
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ချွေးမ မျိုးရတနာထိုက်ကို အရေးယူပိတ်ဆို့ဖို့နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာကွက်တွေကိုပါ ပိတ်ပင်ဖို့ Justice For Myanmar က ဧပြီ ၇ ရက်မှာ ထုတ်ပြန်တိုက်တွန်းလိုက် ပါတယ်။
၂၀၂၂ ခုနှစ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံနဲ့ ဇနီး မျိုးရတနာထိုက်တို့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အဆင့်မြင့် အိမ်ရာတလုံးကို ထိုင်း ဘတ် ၉၈ သန်း (ခန့်မှန်း ဒေါ်လာ ၃ သန်း) နဲ့ ဝယ်ယူခဲ့ပြီး နိုင်ငံခြားသားတွေ မြေမပိုင်နိုင်တဲ့ ဥပဒေကို လွတ်မြောက်အောင် bypass လုပ်ထားနိုင်ခြေနဲ့ သူ့နာမည်နဲ့ ဝယ်ယူပြီး ပိတ်ဆို့မှုတွေ ကို ရှောင်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်၊
ထိုင်းအစိုးရကိုလည်း အိမ်ရာတွေ သိမ်းဆည်း (confiscate) လုပ်ဖို့အတွက် တောင်းဆိုကြဖို့လိုပြီး ဆန်ရှင် ပိတ်ဆို့မှုတွေ ကို စစ်ခေါင်းဆောင်တို့ မိသားစုတခုလုံးအထိ ချဲ့ထွင်ဖို့ လိုအပ်ကြောင်းလည်း ထောက်ပြထား ပါတယ်၊
စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ရဲ့ မိသားစုဟာ မတရားသဖြင့် ရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေကို ထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားပြီး၊ ဒီလို ရင်းနှီးမြှုပ်နှံမှုအတွင်း ဒေါ်လာသန်းချီတန် တန်ဖိုးကြီး ဇိမ်ခံအိမ်ရာတခုကို ဝယ်ယူရာမှာ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခြင်းမခံရသေးတဲ့ မိသားစုဝင်တွေနဲ့ နာမည်နဲ့ ဝယ်ယူခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဘန်ကောက်မြို့ရှိ Issara Residence Rama 9 မှ အဆိုပါအိမ်ရာကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Charn Issara Development Public Company Limited က ရောင်းချခဲ့တာဖြစ်ပြီး၊ မင်းအောင်လှိုင် မိသားစုရဲ့ ကြိုးကိုင်ကုမ္ပဏီတခုဖြစ်တဲ့ Emerald Princess ကုမ္ပဏီထံ လွှဲပြောင်းပေးအပ်ခဲ့လို့ လည်း သိရပါတယ်၊
ဒီအိမ်ရာကို မင်းအောင်လှိုင်ချွေးမဖြစ်သူ မျိုးရတနာထိုက်ရဲ့ အမည်နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး သူဟာ ဘယ်နိုင်ငံမှာမှ ဒဏ်ခတ်ပိတ်ဆို့ခံရခြင်းမရှိသေးလို့ သူ့ရဲ့နာမည်ကို အသုံးပြု ဝယ်ယူမှုဟာ ဒဏ်ခတ်ပိတ်ဆို့မှုကို ကျော်လွှားရှောင်ရှားဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတွေ အနေနဲ့လည်း မျိုးရတနာထိုက်ကို အရေးယူပိတ်ဆို့ဖို့နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာကွက်တွေကို ပိတ်ပင်ဖို့ Justice For Myanmar က တိုက်တွန်းထားပါတယ်။










