DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ စစ်ကိုင်းအန်အယ်လ်ဒီက သစ်ပင် ၇ သိန်းကျော် စိုက်မယ် - ဦးမြင့်ကြည်
DVB
·
June 14, 2016
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ စစ်ကိုင်းအန်အယ်လ်ဒီက သစ်ပင် ၇ သိန်းကျော် စိုက်မယ် - ဦးမြင့်ကြည်
Donate to DVB

ဇွန်လ ၁၉ ရက်နေ့မှာကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းမှာ သစ်ပင် ၇ သိန်း ၁ သောင်း စိုက်ပျိုးကြမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။
စိုက်ပျိုးပြီးတဲ့အခါ သစ်ပင်တွေ ရေရှည်ရှင်သန်မှုအတွက်လည်း စနစ်တကျဆောင်ရွက် သွားကြဖို့ ဆော်သြထားပါတယ်။
ဒီအစီအစဉ်နဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းအတွင်းရေးမှူး ဦးမြင့်ကြည်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မြောက် မွေးနေ့မှာ စစ်ကိုင်းတိုင်းက ထူးခြားအစီအစဉ်အဖြစ် တိုင်းအတွင်းသစ်ပင်စိုက်မယ်ဆိုတာ ပြောပြပါလား။
“ထူးခြားအစီအစဉ်ကတော့ ကျနော်တို့က ဇွန် ၁၂ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င်ပေါ့လေ၊ ဖိတ်တာတော့ ပါတီပေါင်းစုံဖိတ်တာ ဒါပေမယ်လို့။ ကျနော်ကနေပြီးတော့ တိုင်းအစိုးရအဖွဲ့ကိုစာတင်လိုက်တယ်လေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဦးဆောင်ပြီးတော့ အစိုးရနဲ့ရော၊ ပြီးတော့ တိုင်းအတွင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ပါတီရော၊ ပြည်သူလူထုရော ဒီလေးဖွဲ့ကို ပေါင်းစပ်ညှိနှိုင်း ပြီးတော့ သစ်ပင်စိုက်ပွဲလုပ်မယ်၊ တတိုင်းလုံးပေါ့လေ။ အဲဒါကို စာတင်လိုက်တဲ့အခါကျတော့ အဲဒီနေ့မှာ ဆွေးနွေးပွဲလုပ်တယ်။ တိုင်းဒေသကြီးအစိုးရရုံးမှာ ၀န်ကြီးချုပ်အပါအ၀င်ပေါ့၊ ဌာနဆိုင်ရာတွေအကုန်လုံးပေါ့၊ သစ်တောဌာနရော၊ တခြားဌာနရော၊ နောက်တခါ ခရိုင်အုပ်ချုပ်ရေးမှူးတွေရောပေါ့၊ အကုန်လုံးအဲဒီမှာ အစည်းအဝေး လုပ်လိုက်တာလေ။ အစည်းအဝေးလုပ်ပြီးတော့မှ ဒီ သစ်ပင်စိုက်တဲ့ပွဲဟာ ကျနော်တို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲ ၇၁ နှစ်ပြည့်ပေါ့ သစ်ပင် ၇ သိန်းနဲ့ ၁ သောင်း ကျနော်တို့စိုက်မယ်၊ စိုက်တဲ့အခါမှာ ထူးခြားမှုဆိုတာက ရှင်သန်မှုကို အဓိကအာရုံထားမယ်၊ နောက်ပြီးတော့ သစ်ပင်စိုက်တဲ့နေရာမှာ တရက်တည်းမဟုတ်ဘဲနဲ့ ရှေ့ဆက်ပြီးလည်း စိုက်သွားမယ်ပေါ့။ အဲဒါမျိုးလေးတွေ သူတို့ အစီအစဉ်ချပြီးလုပ်ထားတာရှိတယ်။”
