှာ ဒီမိုကရေစီမကျသော ခေါင်းဆောင်များကို တရားစွဲပြီး ပါဝင်သူများကို လက်မှတ်ရေးထိုးခိုင်းခြင်း ဖြစ်၏။ ခံဝန်လက်မှတ်ရေးထိုးခြင်းသည် စစ်အစိုးရ၏ နှစ်ပေါင်း ၅ဝ ကျော်လုံး လူတယောက်၏ ဂုဏ်သိက္ခာကို နှိပ်ကွပ်ခဲ့သော လုပ်ရပ်ဖြစ်သည်။ ထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးသောအခါ ပုဒ်မ ၄ဝ၁ ကို လက်မှတ်ရေးထိုးခိုင်း၏။ အာဏာပိုင်နဲ့ မစေ့စပ်သူများက မရေးထိုးခဲ့ပေ။ ၄ဝ၁ မတိုင်ခင် ကျနော်တို့ခေတ်ကဆိုလျှုင် နောင် နိုင်ငံရေးမလုပ်ပါ၊ အစိုးရ ဆန့်ကျင်သူများနဲ့ အဆက်အသွယ် မလုပ်ပါဟု လက်မှတ်ရေးထိုးခိုင်း၏။ လက်မှတ်ထိုးသူကို လွှတ်ပေး၏။ လက်မှတ်မထိုးသူများကို ထောင်ထဲပြန်ထည့်ထား၏။ ဗိုလ်နေဝင်းခေတ်က လက်မှတ်မထိုးထားသော ကျောင်းသားများ၏တိုက်ပွဲ စပေါ်လာ၏။ ကျနော်တို့ကို ထောင်မှလွှတ်စဉ်က လက်မှတ်ရေးမထိုးရေး ဆန္ဒပြကာ ထောင်ထဲပြန်ဝင်ခဲ့၏။ ခံဝန်ဆိုသည်မှာ နိုင်ငံရေးသမားဖြစ်ဖြစ်၊ သာမန်လူတယောက်ပင်ဖြစ်ဖြစ် မည်သူကိုမဆို သူတို့၏ မွေးရာပါ လွတ်လပ်ခွင့်အား ချုပ်ချယ်လိုက်ခြင်းဖြစ်၏။ တမင်သက်သက် စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်းလည်း ဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရလက်ထက်တွင် ထိုသည်ကို ဥပဒေပြဋ္ဌာန်း၍ပင် ပယ်ဖျက်သင့်ပါသည်။

အလွန်မှတ်သားစရာကောင်းသော အန်အယ်လ်ဒီဥက္ကဋ္ဌတဦး ဖြစ်ခဲ့သော အန်ကယ် ဦးကြည်မောင်၏ ပြောစကားကို မှတ်မိနေပါသည်။ အန်ကယ်ဦးကြည်မောင် ထောင်မှလွတ်ပြီး ၁ ပတ်နီးပါးတွင် ကျနော့်အစ်ကိုဖြစ်သူ သူ့ရဲဘော်ကြီးဖြစ်သည့် ဗိုလ်စိန်မောင် ရက်လည်သို့ ရောက်ရှိလာပါသည်။ ကျနော်နဲ့ ဧည့်ခံရင်း စကားပြောဖြစ်သွားကြ၏။ ကျနော်က ဦးကြည်မောင်ကို ဗြောင်ပင် မေးလိုက်၏။ “အန်ကယ်တို့ကို ပြန်လွှတ်တော့ Bond ထိုးခိုင်းသေးသလား”၊

“ထိုးခိုင်းတာပေါ့ဗျ၊ ဒါပေမယ့် ကျနော်က ပြောလိုက်တယ်။ ငါ အဲဒီလို ခံဝန်တွေတော့ လက်မှတ်မထိုးနိုင်ဘူး။ ငါတို့တွေမှာ ညှဉ်းပန်းနှိပ်စက်ခံရလွန်းလို့ အမာရွတ်တွေတောင် ဖြစ်နေပြီ။ နောက်ထပ် အမာရွတ်ကို ဆားနဲ့မပွတ်ကြပါနဲ့တော့ကွာ” ဟု ပြောခဲ့သည့်စကားလေးမှာ ယခုတိုင် ကျနော် ကြားယောင်နေသည်။ အလွန်မှတ်သားစရာလည်း ကောင်း၏။ ထိုအဖြစ်မျိုးကို ကျနော်တို့ အကြိမ်ကြိမ် ကြုံခဲ့ရ၏။ အကြိမ်ကြိမ် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရ၏။ ခံဝန်ထိုးခိုင်းခြင်းမှာ အလွန်ပင် အောက်တန်းကျပြီး လူ့အခွင့်အရေးကို ချိုးဖောက်ပြီး လူတယောက်၏ သိက္ခာကို စော်ကားလိုက်ခြင်းကြောင့် ခံဝန်ဖြင့် လက်မှတ်ရေးထိုးခိုင်းခြင်း၊ မတရားခေါင်းညိတ်ခိုင်းခြင်းတို့ကို ဒီမိုကရေစီအစိုးရ လက်ထက်တွင် ဖျက်သိမ်းပစ်ရပေတော့မည်။ ထို့ကြောင့် ယခု စစ်ကိုင်းအလုပ်သမားများ တိုက်ပွဲကို ပြန်လည်သုံးသပ်ပြီး တရားမျှတမှုရှိအောင် ပြည်သူ့အစိုးရက ဆောင်ရွက်သင့်သည်။ ဆောင်ရွက်ဖို့လည်း တိုက်တွန်းချင်ပါသည်။

ထက်မြက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013