DVB Logo
Home
Lead Story
တရုတ်-မြန်မာနယ်စပ်၊ အရှေ့မြောက်က ခွဲထွက်ရေးသူပုန်များရဲ့ ပုန်းခိုစရာနေရာသစ်
DVB
·
June 15, 2016
တရုတ်-မြန်မာနယ်စပ်၊ အရှေ့မြောက်က ခွဲထွက်ရေးသူပုန်များရဲ့ ပုန်းခိုစရာနေရာသစ်
Donate to DVB

အိန္ဒိယအရှေ့မြောက်ဒေသက ခွဲထွက်ရေးသူပုန်များဟာ အစိုးရများက ထိထိရောက်ရောက် မထိန်းချုပ်နိုင်တဲ့ ဒေသတခု ဖြစ်ဖွယ်ရာရှိတဲ့ တရုတ်-မြန်မာနယ်စပ် တနေရာကို ပြောင်းရွှေ့ ရောက်ရှိနေကြပါပြီ။ အနည်းဆုံး အစုငယ်လေး ၂ ခု ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဆန့်ကျင်တဲ့ ဂိုဏ်း အာသံ ညီညွတ်သော လွတ်မြောက်ရေးတပ်ဦး (ယူအယ်လ်အက်ဖ်အေ) နဲ့ မဏိပူရ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ပီအယ်လ်အေ) တို့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ နယ်နိမိတ်အစပ် တောတောင်ထူထပ်တဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ အခြေစိုက်နေကြပါပြီ။

ယူအယ်လ်အက်ဖ်အေရဲ့ စစ်ဦးစီးချုပ်ဖြစ်ပြီး အိန္ဒိယနိုင်ငံက အလိုအရှိဆုံး သူတယောက်ဖြစ်တဲ့ ပါရက်ရှ် ဘာရူးဝါးက သူ ပုန်းအောင်းနေရာအနီး လျှို့ဝှက်တနေရာမှာ အာသံရဲ့ ဒေသဆိုင်ရာ ရုပ်သံလွှင့်ဌာနက ဂျာနယ်လစ်တယောက်ဖြစ်တဲ့ ချာယာ မိုနီဘူယန်နဲ့ တွေ့ဆုံ အင်တာဗျူးခဲ့တာကို ထုတ်လွှင့်ခဲ့ပါတယ်။

အင်တာဗျူး ဗွီဒီယိုအပိုင်းထဲမှာ ဘာရူးဝါးဟာ သတင်းထောက်ကို သက်သောင့်သက်သာ ရှိတဲ့ အခန်းတခုထဲမှာ လက်ခံတွေ့ဆုံခဲ့တာကို တွေ့ရပါတယ်။ သူပြောတာတွေ အများစုကတော့ အရင်ကဖြစ်ခဲ့တဲ့ ကိစ္စများနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင် ရပ်တည်ချက်တွေကိုပဲ ထပ်ပြန်ပြောနေခဲ့ တာဖြစ်ပေမယ့် အာသံက ရုပ်သံကြည့် ပရိသတ်တွေကိုတော့ စိတ်ဝင်စားအောင် ဖမ်းစားနိုင်ခဲ့ ပါတယ်။ ဘာရူးဝါး ထပ်ပြန်ပြောတာက အိန္ဒိယအစိုးရအနေနဲ့ အာသံရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုကို အဓိကပြဿနာအဖြစ် လက်ခံဆွေးနွေးပါ့မယ်ဆိုမှ တွေ့ဆုံဆွေးနွေးရေးဟာ ဖြစ်လာနိုင်မှာ ဆိုတာပါပဲ။

သတင်းထောက် ချာယာမိုနီဟာ အဲဒီနောက်ပိုင်းကစပြီး သူမ တွေ့ဆုံ အင်တာဗျူးခဲ့တဲ့ နေရာနဲ့ ခရီးသွားလာခဲ့ပုံ အသေးစိတ်တွေနဲ့ ပတ်သက်ပြီး အာသံရဲဌာန အထူးတပ်ဖွဲ့ရဲ့ စုံစမ်း စစ်ဆေးမေးမြန်းတာ ခံနေခဲ့ရပါတယ်။

