DVB Logo
Home
Lead Story
မှန်ကန်တဲ့ဥပဒေတွေ ပြဋ္ဌာန်းလို့ အကျင့်ဆိုးတွေကို ပြောင်းလဲပစ်နိုင်တယ်
DVB
·
June 14, 2016
မှန်ကန်တဲ့ဥပဒေတွေ ပြဋ္ဌာန်းလို့ အကျင့်ဆိုးတွေကို ပြောင်းလဲပစ်နိုင်တယ်
Donate to DVB

မြန်မာစကားမှာ သုံးကြတဲ့ အကျင့်ပါတယ်၊ အထုံပါတယ်ဆိုတာ အတွေးအကြံ၊ အပြောအဆို၊ အပြုအမူတရပ်ကို ထပ်ဖန်တလဲလဲ ပြုပါ၊ ကျူးလွန်ပါများတဲ့အခါ မသိစိတ်ထဲအထိ စွဲငြိသွားတဲ့အဆင့်ကို ရောက်ပြီး အလိုအလျောက် တွေးကြံ၊ ပြောဆို၊ ပြုမူနေတော့တာကို ဆိုလိုကြတာ မဟုတ်လား။ အဲ့ဒါကို အင်္ဂလိပ်စကားမှာတော့ Habit လို့ သုံးနှုန်းကြပါတယ်။ Have a bit, have a bit and become habit လို့လည်း တချို့က ဆိုကြပါတယ်။ နည်းနည်း နည်းနည်းချင်း လိုက်စားရင်း အကျင့်ဝသီစရိုက်အဖြစ် ရောက်ရှိသွားတာပါပဲ။

စစ်အာဏာရှင်တွေ နှစ်ပေါင်း ၅၀ ကျော် စိတ်တိုင်းကျ ဗိုလ်ကျဖျက်ဆီးခဲ့တဲ့ ခေတ်ဆိုး  ခေတ်ပျက်ကြီးအောက်မှာ ရှင်သန်ရုန်းကန်ခဲ့ရတဲ့ မြန်မာပြည်သူပြည်သားတွေမှာလည်း အဲ့ဒီခေတ်ပျက်ကြီးက ပြဋ္ဌာန်းလိုက်တဲ့ အကျင့်ဆိုး၊ အထုံစရိုက်ဆိုး များစွာကပ်ငြိလို့ မကောင်းတဲ့ အလေ့အထ အထောင်အသောင်းတွေထဲမှာ နစ်မွန်းနေခဲ့ကြရတာ မဟုတ်လား။

အမှိုက်ဆိုလည်း ကြုံရာ ဖြစ်သလို ပစ်ကြရတယ်။ အမှိုက်ပုံးဆိုတာ နေရာတိုင်းမှာ မရှိ၊ အမှိုက်ကို စည်းမဲ့ကမ်းမဲ့ပစ်ရင် အရေးယူ အပြစ်ပေးပြီး ထိန်းကြောင်းပေးမယ့် ဥပဒေကလည်း ကောင်းကောင်းမရှိဆိုတော့ လမ်းဘေးဖြစ်ဖြစ်၊ ရေမြောင်းထဲဖြစ်ဖြစ် ပစ်ကြတာ မဆန်းတော့ဘူးပေါ့။ ကွမ်းသွေးဆိုလည်း ကြုံသလိုထွေးကျ၊ အိမ်ခွန်လည်းမဆောင်၊ ၀င်ငွေခွန်လည်းမဆောင်၊ မီးရထား တန်ဆာခွန်တောင် မဆောင်ကြတော့ဘူး။ ရှောင်လို့ရအောင်လည်း ခေတ်က ခွင့်ပြုထားတာကိုး။ လာဘ်ပေးလာဘ်ယူတဲ့ နည်းမျိုးစုံနဲ့ မပေးရအောင် လုပ်နိုင်တယ်လေ။ တရားဥပဒေစိုးမိုးမှု မရှိဘူး မဟုတ်လား။