“အဲဒီလိုစိုက်ဖို့ စီစဉ်ထားတဲ့အခါမှာ ကျနော်တို့ ခရိုင်တွေ၊ မြို့နယ်တွေကိုလည်း သူတို့ တိုင်းအုပ်ချုပ်ရေးမှူးပေါ့နော်၊ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးက အဲဒီအစည်းအဝေးမှာပဲ ဆိုင်ရာ ဆိုင်ရာ အဆင့်ဆင့်ကို ကျနော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိတဲ့သူတွေနဲ့ ညှိနှိုင်း ပြီးတော့မှ ဘယ်နေရာကို စိုက်မယ်၊ ဘယ်နှပင်စိုက်မယ်၊ အဲဒီစိုက်တဲ့နေရာမှာ သစ်ပင်စွဲဖို့ အတွက်ကို ဘယ်လိုတာဝန်ယူမယ်ဆိုတဲ့အစီအစဉ်တွေကို ပူးပေါင်းဆောင်ရွက်ကြမယ် ဆိုပြီးတော့ ကတိပေးသွားတယ်ပေါ့နော်။ ကတိပေးသွားတဲ့အတိုင်းပဲ မုံရွာမှာဆိုရင် မနေ့တုန်းက ဆိုရင် သစ်ပင်တွေ ဘယ်လောက်ရှိတယ်။ သူတို့ ၃ နေရာကို ခွဲစိုက်ပျိုးဖို့အတွက် ခင်ဗျားတို့ အဖွဲ့ချုပ်ကလူတွေ၊ ရွာကလူတွေလာယူရင် ဒုက္ခရောက်မှာစိုးလို့ ဆိုပြီးတော့ ဒီကနေ့မုံရွာရုံးကို သစ်ပင်တွေလာပို့ကြမှာ၊ အဲလိုဟာမျိုးတွေပေါ့။ ဌာနဆိုင်ရာကလည်း ညှိနှိုင်းပြီးဆောင်ရွက်တဲ့ အနေအထားလေးတွေ ရုပ်လုံးပေါ်လာတယ် ပေါ့ဗျာ ကျနော်တို့ တိုင်းအနေနဲ့ကတော့။”

မွေးနေ့ပွဲမှာ သစ်ပင်စိုက်ပျိုးမှုကို လှုပ်ရှားမှုတခုအဖြစ် ဘယ်လိုမျိုးစဉ်းစားပြီးတော့ ရွေးချယ်လိုက်တာလဲ သိပါရစေ။
“ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောပြရမယ်ဆိုရင်ကတော့ ဒီသစ်ပင်စိုက်ပွဲကို အခြေပြုပြီးတော့ ကျနော်တို့ရဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလို့ ခေါ်တဲ့အပိုင်းပေါ်မှာ ဂုဏ်တက်ပြီးခေါ်တာမဟုတ်ဘူး၊ နှစ်သစ်မင်္ဂလာတုန်းက သူပြောခဲ့တဲ့စကားတွေ ရှိတယ်။ ကျနော်တို့ ၂၀၁၅ ရွေးကောက်ပွဲက လာချထားတဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမူမှာအချက် ငါးချက်ပေါ့၊ ဒီငါးချက်ကို အခြေခံပြီးတော့ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံသစ်ပေါ်အောင်တည်ထောင်မယ်။ အဖွဲ့ချုပ်အစိုးရ ရဲ့မူနဲ့ နိုင်ငံကိုအုပ်ချုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတဲ့အတိုင်း ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီပွဲကို လူထုရယ်၊ အစိုးရရယ်၊ ပါတီရယ်၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် တွေရယ် ပေါင်းစပ်ပြီးတော့ တိုင်းပြည်ကို ထူထောင်နေတယ်ဆိုတဲ့ပုံရိပ်ကို ကျနော်တို့ ဖော်ချင်တာ။”