“သတင်းထောက်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ အနောက်တောင်ပိုင်းကို သွားခဲ့ပါ တယ်။ သူမဟာ သူပုန်ခေါင်းဆောင်ကို တွေ့ဆုံဖို့ သူမအတွက် တည်းခိုနေထိုင်စရာ စီစဉ်ထား ပေးတဲ့ တရုတ်-မြန်မာနယ်စပ်တနေရာ တောင်ဘက်အရပ်ကို သွားခဲ့ပါတယ်။ သတင်းထောက်ကို သူပုန်ခေါင်းဆောင်က သူနေထိုင်တဲ့နေရာမှာ လက်ခံတွေ့ဆုံခဲ့တာ မဟုတ်ဘဲ သူနေထိုင်ရာနဲ့ ခပ်ဝေးဝေးတနေရာမှာ လက်ခံတွေ့ဆုံခဲ့တာ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်” လို့ ရဲအရာရှိ တယောက်က ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဒေသတလျှောက် လှုပ်ရှားမှုများရဲ့ သမိုင်း

ပြီးခဲ့တဲ့ နှစ်များစွာအတွင်းမှာ သုတေသနနဲ့ လေ့လာသုံးသပ်ရေးဌာနခွဲ၊ ထောက်လှမ်းရေး ဗျူရိုနဲ့ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး စတဲ့ အိန္ဒိယထောက်လှမ်းရေး အေဂျင်စီများဟာ တရုတ်-မြန်မာ နယ်စပ်ဒေသတလျှောက် စစ်သွေးကြွတွေရဲ့ လှုပ်ရှားမှုသတင်းများ၊ သူတို့နဲ့ တရုတ် ထောက်လှမ်းရေးများနဲ့ ဆက်ဆံရေး အခြေအနေများနဲ့ ဘာရူးဝါးရဲ့ လှုပ်ရှားမှုသတင်း အများအပြား ကို ရရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက အမျိုးသားလုံခြုံရေးအကြံပေး၊ ထောက်လှန်ရေးဗျူရိုရဲ့ ဒါရိုက်တာဟောင်း အဂျစ် ဒိုဗယ်က  “ဗိုက်ကန်နန္ဒ နိုင်ငံတကာဖောင်ဒေးရှင်း” ရဲ့ ဝက်ဘ်ဆိုက်မှာ နာဂလန်း အမျိုးသားဆိုရှယ်လစ်ကောင်စီရဲ့ အိုင်ဆက်-မွေဗားဆိုတဲ့ ဂိုဏ်းတခုနဲ့ တရုတ် ထောက်လှမ်းရေး အေဂျင်စီတို့အကြားက ဆက်စပ်မှုကို အကျဉ်းချုပ် ဖော်ပြခဲ့ဖူးပါတယ်။ ယူနန်ပြည်နယ် ရွှေလီဒေသမှာ လူ ၈၀ လောက်ပါဝင်တဲ့ ယူအယ်လ်အက်ဖ်အေ အုပ်စုတစုဟာ ခေတ်မီလက်နက် အပြည့်အစုံ တပ်ဆင်ပြီး လေ့ကျင့်နေကြတယ်ဆိုတဲ့ အကြောင်းကိုလည်း သူက ထည့်ပြောထားပါတယ်။