လမ်းကူးရင်လည်း ဖြစ်သလို ကူးကြရတယ်။ လူကူးတံတား၊ မျဉ်းကျားတွေက လုံလုံလောက်လောက် မရှိ၊ လူမကူးသင့်တဲ့ နေရာတွေမှာ အကာအရံတွေ လုံလုံလောက်လောက် တတ်မထားဘူးဆိုတော့ မီးပွိုင့်မီးနီလည်း ကူး၊ ကိုယ့်အသက်ကို ပဓာနမထားဘဲ ကားတွေကြား စွန့်စွန့်စားစား ကူးကြရတာ မဟုတ်လား။ တခြားသူတွေ တန်းစီနေတာသိလည်း ကြားဖြတ်ဝင်၊ အပင်ပန်းမခံဘဲ လူလည်လုပ်၊ ကလိမ်ကကျစ်နည်းတွေနဲ့ လူပေါ်လူဇော်လုပ်၊ အနိုင်ကျင့်ဗိုလ်ကျ အရှက်မဲ့ မျက်နှာပြောင်တိုက်နည်းတွေ သုံးတဲ့ အကျင့်တွေ နိစ္စဓူဝ လုပ်လာခဲ့ကြတော့ သမားရိုးကျကိစ္စတွေလို ဖြစ်လာပြီး အဲဒီအကျင့်ဆိုးတွေ အသွေးထဲအသားထဲထိရောက်ပြီး အလင်းတည်လာခဲ့တော့တာပေါ့။

အလုပ်ချိန်ဆိုလည်း နောက်ကျသွားမယ်၊ ပြည်သူပိုင်ပစ္စည်းဆို ရသလောက် ခိုးကြတော့တာ မဟုတ်လား။ အမှုအခင်း ရင်ဆိုင်ရရင်လည်း ဥပဒေကြောင်းအရ မရင်ဆိုင်ကြတော့ဘူး၊ ငွေနဲ့လိုက်မယ်၊ အဆက်အသွယ်နဲ့ လိုက်မယ်၊ ဒါတွေဟာ အုပ်ချုပ်ပုံစနစ် မမှန်၊ အုပ်ချုပ်သူ မမှန်ခဲ့တော့ ဥပဒေတွေက လျော့ရဲပြီး လူ့အဖွဲ့အစည်းကြီးတရပ်လုံး ယိုယွင်းခြစားအောင် ခေတ်ဆိုးကြီးက ခွင့်ပြုခဲ့တာကိုး။ တချို့ကတော့ တွေးကောင်းတွေးကြမယ်။ ဒီလောက်တောင် တနိုင်ငံလုံး အတိုင်းအတာနဲ့ စည်းပျက်ကမ်းပျက် ယိုယွင်းပျက်ဆီးခဲ့တာ နှစ်ပရိစ္ဆေဒ ကြာညောင်းခဲ့မှတော့ အဲ့ဒီ ဂျွတ်တက်နေတဲ့ အကျင့်ဆိုးတွေ ပြင်လို့ မရနိုင်တော့ဘူးလို့ စိတ်ပျက်ကောင်းပျက်ကြမယ်။ စိတ်မပျက်ပါနဲ့ ပျက်အစဉ် ပြင်ခဏဆိုတဲ့စကား ရှိပါတယ်။

ဒီနေရာမှာ ကြားဖြတ်ပြီး စင်ကာပူနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း အသန့်ရှင်းဆုံး တိုင်းပြည်တွေထဲ ပါဝင်လာ ဖြစ်လာအောင် ဘယ်လိုလုပ်ဆောင်ခဲ့သလဲဆိုတာ အကျဉ်းချုံး ပြောချင်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ မလေးရှားနိုင်ငံက ခွဲထွက်ခဲ့စမှာ သယံဇာတဆိုတာ ဘာမှ မယ်မယ်ရရမရှိတဲ့ ရွှံ့တောညွှံတောသာသာရှိတဲ့ နိုင်ငံသာ ဖြစ်တယ်။ နေထိုင်သူအများစုကလည်း တရုတ်ပြည်၊ အိန္ဒိယပြည်ကနေ ရေခြားမြေခြားကို စွန့်စားထွက်ခွာလာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒေသခံ မလေးရှားလူမျိုးတွေဆိုတော့ ပညာတတ်သူ အလွန်နည်းပါးပြီး ဆင်းရဲကြတယ်။ လူမျိုးရေးပဋိပက္ခတွေဖြစ်၊ ရာဇ၀တ်သား လူဆိုးဂိုဏ်းတွေ အလွန်ပေါပြီး ရိုက်ကျနှက်ကျ၊ သတ်ကျဖြတ်ကျနဲ့ တရားဥပဒေစိုးမိုးမှု မရှိဘူး။ ဥပဒေတွေက လျော့ရဲတော့ လူတွေကလည်း စည်းကမ်းမရှိဘူး။ လက်ရှိ မြန်မာနိုင်ငံရောက်ရှိနေတဲ့ အခြေအနေနဲ့ တချို့အပိုင်းတွေမှာ တော်တော်ဆင်တူတယ်။