ဒီလောက်များပြားတဲ့သစ်ပင်တွေ ရေရှည်ရှင်သန်ရေးအတွက်၊ ရေလောင်းပေါင်းသင် ထိန်းသိမ်းပြုစုဖို့ ဘယ်လိုစီစဉ်ထားရှိသလဲခင်ဗျ။
“ဟုတ်တယ်၊ အဲဒီကိစ္စက၊ ကျနော်တို့ ၃၇ မြို့နယ်ရှိတယ် စစ်ကိုင်းတိုင်းမှာ။ ဒီ ၃၇ မြို့နယ်မှာရှိနေတဲ့ ခရိုင်အလုပ်အမှုဆောင်ကော်မတီတွေ၊ မြို့နယ်အလုပ်အမှုဆောင် ကော်မတီတွေကို ကျနော်တို့က တာဝန်ခွဲဝေပြီးပေးလိုက်တယ်။ တတိုင်းလုံးအတွက် ၇ သိန်း ၁ သောင်းကိုလေ။ ခွဲဝေပေးလိုက်ပြီးတော့မှ သက်ဆိုင်ရာ ခရိုင်တို့၊ မြို့နယ်တို့ကနေပြီးတော့ မိမိတို့မြို့နယ်အတွင်းမှာ သစ်ပင်စိုက်မယ့်နေရာကို အမှုဆောင်တွေနဲ့၊ ရပ်ကျေးတွေနဲ့ ညှိနှိုင်းပြီးဆွေးနွေးကြလိမ့်မယ်။ ဆွေးနွေးပြီးတဲ့မြို့နယ်တွေလည်း ရှိတယ်လေ။ သစ်ပင် စိုက်တယ်ဆိုတာ လမ်းဘေးချည်းပဲစိုက်ပြန်တော့လည်း လမ်းဘေးဆိုတာက အမြဲတမ်း ပြုစု စောင့်ရှောက်ဖို့ဆိုတာ ခက်ခဲတယ်ပေါ့။ နောက်တခါ လမ်းဆိုတဲ့အနေအထားကလည်း လမ်းဆိုတာက လူဦးရေလည်းတိုးလာတယ်၊ ဆက်သွယ်မှုလမ်းကြောင်းတွေကလည်း ကျယ်ပြန့် လာတဲ့အခါကျတော့ လမ်းတွေက ချဲ့ထွင်လာတော့ သစ်ပင်တွေက စိုက်ပြီးခုတ်လိုက်၊ စိုက်ပြီး ခုတ်လိုက်ဆိုတော့ သမင်မွေးရင်း၊ ကျားစားရင်းပုံစံဖြစ်နေတယ်။ အဲဒီတော့ အမြဲတမ်းစိုက်တဲ့ နေရာကို ဆိုင်ရာဆိုင်ရာမြို့နယ်တွေ၊ ခရိုင်တွေကနေပြီးတော့ အကောင်းဆုံးနေရာကို ရွေးချယ်ဖို့ဆိုပြီးတော့ သူတို့ကိုကျနော်တို့ စဉ်းစားခွင့်ပေးလိုက်တယ်။ ပေးလိုက်တဲ့အခါမှာ အဲဒီလို ရေရှည်စောင့်ရှောက်မှုအပိုင်းကျ ဥပမာအနေနဲ့ပြောမယ်ဆိုရင် ကျနော်တို့ ရွှေဘိုဆိုရင် နည်းပညာတက္ကသိုလ်က အသစ်ဖွင့်ထား တယ်။ သစ်ပင်မရှိသေးဘူး။ အဲဒီတော့ နည်းပညာ ကျောင်းဝင်းထဲမှာ လိုအပ်တဲ့သစ်ပင်တွေကို စိုက်ဖို့၊ နောက်တခါ ကျနော်တို့ ရွှေဘိုမြို့နယ် မှာရှိနေတဲ့ ညောင်ပင်သာမှာ တိုက်နယ်ဆေးရုံ ဆိုတာရှိတယ်။ တိုက်နယ်ဆေးရုံကအသစ်၊ သူ့ရဲ့ အကျယ်အ၀န်းကလည်း ၆ ဒသမ ၃၀ လောက်ရှိတယ် သူ့ဧကကလေ။ အကျယ်အ၀န်းကလည်း တော်တော်ကျယ်တယ်။ အဲဒီလို ဧကထဲမှာ သစ်ပင်တပင်မှ မရှိတဲ့အတွက် အဲလိုနေရာမျိုးတွေကို သစ်ပင်စိုက်ပွဲလုပ်မယ် သင့်တော်တဲ့ သစ်ပင်တွေကိုလေ။ အဲဒီမှာ ၀န်ထမ်းတွေနဲ့ ကျနော်တို့ပါတီက တာဝန်ရှိသူတွေနဲ့ ပူးတွဲပြီးတော့မှ ရေရှည်သစ်ပင်ရှင်ဖို့အတွက် ဆောင်ရွက်ဖို့ လုပ်ရတဲ့အနေအထားမှာ လွယ်တယ်ဆိုတဲ့ ပုံရိပ်လေးတွေပေါ့ဗျာ။ နောက်တခါ ကျနော်တို့ ရွှေဘို-ပလိုင်းကားလမ်းမှာ စောစောက ကျနော်ပြောသလို ကားလမ်းကြီးချဲ့လိုက်တဲ့အခါကျတော့ သစ်ပင်တွေက