တရုတ်ထောက်လှမ်းရေးက သူပုန်ခေါင်းဆောင်တချို့နဲ့ အဆက်အသွယ်သစ်တွေ ရှိတယ်ဆိုတာနဲ့ လက်နက်ခဲယမ်းများကိုလည်း ယူနန်ပြည်နယ် မှောင်ခိုတပိုင်းဈေးကွက်မှာ ဝယ်လို့ရတာဖြစ်တယ်ဆိုတဲ့ သတင်း မှန်ကန်ကြောင်း အတည်ပြုနိုင်တာနဲ့ တပြိုင်တည်းမှာ ၁၉၆၀ နဲ့ ၇၀ နှစ်များက နာဂအမျိုးသားကောင်စီ၊ မီဇိုအမျိုးသားတပ်ဦးနဲ့ ပီအယ်လ်အေက တပ်ဖွဲ့တွေ အသုတ်လိုက် အသုတ်လိုက်ကို လေ့ကျင့်သင်တန်းပေးခဲ့သလိုမျိုး ယူအယ်လ်အက်ဖ်အေ ကေဒါများကို တရုတ်နယ်မြေထဲမှာ လေ့ကျင့်ပေးလေမလားဆိုတာ သံသယဖြစ်စရာပါပဲ။ ဘူတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တည်ရှိခဲ့တဲ့ ယူအယ်လ်အက်ဖ်အေရဲ့ အခြေခံစခန်းတွေ အချေမှုန်းခံရပြီးတဲ့ နောက်ပိုင်းမှာ သူပုန်တပ်ဖွဲ့တွေဟာ နာဂဒေသနဲ့ အရူနာချယ် ပရာဒက်ရှ်ရဲ့ အရှေ့ပိုင်းခရိုင်တွေနဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာပဲ အသုတ်အားလုံးလိုလိုဟာ လေ့ကျင့်သင်တန်း တက်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ် ၂၀၁၂ ခုနှစ်က ကျနော်ဟာ ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံ ဟူးကောင်းချိုင့်ဝှမ်းဒေသ စခန်းတခုမှာ ဘာရူးဝါးကို အင်တာဗျူးခဲ့ဖူးပါတယ်။ သူပုန်ခေါင်းဆောင်ရဲ့ ပုန်းခိုရာနေရာဟာ ချင်းတွင်းမြစ်ရဲ့ ဟိုဘက် ကီလိုမီတာရာချီ ဝေးတဲ့၊ တရုတ်ပြည်နယ်စပ်နားက ရှမ်းပြည်နယ်ထဲက တနေရာဖြစ်ပေမယ့် နှစ်စဉ်နှစ်တိုင်း အစည်းအဝေးတွေလုပ်ဖို့ ချိုင့်ဝှမ်း(ဟူးကောင်းချိုင့်ဝှမ်း)ထဲက စခန်းမှာ သီတင်းပတ် အနည်းငယ်လောက် လာရောက်နေထိုင်လေ့ ရှိပါတယ်။

ယူအယ်လ်အက်ဖ်အေ တပ်ဖွဲ့ဝင်ဟောင်းများရဲ့ အဆိုအရ ဒီအဖွဲ့ငယ်နဲ့ ရှမ်းပြည်နယ်တို့ရဲ့ ထိတွေ့ပတ်သက်မှုဟာ ၁၉၈၈ ခုနှစ်လောက်က စခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါက ပထမဆုံး အသုတ် ကေဒါများ သင်တန်းတက်ဖို့ ကချင်ပြည်နယ်ကို သွားခဲ့ပြီး လအနည်းငယ် အကြာမှာပါ။ “ဘာရူးဝါးနဲ့ လူအချို့ဟာ နယ်ချင်းစပ်နေတဲ့ တရုတ်ပြည်ထဲက ယူနန်ပြည်နယ်ကို လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ အကူအညီတောင်းဖို့ သွားရောက်လည်ပတ်ခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ကျနော်တို့ဟာ ပြောက်ကျားစစ်ပညာကို သင်ကြားပေး ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်က ထောက်ပံ့ပေးကမ်းတဲ့ ရိုင်ဖယ်တချို့နဲ့ ပစ္စတိုသေနတ် အချို့ကို ယူပြီး အာသံကို ပြန်လာခဲ့ကြပါတယ်” လို့ မြန်မာနိုင်ငံမှာ လေ့ကျင့်သင်တန်း တက်ခဲ့ဖူးတဲ့ မြေပေါ်ရောက် အလတ်ဆင့် ကေဒါတယောက်က ပြောပြပါတယ်။

၁၉၆၀ ခုနှစ် နောက်ပိုင်းနှစ်များမှာ တရုတ်ကျောထောက်နောက်ခံပြုတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီက မြန်မာနိုင်ငံထဲမှာ စတင်အခြေတည်ဖို့ ထိုးဝင်လာခဲ့ချိန်ကတည်းက ရှမ်းပြည်နယ် ဟာ ဆူဆူပူပူ မငြိမ်မသက်ဖြစ်မှုတွေ ပိုဆိုးလာခဲ့တာပါ။ ၁၉၈၉ ခုနှစ်မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ သူ့အတွင်းပိုင်း ပုန်ကန်မှုကြောင့် ပြိုကွဲသွားပြီး ညီညွတ်သော ဝပြည်နယ်တပ်မတော် (ယူဒဗလျူအက်စ်အေ) အပါအဝင် အဖွဲ့ငယ် ၄ ဖွဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါပေမယ့် လအနည်းငယ်အကြာမှာ ယူဒဗလျူအက်စ်အေတပ်ဖွဲ့ဟာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီး အစိုးရကလည်း ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ပန်ဆန်းမှာ ဗဟိုဌာနချုပ်ရှိတဲ့ ဒီအဖွဲ့ ထိန်းချုပ်ထားရာ နယ်နိမိတ်နဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ညီညွတ်သော ဝပြည်နယ်ပါတီကို အသိအမှတ်ပြုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယူဒဗလျူအက်စ်အေဟာ ပိုမိုကျယ်ဝန်းတဲ့ နယ်မြေကို ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ခွဲပေးဖို့ ကြွေးကြော်နေပြီး ၂၀၁၅ ခုနှစ်မှာ အစိုးရနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်ကို လက်မှတ်မထိုးခဲ့ပါဘူး။

