DVB Logo
Home
မြန်မာသတင်း
မြန်မာလူထု ၂၆,၀၀၀ ရေဘေးခံစားနေရ၊ အကူအညီအပူတပြင်းလိုနေဟု ကုလထုတ်ပြန်
DVB
·
June 16, 2016
မြန်မာလူထု ၂၆,၀၀၀ ရေဘေးခံစားနေရ၊ အကူအညီအပူတပြင်းလိုနေဟု ကုလထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံပြည်နယ်နှင့်တိုင်း ၅ ခုမှာ ဇွန်လဆန်းကစတဲ့ မုတ်သုန်မိုးသည်းထန်စွာရွာသွန်း ရေကြီးမှုတွေကြောင့် ၁၄ ဦးသေဆုံးပြီး အနည်းဆုံးလူ ၂၆,၀၀၀ ရေဘေးဒုက္ခခံစားနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHAက ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ ဧရာဝတီ၊ စစ်ကိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ ရေဘေးဒုက္ခတွေ နဲ့ကြုံ နေတာဖြစ်ပြီး ဒီဒေသတွေဟာ ၂၀၁၅ ဇူလိုင်နဲ့ သြဂုတ်လတွေအတွင်း ရေဘေးကြောင့် ပြင်းထန်စွာ ထိခိုက်ခံခဲ့ရတဲ့ ဒေသတွေဖြစ်တယ်လို့ ဆိုပါတယ်။

အချို့နေရာတွေမှာ ရေပြန်ကျလို့ ပြည်သူတွေ အိမ်ပြန်နိုင်ခဲ့ကြပေမယ့် အိုးအိမ်တွေပျက်စီး၊ ဆုံးရှုံးခဲ့ရသူတွေ ယာယီမှီခိုရာ နေရာတွေမှာ ဆက်လက်နေထိုင်ကြရတယ်၊ ရေဘေးသင့်ဒေသ ရှိ ထိခိုက်ခံစားနေကြရတဲ့ ပြည်သူတွေအတွက် အစားအစာတွေ၊ အစားအစာမဟုတ်တဲ့ အခြား ကယ်ဆယ်ရေးပစ္စည်းတွေ၊ မိုးကာလိပ်၊ ဆေးဝါးနဲ့ ငွေကြေးပံ့ပိုးမှု အကူအညီတွေ အပူတပြင်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂထုတ်ပြန် ချက်မှာဖော်ပြပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်အတွင်းက ရေကောက်၊ ပုရစ်၊ အောင်နတ်မော်၊  ရွှေလှေ၊ ကျောင်းကုန်းစတဲ့  ကျေးရွာတွေမှာလည်း ရွှေလှေချောင်း ရေကြီးမှုကြောင့်  လူနေအိမ်တွေ ရေထဲမျောပါ ပျက်စီးသွားပြီး ရာနဲ့ချီတဲ့ ရွာသားတွေ ရေဘေးဒုက္ခ ခံစားနေကြရပါတယ်။

ရွှေလှေတိုက်နယ် အိမ်ခြေ ၈၀ လောက်ရှိတဲ့ အောင်နတ်မော်ကျေးရွာက ဒေါ်ချိုချိုက “ အဲဒီနေ့က မိုးတွေဝုန်းဝုန်းနဲ့ ခြိမ်းပြီးတော့ လျှပ်တွေက တအားလက်တယ်၊ မိုးတွေတအားရွာလာပြီးတော့ ရေတွေက မနက်ခပ်စောစော ၅ နာရီ ၆ နာရီလောက်မှာ ရေတွေက တော်တော်ကိုစီးလာတာ၊ ကျမတို့ ဒီလိုပဲ မြင့်တဲ့နေရာတွေ၊ မြင့်တဲ့အိမ်တွေကို တက်ပြီးတော့ ပေါင်းစုပြီးနေလိုက်ကြတယ်၊ နုန်းတွေက တက်တဲ့ အိမ်တွေမှာ ၃တောင်တက် ၄ တောင်တက် ယက်ချပြုချ ကယ်ဆယ်ရေးကတော့မရှိ၊ အခုက ဆရာတော်ဆီမှာ လာပြီးအကူအညီတောင်းနေတာ၊ စားနပ်ရိက္ခာအမျိုးမျိုး ရေကအစ အခက်အခဲကျသွားတယ်၊ ရေတွင်းတွေလည်းအကုန် မြုပ်တဲ့ဟာမြုပ်။”လို့ပြောပါတယ်။

ဒေသခံပရဟိအဖွဲ့အစည်းတွေ၊ ကြက်ခြေနီနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက တအိမ်ထောင် ကျပ် ၂ သိန်းခွဲနဲ့ ဆေးဝါး စားနပ်ရိက္ခာတွေ အကူအညီပေးမှုရှိနေပေမယ့် ပျက်စီးသွားတဲ့ နေအိမ်တွေ ပြန်လည် တည်ဆောက်ဖို့ သွပ်သံစတဲ့ အိမ်ဆောက်ပစ္စည်းတွေ အကူအညီလိုအပ်နေတယ်လို့ ရေဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ သိမ်ကုန်းကျောင်းတိုက်ဆရာတော် ဦးတေဇိန္ဒက မိန့်ပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကတော့ ခုဇွန်လအတွင်း မိုးကြီးရေ လျှံမှုကြောင့် လူနေအိမ် ၂၅၀ ခန့် မျောပါပျက်စီးသွားပြီး အိမ်ခြေပေါင်း ၆ ထောင်နီးပါး ရေနစ်မြုပ်ခဲ့တယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒါ့အပြင် ရေကြီး၊ ရေလျှံမှုကြောင့် ရေတွင်းရေကန်တွေ၊ စာသင်ကျောင်းတွေ၊ လမ်းတံတား အဆောက် အဦတွေလည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013