DVB Logo
Home
မြန်မာသတင်း
မြန်မာကို အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာသန်း ၃၅၀ ချေးငွေတိုးပေး
DVB
·
June 15, 2016
မြန်မာကို အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာသန်း ၃၅၀ ချေးငွေတိုးပေး
Donate to DVB

မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရေးနဲ့ အလုပ်အကိုင်ဖန်တီးရေးအတွက် ၂၀၁၇ ခုနှစ်က စပြီး နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၁၅၀ မှ သန်း ၃၅၀ တိုးမြှင့်ပေးသွားမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)က ကြေညာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အေဒီဘီ ဥက္ကဋ္ဌ တာကီဟီကို နာကာအိုနဲ့အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး သမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ မြန်မာပြည်ဖွံ့ဖြိုးရေး ကိစ္စတွေ့ဆုံဆွေးနွေး အပြီးစီမံကိန်းတွေအတွက် သက်သာတဲ့နှုန်းနဲ့ ချေးငွေပေးမယ့် အစီအစဉ်သစ်ကို ကြေညာလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ နိုင်ငံရေးအကူးအပြောင်းဟာ အနာဂတ်လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အားတက်စရာဖြစ်တယ်လို့ အေဒီဘီဘဏ် အကြီးအကဲ နာကာအိုက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

“ဖွံ့ဖြိုးတိုးတက်မှုကနေ ရလာမယ့် အကျိုးကျေးဇူးကို နိုင်ငံသားအားလုံးခံစားနိုင်ဖို့ အစိုးရရဲ့ အလေးထား လုပ်ဆောင်မှုတွေကို အထင်ကြီးလေးစားမိပါတယ်။ ဒီအားထုတ်လုပ်ဆောင်မှု တွေကို အေဒီဘီက ပံ့ပိုးကူညီရာမှာ ပညာရေးနဲ့ အရေအသွေးမြင့်မားတဲ့ အလုပ်အကိုင်တွေ မြှင့်တင်ပေးဖို့၊ အခြေခံ အဆောက်အအုံတွေကို အဆင့်မြှင့်တင်ဖို့နဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ ကို ဆွဲဆောင်ဖို့ ပံ့ပိုးကူညီသွားမယ်။”

အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဇွန်လ ၁၄ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးရာမှာတော့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်စီမံကိန်းကြီးတွေမှာပိုမို ကူညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဌာန ဒုညွန်ကြားရေးမှူး ချုပ် ဒေါ်အေးအေးစိုးက ဒီဗွီဘီကို ပြောပါတယ်။

အေဒီဘီက မြန်မာကို ဖွံ့ဖြိုးရေးအကူအညီတွေ ၂၀၁၂ ခုမှာ ပြန်လည်ပေးအပ်ခဲ့ပြီး ထိုစဉ်က အစိုးရကို ချေးငွေ ကန်ဒေါ်လာ ၈၉၂ သန်း၊ ၂၀၁၃ ခုမှာ အထူးအစီအစဉ်ချေးငွေအဖြစ် ကန်ဒေါ်လာ ၅၁၂ သန်း၊ ဆင်းရဲမှုလျော့ချရေးအတွက် ကန်ဒေါ်လာ ၃၉ သန်းနဲ့ ၂၀၁၄ ကစပြီး ဒေါ်လာ ၉၃၂ သန်းကိုလည်း တယ်လီဖုန်းဆက်သွယ်ရေး၊ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွေအတွက် ပေးအပ်ခဲ့တယ်လို့ အေဒီဘီ ထုတ်ပြန်ချက်အရသိရပါတယ်။

အငြိမ်းစား ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်ကတော့ ခုပေးအပ်တဲ့ အေဒီဘီရဲ့ ချေးငွေဟာ အတိုးနည်း နှစ်ရှည်ချေးငွေဖြစ်လို့ တရုတ်ချေးငွေထက်စာရင် အများကြီး ပိုကောင်းတယ်လို့ ပြောပါတယ်။

“အေဒီဘီကတော့ ဖွံ့ဖြိုးရေးစီမံကိန်းချေးငွေတွေ ပေးတာလေ၊ ခုပေးတဲ့ Concessional Loan ခေျးငွေက နှစ်ပေါင်း အစိတ် ၃၀ သွားတယ်။ အတိုးလည်းနည်းတယ် နှစ်ရှည်လည်း ဖြစ်တယ် ဆိုတော့ ပိုအဆင်ပြေတယ်။ ဒါကတော့ ကြိုဆိုရမှာပါ။ တိုင်းပြည်အတွက်လည်း အဆင်ပြေ တယ်လေ၊ လောလောဆယ် အခက်အခဲဖြစ်နေတာ အခြေခံအဆောက်အုံတွေ လမ်းပန်း ဆက်သွယ်ရေးကိစ္စတို့ ရထားလမ်း၊ ကားလမ်းကိစ္စတို့ နောက်အလုပ်အကိုင် ဖန်တီး နိုင်တဲ့ လုပ်ငန်းတွေကိုပေးမယ်ထင်တယ်၊ အတိုးကလည်း နည်းတယ်ဆိုတော့ ခြေနိုင်လက်နိုင်ရှိတယ်၊ တရုတ်ချေးငွေကတော့ ၇ နှစ်နဲ့ ပြန်ဆပ်ရတယ်၊ ၅ နှစ်နဲ့ ပြန်ဆပ်ရတယ်၊ မလွယ်ဘူးလေ။ အတိုးနှုန်းကလည်း များတယ်။ တရုတ်ချေးငွေထက်စာရင်တော့ အများကြီးကောင်းတာပေါ့။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ရေဘေးနဲ့ကြုံခဲ့ရတာကြောင့် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ ၇ ဒသမ ၄ ရာခိုင်နှုန်းကို ကျဆင်းသွားပေမယ့် လက်ရှိဘဏ္ဍာနှစ်မှာ ၈ ဒသမ ၄ ရာခိုင်နှုန်းနဲ့ လာမယ့် ၂၀၁၇ ဘဏ္ဍာနှစ်မှာ ၈ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ဆက်လက်တိုးတက်မယ်လို့ အေဒီဘီက ခန့်မှန်းထား ပါတယ်။ ဒါပေမယ့် ငွေကြေး ဖောင်းပွမှုကတော့ ၉ ဒသမ ၅ ရာခိုင်နှုန်းနဲ့ မြင့်မားနေဆဲပဲလို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ အခြေစိုက်တဲ့ အေဒီဘီဘဏ်ကို ၁၉၆၆ ခုနှစ် ဒီဇင်ဘာမှာ စတင်တည်ထောင်ကာ မြန်မာနိုင်ငံက ၁၉၇၃ ခုနှစ်မှာ အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီး လက်ရှိ အာရှပစိဖိတ် ဒေသတွင်းက အဖွဲ့ဝင်နိုင်ငံပေါင်း ၆၇ နိုင်ငံ ပူးပေါင်းပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013