ယူဒဗလျူအက်စ်အေတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဟာ မြန်မာအစိုးရနဲ့ တပ်မတော်တို့က ထိန်းချုပ်ဖို့ လက်လှမ်းမမီတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ နာဂသူပုန် အက်စ်အက်စ်ခက်ပ်လန်က နာဂလန်း အမျိုးသားဆိုရှယ်လစ်ကောင်စီကနေ ဂိုဏ်းခေါင်းဆောင်အဖြစ် ခက်ပ်လန်ဂိုဏ်း (အန်အက်စ်စီအန် - ကေ) ကို ခွဲထုတ်ပြီးနောက် ယူအယ်လ်အက်ဖ်အေနဲ့ ပီအယ်လ်အေတို့ အပါအဝင် အဖွဲ့ငယ်များ အခြေစိုက်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းနဲ့ ခပ်ဆင်ဆင် တူညီပါတယ်။

ကမ္ဘာက ယူဒဗလျူအက်စ်အေအဖွဲ့ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ဘိန်းဖြူနဲ့ မက်သာဖက်တမင်း (ယာမ) ထုတ်လုပ်မှုတွေမှာ ပါဝင်ပတ်သက်မှုတွေကြောင့် ပိုမိုသိရှိကြတာပါ။ အမေရိကန်က ယူဒဗလျူအက်စ်အေကို ၂၀၁၃ ခုနှစ်ရောက်မှ နာမည်ပျက်စာရင်း သွင်းခဲ့ပေမယ့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ နှစ်ပေါင်းများစွာကတည်းက တိုးတက်ပြီး ဖြစ်နေပါတယ်။ အိန္ဒိယ အရှေ့မြောက်ဒေသကို ဝင်ရောက်လာတဲ့ ရာခိုင်နှုန်း မြင့်မားတဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်း မီးကျောက်တွေဟာ မြန်မာနိုင်ငံ ဝ ဒေသမှာ မြစ်ဖျားခံတယ်လို့ ယုံကြည်ရပါတယ်။

မြန်မာအကဲခတ်များရဲ့ အဆိုအရ တရုတ်ဟာ အမ်းမတ်ကား (လက်နက်တပ်ဆင်ထားသည့် စစ်သုံးယာဉ်) လို လေယာဉ်ပစ်သေနတ်လို ခေတ်မီစစ်ရေးကိရိယာတွေကို အမြဲတမ်းတပ်အင်အား ၂၅၀၀၀ လောက်နဲ့ အရန်တပ်အင်အား ထောင်ပေါင်းများစွာရှိတဲ့ ယူဒဗလျူအက်စ်အေကို ရောင်းချပေးခဲ့ပါတယ်။ အန်တိုနီ ဒေးဗစ်ရဲ့ အဆိုအရ ပီကင်းက ရည်ရွယ်တာက မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့စီးပွားရေးနဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေ ထိခိုက်စေတာမျိုးကို သည်းခံလိမ့်မယ် မဟုတ်ဘူးဆိုတာ နေပြည်တော်က သိရှိအောင် သတင်းပေးလိုတာပါတဲ့။ (Jane’s Intelligence Reviw, December 2012)။ မြန်မာနိုင်ငံက အနောက်နိုင်ငံများ၊ ဂျပန်နဲ့ အိန္ဒိယတို့နဲ့ လွန်ခဲ့တဲ့နှစ် အနည်းငယ်က ပိုမိုနီးကပ်စွာ ဆက်ဆံလာပြီးတဲ့နောက် တရုတ်က သတိပေးမှုတွေ လုပ်လာခဲ့တာ ဖြစ်ပါတယ်။

