DVB Logo
Home
မြန်မာသတင်း
သီပေါစော်ဘွားရုပ်ရှင်ကား နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပြသခွင့်တားမြစ်ခံရ
DVB
·
June 15, 2016
သီပေါစော်ဘွားရုပ်ရှင်ကား နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပြသခွင့်တားမြစ်ခံရ
Donate to DVB

ရန်ကုန်မြိုမှာ ကျင်းပနေတဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ သီပေါစော်ဘွားစ၀်ကြာဆိုင် အကြောင်းရုပ်ရှင်ကား Twilight Over Burma ကို မပြသဖို့ အစိုးရ က တားမြစ်ခဲ့ပါတယ်။

အခုလို ၂၁ ပင်လုံညီလာခံ ဆောင်ရွက်ချိန်မှာ ဒီကားကို မပြသသင့်ဘူးလို့ ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက်ခံ ရုပ်ရှင်ဆင်ဆာ စိစစ်ရေးအဖွဲ့က ရုပ်ရှင်ပြဖို့ ၁ ရက် အလိုမှာ အကြောင်းပြန်တားမြစ်ခဲ့တာလို့ ရုပ်ရှင်ပွဲတော်စီစဉ်သူ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံ အမှုဆောင် ဒါရိုက်တာ ဒေါ်မွန်မွန်မြတ်က ဒီဗွီဘီကို ပြောပါတယ်။

ပွဲတော်မှာ ပြသခွင့်တင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား ၄၀ ကျော်ထဲက သြစတြီးလျားနိုင်ငံရှိ ဒေါဖလင် ကုမ္ပဏီမှ ရိုက်ကူးထုတ်လုပ်တဲ့ ဒီရုပ်ရှင်ကား တကားသာ တားမြစ်ခံရတာပါ။

ဒေါ်မွန်မွန်မြတ်က “Twilight Over Burma ဇာတ်ကားမှာ တပ်မတော်သားတွေရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ ဇာတ်ဝင်ခန်းတွေပါတယ်၊ နိုင်ငံတော်အစိုးရက ဖော်ဆောင်နေတဲ့ အမျိုးသားပြန်လည် သင့်မြတ် ရေး၊ ရှမ်း မြန်မာ ချစ်ကြည်ရေးကိုထိခိုက်နိုင်တယ်၊ အမုန်းပွားမှုကိုဖြစ်စေတယ်၊ ၂၁ ရာစု ညီလာ ခံဆောင်ရွက်နေဆဲအချိန်ဖြစ်လို့ ပြသရန်မသင့်တော်ဘူး ဆိုတဲ့အကြောင်းပြချက်တွေပါတယ်။ ကျမတို့အနေနဲ့ကတော့ ဒါက တပ်မတော်ရဲ့ ပုံရိပ်ကို ကျဆင်းစေတဲ့ ဇာတ်ဝင်ခန်းတချို့ပါတာက အဓိကကျလို့ ပြခွင့်မရတာလို့ ယူဆပါတယ်” လို့ ပြောပါတယ်။

လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံအဖွဲ့အနေနဲ့ ၂၀၁၃ ခုနှစ်ကစပြီး  မြန်မာပြည်ထဲမှာ လူ့အခွင့်အရေး ဆိုင်ရာ ရုပ်ရှင်ဇာတ်ကားပေါင်း ၁၈၀ ကျော် ပြသခဲ့ပြီး  ဆင်ဆာခွင့်ပြုချက်မရတာကတော့ Twilight Over Burma တကားဘဲရှိသေးတယ်လို့ ဆိုပါတယ်။

အရင်အစိုးရတွေလက်ထက်တုန်းကလည်း ဒီလိုတားမြစ်မှုမျိုး ကြုံဖူးသလို လက်ရှိအစိုးရ လက်ထက်မှာလည်း မီဒီယာလွတ်လပ်ခွင့်ကို တနည်းတဖုံထိပါးနေဆဲဖြစ်တယ်လို့ ပြောဆို ပါတယ်။

“အခုက တပ်မတော်က တိုက်ရိုက်ထုတ်တာမဟုတ်ဘဲ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်တာ ဆိုတော့ မြန်မာပြည်နဲ့ပတ်သက်လို့ ထိလွယ်ရှလွယ်ရှိတဲ့ ဇာတ်ကားတွေနဲ့ ပတ်သက်လာရင် ပြသခွင့်မရသေးဘူး၊ ဒါဟာ မီဒီယာလွတ်လပ်ခွင့်ကို တနည်းတဖုံ ထိပါးနေတယ်လို့ ပြောချင် တယ်။  ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ အစိုးရသစ်အနေနဲ့ တကယ့် ပြောင်းလဲမှုကို ဖော်ဆောင်နိုင်ဖို့ စိမ်ခေါ်မှုအကြီးကြီးတွေ ရှိနေသေးတယ်”လို့ သူက ဆက်ပြော ပါတယ်။