အဲဒီမှာ စင်ကာပူကံကောင်းတာက လီကွမ်ယုဆိုတဲ့ ခေါင်းဆောင်ကို ရလိုက်တာပါ။ အမြော်အမြင်ရှိပြီး အရည်အချင်းပါရှိတဲ့ လီကွမ်ယုဟာ မနီးမဝေးက အောင်မြင်စပြုနေတဲ့ အိမ်နီးချင်းနိုင်ငံတွေကို လေ့လာရင်း မြန်မာနိုင်ငံကို အားကျခဲ့သတဲ့။ အဲဒီအချိန်တုန်းက ရန်ကုန်မြို့တော်ဟာ အတော်သန့်ရှင်းတယ်ဆိုပဲ။ ကမ်းနားလမ်းတို့၊ ဆူးလေဘုရားလမ်းတို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း ဆိုတာတွေဟာ ကောင်းမွန်တဲ့ အမှိုက်သိမ်းတဲ့စနစ်တွေ၊ ရေဖျန်းတဲ့စနစ်တွေနဲ့ အခုခေတ် စင်ကာပူက (Orchard) အော့ချာဒ်လမ်းမကြီးလို နေမှာပေါ့၊ အလွန်သန့်ရှင်းလှပတယ်လို့ ဖတ်ခဲ့ဖူးတယ်။

ဒီတော့ လီကွမ်ယုက ၁၉၆၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ ပထမဆုံး “Keep Singapore Clean” စင်ကာပူကို သန့်ရှင်းစို့ဆိုတဲ့ စီမံချက်နဲ့ လူထုကို ပညာပေးရေး အစီအမံနဲ့ တကွ အမှိုက်ပုံးတွေ နေရာချ၊ အမှိုက်သိမ်းစနစ်တွေ ထူထောင်ပြီး အင်တိုက်အားတိုက် စတင်ဆောင်ရွက်ခဲ့သတဲ့။ ၁၉၆၉ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့မှာ ပတ်ဝန်းကျင်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဥပဒေ (Environmental Public Health Act) ကို ပြဋ္ဌာန်းခဲ့တယ်။ အဲ့ဒီဥပဒေထဲမှာ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်တာကို ငွေဒဏ်ချမှတ်ပြီး အပြစ်ပေးတဲ့ ဥပဒေတရပ်လည်း ပါဝင်တယ်။ အများပိုင်နေရာတွေမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တဲ့သူတွေကို ပထမအကြိမ်ဆိုရင် ဒေါ်လာ ၅၀၀ နဲ့ ထပ်ကျူးလွန်ရင် ဒေါ်လာ ၂၀၀၀ ထိ ငွေဒဏ်ချနိုင်တယ်။