အယုံသွင်းလှည့်ဖျားလိုမှုနဲ့ နေပြည်တော်ရဲ့ ထိန်းချုပ်မှု ကင်းဝေးနေတဲ့ အခြေအနေအောက်မှာ အိန္ဒိယအရှေ့မြောက်က သူပုန်အုပ်စုများဟာ ဝ တွေ ထိန်းချုပ်ထားရာ ဒေသဟာ ယာယီတဲထိုးခိုလှုံဖို့ အကောင်းဆုံးဒေသ ဖြစ်ပါတယ်။ ပီအယ်လ်အေဟာ အဲဒီတောင်တန်းဒေသမှာ ပထမဦးဆုံး ခြေချတဲ့အဖွဲ့ ဖြစ်ခဲ့ပါတယ်။ မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလစ်တနာရဲ့ ဆောင်းပါး (Great Game East: India, China and the Struggle for Asia’s Most Volatile Frontier) မှာ ဖော်ပြထားသလို လက်တဆုပ်စာ မဏိပူရ ကေဒါများဟာလည်း စီးပွားရေးလုပ်ငန်းလေးတွေ လုပ်ကိုင်ရင်း အဲဒီနယ်စပ်ဒေသမှာ အခြေချခဲ့ကြတယ်လို့ ယူဆရပါတယ်။ အရှေ့မြောက်အိန္ဒိယဒေသက သူပုန်အုပ်စုတွေထဲမှာ ပီအယ်လ်အေကတော့ ကေအိုင်အေဆီကိုသွားပြီး သင်တန်းတက်ခဲ့တဲ့ ပထမဦးဆုံးအုပ်စုလည်း ဖြစ်ပါတယ်။

“ဒါပေမယ့် ယူအယ်လ်အက်ဖ်အေအဖွဲ့က ယူဒဗလျူအက်စ်အေနဲ့ စတင်ဆက်ဆံခဲ့တာက ၂၀၀၈ ခုနှစ်မှပါ။ စစ်ဦးစီးချုပ် ဘာရူးဝါးက ဝ ခေါင်းဆောင်တွေထံမှာ သူ အဲဒီမှာ စခန်းချနေထိုင်လိုကြောင်း ပြောခဲ့တဲ့အချိန်ကပေါ့။ နောက် ၁ နှစ်လောက်ကြာတော့ တရုတ်နယ်စပ် ရွှေလီတို့ ယင်ကျန်းတို့နဲ့ ကောင်းကောင်းဆက်သွယ်နိုင်တဲ့ နယ်စပ်ဒေသ တနေရာမှာ ယူအယ်လ်အက်ဖ်အေရဲ့ စခန်းငယ်ကလေးတခု ရှိလာခဲ့ပါတယ်” လို့ ယူအယ်လ်အက်ဖ်အေရဲ့ တွေ့ဆုံဆွေးနွေးရေး လိုလားတဲ့အုပ်စုက အရာရှိတယောက်က ပြောပါတယ်။