အကုန်လှဲပစ်ရတာ။ လှဲပစ်ရတော့ အဲဒီနေရာမှာလည်း လမ်းသွားလမ်းလာတွေ အရိပ်ရအောင် ဆိုပြီးတော့ လိုအပ်တဲ့ လမ်းရဲ့အကျယ်အ၀န်းကို ချဲ့ပြီးတော့မှ သစ်ပင်တွေ စိုက်ဖို့ပေါ့၊ ဓာတ်မီးတိုင်၊ မိးကြိုးတွေနဲ့လွတ်တဲ့နေရာပေါ့။ အဲဒီလို အသေးစိတ်တွေ ဆောင်ရွက်နိုင်အောင် ကျနော်တို့ တိုင်းကလည်းပဲ အဖွဲ့တွေခွဲပြီးတော့ မြို့နယ်တွေကို လှည့်ပတ်ပြီးတော့ မှာကြားတယ်ပေါ့ဗျာ။
စိုက်ပျိုးကြမယ့် သစ်ပင်တွေက ဘယ်လိုအပင်အမျိုးအစားတွေလဲ၊ အရိပ်ရအပင်မျိုးလား၊ ဘယ်လိုအပင်အမျိုးအစားတွေကို ဦးစားပေးရွေးချယ်မလဲ။
“အမျိုးစုံပါတယ်ဗျ။ သစ်ပင်စိုက်တဲ့နေရာမှာ ကျနော်တို့ အဲဒီနေ့ ဆွေးနွေးပွဲမှာတောင်မှ စိုက်ပျိုးရေးဌာနမှာ ပျိုးထားတာက ယူကလစ်တွေများတာကိုး။ အဲဒီတော့ ယူကလစ်ပင်တွေဟာ တကယ်တမ်းကျတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပြန်တွေးကြည့်လိုက်လို့ရှိရင် ယူကလစ်ပင်ဆိုတာဟာ မြေသြဇာကို တအားစုပ်တယ်ပေါ့၊ တခြားသစ်ပင်တွေရဲ့ မြေဆီသြဇာ ကိုလည်း သူက လုယူတဲ့သဘောဖြစ်တဲ့အတွက် ယူကလစ်စိုက်ပျိုးမှုထက် တခြားသစ်ပင် ကျွန်းပင်တို့၊ အရိပ်ရတဲ့ မယ်ဇလီပင် အစရှိသည်ပေါ့ဗျာ အကျိုးရှိမယ့်အပင်လေးတွေကို ရဖို့အတွက်လည်း ကျနော်တို့ စိုက်ပျိုးရေးဌာနနဲ့ ညှိထားတယ်။ သူတို့ကလည်း ရှိသလောကို ကြိုးစားပြီးတော့ ပေးပ့ါမယ်လို့ ပြောထားတယ်။”

အများသိထားပြီးသားလည်းဖြစ်ပါတယ်၊ အန်အယ်လ်ဒီက အများစုအနိုင်ရပေမယ့် အုပ်ချုပ်ရေးမှူးတွေက အရင်လူဟောင်းတွေပဲဆိုတော့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကရော တကယ့်မြေပြင်အခြေအနေမှာ အားကောင်းရဲ့လား၊ တကယ်လုပ်တဲ့အခါမှာ။
“လုပ်တဲ့အခါမှာ အားကောင်းလား မကောင်းလားဆိုတာတော့ ကျနော်တို့က လက်တွေ့ လုပ်ကြည့်တဲ့အခါ သိမှာပဲ။ ဒါပေမယ့် အခုလက်ရှိကြုံတွေ့နေရတဲ့ အနေအထားပေါ်မှာတော့ ခင်ဗျား မေးသလိုပဲ၊ တချို့ပူးပေါင်းဆောင်ရွက်တဲ့အပိုင်းရှိသလို တချို့ကျတော့လည်း အဆင်မပြေတဲ့ အပိုင်းတွေရှိတယ်ပေါ့။ ဒီအပိုင်းတွေမှာလည်း ကျနော်တို့က ကျနော်တို့ ပါတီပိုင်းကရော၊ လွှတ်တော်ကိုယ်စားလှယ်ပိုင်းကရော၊ အစိုးရပိုင်းကရော ဘာပဲပြောနေနေ ကနေ့အစိုးရသစ်သည် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒပေါ်မှာ အခြေခံပြီးတော့ တိုင်းပြည်ရဲ့ပြုပြင်ပြောင်းလဲရေးကိုလုပ်မယ်၊ အုပ်ချုပ်ရေးကို တည်ဆောက်မယ်ဆိုပြီး ကျနော်တို့ က ရည်မှန်းထားတဲ့အချက်အတိုင်း