ဒါပေမယ့် အကျင့်မဖျောက်နိုင်တဲ့သူတချို့က ဆောင်ရမယ့်ဒဏ်ကြေးက နည်းတာကြောင့် ဥပဒေကို မထေမဲ့မြင်ပြုပြီး အမှိုက်ဆက်ပစ်နေတာ တွေ့လာရတော့ လူရှေ့သူရှေ့ အမှိုက်ကောက်ရတဲ့ အပြစ်ဒဏ် (Corrective Work Order) နဲ့ ပိုမိုပြင်းထန်တဲ့ ငွေဒဏ်တွေ ထပ်ဖြည့်ခဲ့ရတယ်။ အခုနောက်ဆုံး အမှိုက်ပစ်ငွေဒဏ်က ပေါ့တော့တော့ မဟုတ်ပါဘူး။ ပထမအကြိမ်ပစ်သူကို စင်ကာပူဒေါ်လာ ၂၀၀၀၊ ဒုတိယအကြိမ်ပစ်သူကို ဒေါ်လာ ၄၀၀၀၊ တတိယအကြိမ်နဲ့ အထက်ဆိုရင် ဒေါ်လာ ၁၀,၀၀၀ ထိ ချမှတ်နိုင်ပါတယ်။

စင်ကာပူမှာ စံချိန်တင်ခဲ့တဲ့ အမှိုက်ပစ်ငွေဒဏ်ကတော့ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလတုန်းက ဖြစ်ပွားခဲ့ပါတယ်။ အမျိုးသားတယောက်ဟာ သူနေထိုင်တဲ့ တိုက်အပေါ်ထပ်ကနေ အောက်ကို သောက်ပြီးသား စီးကရက်အတိုတွေ အကြိမ် ၃၀ ကျော် တောက်ထုတ် လွှင့်ပစ်ခဲ့တာကို စောင့်ကြည့်ကင်မရာမှာ လက်ပူးလက်ကြပ်မိတာမို့ ဒဏ်ကြေးငွေ စင်ကာပူဒေါ်လာ ၁၉,၈၀၀ တိတိ ပေးဆောင်ခဲ့ရပါတယ်။

စင်ကာပူမှာ တံတွေးကို တွေ့ကရာထွေးရင်လည်း ဒဏ်ငွေ ဒေါ်လာ ၁၀၀၀၊ ခိုစာကျွေးရင် ဒေါ်လာ ၅၀၀၊ အများပိုင်လမ်းကို ပိတ်ဆို့အောင် လေတံခွန်လွှတ်တမ်းကစားရင် ဒေါ်လာ ၅၀၀၀၊ စည်းကမ်းမဲ့ လမ်းဖြတ်ကူးရင်လည်း ဒေါ်လာ ၁၀၀၀ အပြင် ထောင်ဒဏ် ၃ လအထိ ကျခံရနိုင်ပါတယ်။ ကျွန်းနိုင်ငံလေးဆိုတော့ စည်းကမ်းဥပဒေတွေ ပိုတင်းကျပ်ရတာပေါ့။ မဟုတ်ရင် ချက်ချင်း ညစ်ပတ်နံစော်သွားမှာ မဟုတ်လား။

ကဲ အခု မြန်မာနိုင်ငံဘက် ပြန်ကြည့်လိုက်ရအောင်။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ပြည်သူအများစု မဲဆန္ဒတွေနဲ့ ရွေးကောက်ခံခဲ့ရလို့ ပြီးခဲ့တဲ့ ဧပြီလက နိုင်ငံတော်အာဏာ လွှဲပြောင်းယူခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကတော့ အစိုးရဖြစ်ဖြစ်ခြင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ လွှတ်တော်အမတ်တွေနဲ့ ပါတီဝင်တွေကို အမှိုက်ကောက်ခိုင်းခြင်းနဲ့ ညစ်ပတ်နေတဲ့ နိုင်ငံတော်ကြီး သန့်ရှင်းရေးစီမံချက်ကို စတင်ခဲ့တာ လူတိုင်းသိပြီးသားပါ။