သူက ထပ်ပြောပါသေးတယ်။ အင်္ဂလန်မှာ ဆရာဝန်လုပ်နေတဲ့ ယူအယ်လ်အက်ဖ်အေရဲ့ ဥက္ကဋ္ဌ အဗီဂျစ် အဆွမ်ဟာလည်း အဲဒီစခန်းကို ၂၀၁၅ ခုနှစ်က လာရောက် လည်ပတ်ခဲ့ပါတယ်တဲ့။ အဲဒါက မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးထဲက တဂ (Taga) မှာ အန်အက်စ်စီအန် - ကေရဲ့ ဥက္ကဋ္ဌ ခက်ပ်လန်နဲ့ မတွေ့ဆုံမီမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို လွန်ခဲ့တဲ့ စက်တင်ဘာလက အာသံရဲ့ ဒေသဆိုင်ရာ သတင်းချန်နယ်မှာ အသံလွှင့်သွားပါသေးတယ်။ ဒီအဖွဲ့ရဲ့ လူထုဆက်ဆံရေး အတွင်းရေးမှူုး အာရွမ်နိုဒွိုင်၊ ဆာလင်းနဲ့ ဂျွိုင်းတစ်ရှ် ဘာရာလီတို့ အပါအဝင် အဖွဲ့ရဲ့ အခြားအမှုဆောင်လူကြီးများလည်း ဒီစခန်းကို ပုံမှန်လာရောက်လေ့ ရှိပါတယ်။ အဲဒီစခန်းမှာ အခြေချနေထိုင်တဲ့ ကေဒါတွေကိုတော့ တခြားကို ထွက်ခွာသွားဖို့ ဒါမှမဟုတ် တခြားစခန်းတွေကို ပြောင်းရွှေ့နေထိုင်ဖို့ ခွင့်မပြုဘူးဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ရရှိထားပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဒေသတလျှောက်မှာ ဒီလိုစခန်းတွေ အခြေချလာတာရယ် စစ်သွေးကြွကေဒါတွေ အိန္ဒိယအရှေ့မြောက်ဒေသမှာ တိုးတက်များပြားလာတာရယ်တို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးထဲက အန်အက်စ်စီအန် - ကေအဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ သူပုန်အခြေခံစခန်းတွေမှာ အလျှင်အမြန် အပြောင်းအလဲတွေ ဖြစ်နေတာနဲ့ တိုက်ဆိုင်နေပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ နာဂအုပ်စုဟာ မြန်မာ့တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီး ပဋိပက္ခ ဖြစ်ပွားနေတဲ့ နှစ်ပါတီအကြား ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်ရေးအပေါ် အကျိုးသက်ရောက်စေခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်က အန်အက်စ်စီအန် - ကေအဖွဲ့ဟာ ရန်ကုန်မှာ အစိုးရနဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရေး ဖြစ်နိုင်ချေများကို ရှာဖွေဖို့ သူ့ရဲ့ ကိုယ်စားလှယ်များကို စေလွှတ်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ (၂၀၁၂ ခုနှစ်က ကျနော် သွားရောက်လည်ပတ်ခဲ့တဲ့) အရှေ့မြောက်ဒေသက သူပုန်အုပ်စုများရဲ့ ဌာနချုပ်တွေ အခြေစိုက်ရာ တဂမှာ စစ်စခန်းဆောက်မယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။

ယူအယ်လ်အက်ဖ်အေနဲ့ ပီအယ်လ်အေတို့ တရုတ်-မြန်မာနယ်စပ်တလျှောက် ထွက်ပေါ်လာခြင်းက သူပုန်အုပ်စုများရဲ့ စခန်းတွေနဲ့ ပုန်းခိုရာ နေရာတွေ ကျဉ်းမြောင်းလာနေတယ် ဆိုတဲ့ သက်သေဖြစ်ပါတယ်။ တရုတ်နယ်စပ်တလျှောက် လေ့ကျင့်ရေးစခန်းတွေ အနာဂတ်ကာလမှာ ရှိလာနိုင်မလားဆိုတာ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် အဲဒီနေရာဟာ တကယ်တမ်း တိုက်ပွဲဝင်ရမယ့် အရှေ့မြောက်ဒေသ (အိန္ဒိယ) နဲ့ ဝေးကွာလွန်းလှပါတယ်။ အဲဒီစခန်းတွေကနေ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွေကို သွားရမယ့်ခရီးဟာ အနည်းဆုံး ၄ ပတ်လောက်ကြာမှာ ဖြစ်ပြီး ချင်းတွင်းမြစ်ကို ဖြတ်ရမယ်၊ ပြီးတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကြမ်းတမ်းတဲ့ တောတောင်ခရီးကို ဖြတ်သန်းရပါလိမ့်မယ်။

ဘာသာပြန်သူ - ရဲထွန်း (သီပေါ)

ရေးသူ - Rajeev Bhattacharyya

The wire website မှ ရာဂျစ် ဘာတာချာယား (Rajeev Bhattacharyya) ၏ The Sino-Myanmar Border: The New Hideout for Separatist Rebels from the Northeast ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

(ရာဂျစ် ဘာတာချာယားသည် အာသံပြည်နယ် ဂူဝါဟတ္တီမှ အကြီးတန်းဂျာနယ်လစ်တဦးဖြစ်ပြီး “သူပုန်များနဲ့ ချိန်းဆိုရာ = အိန္ဒိယက အလိုချင်ဆုံးလူတယောက်နဲ့ တွေ့ဖို့သွားတဲ့ခရီး” (Rendezvous With Rebels: Journey to Meet India’s Most Wanted Men.)  စာအုပ်ကို ရေးသားသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013