တားမြစ်ခံရတာနဲ့ပတ်သက်လို့ ရုပ်ရှင်ပွဲတော် ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးကလည်း သူတို့ အင်စတီကျူရဲ့ မစ်ရှင် မအောင်မြင်သေးဘူးဆိုတာ ပြသမှု ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ Film Festival က ကျနော်တို့ အင်စတီကျုရဲ့ မစ်ရှစ်ရှိတယ်ဗျ။ မစ်ရှင်က ဘာလဲဆို တော့ society of dignity (လူ့အဖွဲ့အစည်းဂုဏ်သိက္ခာ)။ အဲလိုကျတော့ ဒီဟာက အဲဒီ ကျနော်တို့ မစ်ရှင်နဲ့၊ ကျနော်တို့ အဲဒီမစ်ရှင်ကို ကြိုစားခဲ့တာပေါ့ စတုတ္ထအကြိမ် ရုပ်ရှင်ပွဲတော်မှာ။ ကျနော်တို့ ရှေ့မှာတောင်မှပဲ မကြုံခဲ့ရဘူး။ ရုပ်ရှင်ကားတကားကို မပြရဘူးဆိုတဲ့ဟာကလေ၊ အခုမှကြုံရ တယ်ဆိုတော့။ ကျနော်ပြောချင်တာကတော့ ကျနော်တို့မစ်ရှင်က Fail ဖြစ်တယ်လို့ ပြောရမှာပေါ့။ မစ်ရှင် မအောင်မြင်သေးဘူးလို့ပြောရမယ်၊ ကျနော်တို့ရဲ့ မစ်ရှင် မအောင်မြင်သေးဘူးလို့ ပြောရမယ်။” လို့ ဦးမင်းထင်ကိုကိုကြီးက ပြောပါတယ်။

သီပေါစော်ဘွား စ၀်ကြာဆိုင်ဟာ အမေရိကန်နိုင်ငံ  ကိုလိုရာဒိုတက္ကသိုလ်မှာ သတ္တုမိုင်း အင်ဂျင်နီယာဘွဲ့ရခဲ့ပြီး ပညာတော်သင်စဉ် မေတ္တာမျှခဲ့တဲ့  သြစတြီးယားသူ မစ္စ Inge Surgent   ကိုမဟာဒေ၀ီတင်မြှောက်ခဲ့ပါတယ်။ သူတို့တတ်မြောက်လာတဲ့ ခေတ်ပညာတွေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတူလက်တွဲဆောင်ရွက်စဉ်  ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်မှာ ပဒေသရာဇ်ာစော်ဘွားတွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ အဖမ်းခံရတဲ့ စော်ဘွားတွေထဲမှာ သီပေါစော်ဘွား စ၀်ကြာဆိုင်ပါ ပါဝင်ခဲ့ပြီး ထောင်ထဲမှာ သေသည်ရှင်သည် မသိရ ပျောက်ဆုံးနေခဲ့ပါတယ်။ မဟာဒေ၀ီမှ ကြင်ယာတော်နဲ့ တွေ့ရဖို့ အကြိမ်ကြိမ် ကြိုးစားပေ မယ့် သတင်းမေးခွင့်မရတဲ့အပြင် အမျိုးမျိုးခြိမ်းခြောက်ခံရတာကြောင့် သမီးတော် ၂ ပါးနဲ့အတူ သြစတြီးယားကို အပြီးပြန်ခဲ့ပါတယ်။ မဟာဒေ၀ီမှ သူမရဲ့ခါးသည်းတဲ့ဘ၀နဲ့ မြန်မာ စစ်အာ ဏာရှင်တွေအကြောင်းကို စာအုပ်အဖြစ် ပြန်လည်ရေးသားထုတ်ဝေရာမှာ ကမ္ဘာကျော် စာ အုပ်တစ်အုပ်ဖြစ်ခဲ့ပြီး သြစတြီးလျားနိုင်ငံ ဒေါဖလင်ကူမ္ပဏီက ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူး ခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူ ရှမ်းအမျိုးသမီး နန်းချန်တောင်းကတော့ ဒီဇာတ်ကားဟာ တကယ့် အဖြစ်အပျက်ကို ပြန်ရိုက်ထားတာဖြစ်တဲ့အတွက် မြန်မာအစိုးရအနေနဲ့ တကယ့်ဖြစ်ရပ်မှန်ကို လက်ခံသင့်ပြီး အတိတ်က သင်ခန်းစာတွေနဲ့ အနာဂါတ်ကို ပြင်ဆင်ဖို့  ဒီဇာတ်ကားကို ပြသသင့်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျမအမြင်ကတော့ ပြသခွင့်ပြုသင့်ပါတယ်။ ဒါဟာ သမိုင်းအနေနဲ့ လက်ခံရမယ့် ဖြစ်ရပ်မှန်ပဲ လေ၊ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်ဆိုရင် အရင်က အဖြစ်အပျက်တွေကို ပိုပြီးလက်ခံသင့်တယ်၊ အရင်က ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့လို့ မတရားမှုတွေရှိခဲ့လို့ တိုင်းပြည်က ခုလိုဖြစ်ရတယ်။ နောက်ကို ခုလိုမဖြစ်အောင် သင်ခန်းစာ ယူရမယ်ဆိုတဲ့ အမြင်တွေရလာအောင် ပြည်သူတွေကို ပြသသင့်တယ်၊ ဒါဆိုရင် အစိုးရသစ်ပေါ်မှာ ယုံကြည်မှုတွေ ပိုရလာမယ်၊ အတိတ်ကို ဖုံးကွယ်ဖို့ကြိုးစားရင် ပိုဆိုးမယ်လို့ ကျမထင်ပါတယ်။”

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ဘန်ကောက်မှာရော ချင်းမိုင်မှာပါ မိတ်ဆက်အနေနဲ့ ပြီးခဲ့တဲ့ မေလက လာရောက်ပြသခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး ရုံတင်ပြသနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဇာတ်ကားဒါရိုက်တာက ရုပ်ရှင်မိတ်ဆက်အခမ်းအနား မှာ ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013