ကိုယ့်လုပ်ရပ်နဲ့ကိုယ် မှန်မှန်ကန်ကန် လုပ်နိုင်တဲ့ အခင်းအကျင်းမျိုးကိုလည်း ကျနော်တို့ပါတီကနေပြီးတော့ ကျနော်တို့လူတွေနဲ့ချိတ်တွဲပြီးတော့ ဆောင်ရွက်နေတဲ့အနေအထားရှိတယ်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲမှာ သစ်ပင်စိုက်တာအပြင် တခြား ဘုန်းကြီး ဆွမ်းကပ်ခြင်းလို တခြား ဘာအစီအစဉ်တွေရှိသေးလဲ။
“ကျနော်တို့က သစ်ပင်စိုက်ပွဲပြီးအဓိကထားတဲ့အတွက် ကျနော်တို့အနေနဲ့က ဘုန်းကြီး ဆွမ်းကပ်တဲ့ ပွဲတွေတော့ မလုပ်နိုင်ဘူးဗျ အဲဒီနေ့မှာ။ ဘာလို့တုန်းဆိုတော့ ကျနော်တို့ တိုင်းက လူတွေကလည်း သစ်ပင်စိုက်မယ့် ခုနပြောသလို လူထုနဲ့ အစိုးရနဲ့ ပါတီနဲ့ တက်တက်ကြွကြွ ပူးပေါင်းပါဝင်တဲ့ပုံရိပ်ကို ကျနော်တို့ ဖော်တာဗျ။ လူထုက ဘာပဲဖြစ်ဖြစ် အစိုးရဆိုရင် ကြောက်နေကြတာကိုးဗျ။ အန်အယ်လ်ဒီအစိုးရဆိုပေမယ့်လို့ အရင်အစိုးရတုန်းက နှစ်ပေါင်းများစွာ ကြုံတွေ့လာတာဆိုတော့ အစိုးရဆိုတဲ့အသံဆိုရင်ကို သိပ်မယုံချင်သေးဘူး၊ စိုးရိမ်စိတ်တွေ ရှိနေတယ်။ အဲဒီတော့ ကျနော်တို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးရဲ့မွေးနေ့မှာ ဟုတ်လား သစ်ပင်ကို တတိုင်းလုံးကို တက်တက်ကြွကြွနဲ့ လူထုရယ်၊ ပါတီရယ်၊ အမတ်တွေရယ်၊ အစိုးရရယ် ပူးပေါင်းလုပ်လိုက်လို့ရှိရင် ပြည်သူလူထုရဲ့ရင်ထဲမှာ ဟာ-ဒီအစိုးရကတော့ တကယ့် တို့ လူထုအစိုးရပဲ၊ တို့ပါတီကလူတွေနဲ့တောင်မှ တက်တက်ကြွကြွ ပူးပေါင်းပါဝင်နေတယ်ဆိုတဲ့ ပုံရိပ်မျိုးကို ကျနော်တို့ ပေါ်အောင်လို့ စိတ်ဓာတ်ခွန်အား လူထုကိုပေးတာပဲ အဓိက ရည်ရွယ်ချက်က။”

ထပ်မံဖြည့်စွက်ပြောဖို့ ရှိသေးလားခင်ဗျ။
“ကျနော်တို့က ဒီသစ်ပင်စိုက်ပျိုးကို အခြေပြုပြီးတော့ အဲဒီလိုလုပ်တဲ့အခါမှာလည်း အတတ်နိုင်ဆုံး စောစောက ခင်ဗျားပြောသလိုပဲပေါ့ဗျာ အုပ်ချုပ်ရေးပိုင်းဆိုတာလည်း ပြည်ထဲရေးက တိုက်ရိုက်ကိုင်ထားတဲ့အနေအထားကြောင့် ဖွဲ့စည်းပုံမှာ ရှိနေတာကိုး။ ဒီအပေါ်မှာလည်း ကျနော်တို့ စစ်ကိုင်းတိုင်းအစိုးရရော၊ စစ်ကိုင်းတိုင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကရော နိုင်ငံ့ရဲ့ပြန်လည်ပြုပြင်ရေးမှာ အကောင်းဆုံးဖြစ်နိုင်တဲ့လမ်းကြောင်းတွေကို ကျနော်တို့ပါတီအနေနဲ့၊ ပါတီရယ် လွှတ်တော်ကိုယ်စားလှယ်ရယ် အစိုးရရယ် Check and Balance ပုံစံမျိုးနဲ့သွားဖို့ ကြိုးစားနေပါတယ်ဆိုတာလေး ထပ်ဆင့်ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013