DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်စခန်းက အမျိုးသမီးအချို့ တရုတ်ဘက်ခြမ်းတွင် ရောင်းစားခံနေရ
DVB
·
June 16, 2016
စစ်ဘေးရှောင်စခန်းက အမျိုးသမီးအချို့ တရုတ်ဘက်ခြမ်းတွင် ရောင်းစားခံနေရ
Donate to DVB

တရုတ်နိုင်ငံဘက်ခြမ်းကို သွားရောက်အလုပ်လုပ်နေကြတဲ့ စစ်ဘေးရှောင်စခန်းက အမျိုးသမီးတချို့ ရောင်းစားခံနေရပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ မိသားစုဘ၀တွေဟာ အဘက်ဘက်က ချို့တဲ့နေပါတယ်။

ဒါ့ကြောင့် အဲဒီမိသားစုတွေထဲက တချို့ဟာ တရုတ်နိုင်ငံဘက်ခြမ်းသွားပြီး ကျရာအလုပ် လုပ်ကိုင်ကာ မိမိအိမ်ထောင်စုကို ပြန်လည်ထောက်ပံ့နေကြရပြီး အဲဒီလို အလုပ်သွားလုပ်တဲ့ အမျိုးသမီးတချို့ဟာ ရောင်းစားခံနေကြရတာပါ။

“ဒုက္ခသည်စခန်းဆိုတော့ ဘာမဆို အခက်အခဲတွေ အများကြီးရှိတယ်။ စိုက်ပျိုးစားရအောင်ကလည်း နေရာမရှိ။ ဘယ်နေရာမှာ ဘာလုပ်ရမယ်ဆိုတာ ရှေ့ရေး ဘာမှ စဉ်းစားလို့ မရတဲ့အခါကျတော့ တရုတ်ကမ်းမှာ ကြုံရာအလုပ် သွားလုပ်တယ်။ တချို့မိန်းကလေးတွေက မိဘလွှတ်လိုက်တဲ့ ဈေးဆိုင်မှာတော့ မဟုတ်ပြန်တော့ဘူး။ တယောက်ယောက်ကပဲ ဟိုဘက်ဆိုင်ကိုသွားရအောင်။ အခု ဒီမှာ ၁၀၀၀ ရတယ်။ ဟိုဘက်ဆိုင်မှာ ၁၂၀၀ ရတယ်၊ ၂၀၀၀ ရတယ်။ ဟိုဘက်မြို့ကို ပြောင်းရအောင်ဆိုပြီး အပြောင်းအရွှေ့ ဒီကြားထဲမှာပဲ ရောင်းစားခံရတာ အများကြီးရှိပါတယ်” လို့ စစ်ဘေးရှောင် အမျိုးသမီးကြီးတဦးက ပြောပါတယ်။

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံဘက်ခြမ်းကို သွားရောက်အလုပ်လုပ်ကိုင်သူ အားလုံးနီးပါးဟာ အောက်ခြေသိမ်း အလုပ်တွေကိုသာ လုပ်ကိုင်နေကြရတာပါ။

အဲဒီထဲက လူကုန်ကူးခံရတဲ့ အမျိုးသမီး အများစုဟာ တရုတ်နိုင်ငံသားတွေရဲ့ ဇနီးမယားတွေအဖြစ် ရောင်းစားခံရပြီး အနည်းစုကတော့ ပြည့်တန်ဆာအဖြစ် ရောင်းချခံနေရတယ်လို့ ကချင်ဒေသက လူကုန်ကူးခံနေရသူတွေကို ကူညီနေသူတဦးက ဆိုပါတယ်။

“ကျမတို့ ဒီရုံးမှာ အတွေ့အကြုံကတော့ အားလုံးနီးပါးက တရုတ်အမျိုးသားတွေနဲ့ လက်ထပ်တာပဲ။ ပြည့်တန်ဆာဖြစ်သွားတာကတော့ ကျမတို့ ကြားလိုက်တာ နှစ်ယောက်သုံးယောက်ပဲ။”

မြန်မာနိုင်ငံသား အမျိုးသမီးတယောက်ကို တရုတ်ယွမ် ၃ သောင်းကနေ ၁ သိန်း၊ မြန်မာကျပ်ငွေ သိန်း ၆၀ နီးပါးကနေ သိန်း ၂၀၀ နီးပါးနဲ့ လူကုန်ကူးသူတွေက ရောင်းစားကြတယ်လို့ တရုတ်နိုင်ငံ ဟော်နန်ပြည်နယ် လော့ရန်မြို့က ဒေသခံ တရုတ်နိုင်ငံသားတဦးက ဆိုပါတယ်။

လော့ရန်မြို့ဟာ မြန်မာနယ်စပ်နဲ့ ကား ၃ ညအိပ်၊ ၄ ရက်စီးမှ ရောက်တဲ့မြို့တမြို့ ဖြစ်ပါတယ်။

လူကုန်ကူးခံရတာသိလျက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်မခေါ်နိုင်တာတွေလည်း ရှိတယ်လို့ လူကုန်ကူးခံရသူတွေကကို ကူညီနေတဲ့ အမျိုးသမီးက ဆက်ပြောပါတယ်။

“မကူနိုင်သေးတဲ့သူ ရှိတယ်။ အခုကျမသိတာက အခုလောလောဆယ် သုံးယောက်ရှိတယ်။”

နယ်စပ်ဒေသက စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြသူတွေကို လူကုန်ကူးမခံရအောင် ကချင်အမျိုးသမီးအဖွဲ့တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက အမြင်ဖွင့် ဟောပြောပွဲတွေ ပြုလုပ်နေတာတွေ ရှိပါတယ်။

ဒါပေမယ့်လည်း ဒေသတွင်း မတည်ငြိမ်တာရယ်၊ အလုပ်အကိုင် ရှားပါးတာရယ်ကြောင့် စစ်ရှောင်စခန်းကလူတွေဟာ တရုတ်ပြည်ဘက်ခြမ်းမှာ အလုပ်သွားရောက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013