ပြီးခဲ့တဲ့လတုန်းကလည်း စည်းမဲ့ကမ်းမဲ့ အမှိုက်မပစ်ဖို့၊ ကွမ်းတံတွေး မထွေးဖို့၊ လမ်းပိတ်မကစားဖို့၊ ဈေးမရောင်းဖို့ စတဲ့တားမြစ်ချက်တွေ၊ ဥပဒေတွေကို ပြစ်ဒဏ်တွေနဲ့ အစိုးရသစ်က ထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူတချို့လည်း ၀င်ရောက်ပူးပေါင်းလာကြပြီး ကွမ်းတံတွေး စနစ်တကျထွေးဖို့ ပညာပေးလုပ်ငန်းတွေ တနိုင်တပိုင် လုပ်ဆောင်လာကြတာဟာ ၀မ်းမြောက်စရာ ကောင်းပါတယ်။ ဥပဒေ၊ တားမြစ်ချက်တွေ တဘက်ကထုတ်ပြန်ရင်း အခြားတဘက်မှာ ပြည်သူလူထု လိုက်နာနိုင်အောင်၊ စည်းကမ်းတကျ နေနိုင်အောင် လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အမှိုက်ပုံးတွေ လိုအပ်တဲ့နေရာမှာ လုံလုံလောက်လောက်ရှိနေဖို့ အမှိုက်ပုံးတွေကိုလည်း ပုံမှန်သိမ်းတဲ့စနစ်တွေ၊ မှန်ကန်တဲ့ အမှိုက်စွန့်ပစ်တဲ့စနစ်တွေ၊ ဒီအတွက် လိုအပ်တဲ့ စက်ပစ္စည်းကိရိယာ၊ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရမှာပါ။

နိုင်ငံတနိုင်ငံဖြစ်ဖြစ်၊ ပါတီတရပ် အဖွဲ့အစည်းတရပ်ဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တဦးချင်းစီအတွက် ဖြစ်ဖြစ် မှန်ကန်တဲ့ တရားဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေဆိုတာ မရှိမဖြစ် အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို ရုပ်ပိုင်းစိတ်ပိုင်း အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ တိုင်းပြည်အတွက်ဆို ပိုလို့ အရေးကြီးပါတယ်။ တရားဥပဒေဟာ လူတွေရဲ့ အသိတရားနဲ့ နှလုံးသားကို ပြောင်းလဲမပေးနိုင်ပေမယ့် အကျင့်ဆိုး၊ စရိုက်ဆိုး၊ အလေ့အထဆိုးတွေကို ဖျောက်ဖျက် ပြုပြင်ပေးနိုင်စွမ်း ရှိပါတယ်။

ဥပဒေပြဋ္ဌာန်းတယ်ဆိုတာ ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့အညီ အတင်းအလျှော့ လုပ်သင့်ရင်လုပ်၊ ပြင်ဆင်သင့်ရင် ပြင်ဆင်ဖို့လည်း လိုတယ်။ ချမ်းသာကြွယ်ဝပေမယ့် စည်းပျက်ကမ်းပျက် နေလိုသူတွေ ငွေဒဏ်ဆောင်နိုင်လို့ အမှိုက်ပစ်ချင်သလို မပစ်နိုင်အောင် ထောင်ဒဏ်ထည့်သင့်ရင် ထည့်ဖို့လိုတယ်။

အချုပ်အားဖြင့်ဆိုရရင်တော့ ဆောင်းပါးအထက်ပိုင်းမှာ ရေးပြခဲ့တဲ့အတိုင်း စင်ကာပူနိုင်ငံ တည်ထောင်စကလို သူ့နိုင်ငံသားတွေကို စည်းကမ်းရှိရှိ နိုင်ငံကြီးသားတွေလို နေတတ်လာအောင် အလေ့အထကောင်းတွေ ထူထောင်ပေးရာမှာ သင့်တော်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းလို့ ဆောင်ရွက်ခဲ့အတိုင်း မြန်မာနိုင်ငံတော်သစ် တည်ထောင်ခန်းမှာ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းလို့ စစ်အာဏာရှင် စနစ်ဆိုးက စွဲကပ်လာတဲ့ အကျင့်ဆိုးတွေ ဖျောက်ဖျက်ချိန် ရောက်လာပြီမို့ အပြောင်းအလဲနဲ့အတူ လိုက်ပါကြဖို့ လေးလေးနက်နက် တိုက်တွန်းလိုက်ပါတယ်။

 

မင်းကောင်းချစ်

ဇွန်လ (၂) ရက်နေ့  ၂၀၁၆ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013