DVB Logo
Home
မေးမြန်းခန်း
အမေရိကန်ကိုယ်စားလှယ်နှင့်တွေ့ဆုံသည့် လူ့အခွင့်အရေးအဖွဲ့ဝင်ကို မေးမြန်းချက်
DVB
·
September 12, 2011
အမေရိကန်ကိုယ်စားလှယ်နှင့်တွေ့ဆုံသည့် လူ့အခွင့်အရေးအဖွဲ့ဝင်ကို မေးမြန်းချက်
Donate to DVB

မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန်အထူးကိုယ်စားလှယ်  ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) နဲ့အဖွဲ့ဟာ ရန်ကုန်မြို့မှာ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ရက်က ဦးမောင်မောင်လေး၊ တရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်း၊ အဆိုတော်ဇေယျာသော်၊ ၈၈ မျိုးဆက်ကျောင်းသား ကိုမြတ်သူတို့ကို ဒီနေ့ တွေ့ဆုံပါတယ်။

[caption id="attachment_15458" align="alignright" width="310" caption="အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် "][/caption]

ဒီလိုတွေ့ဆုံရာမှာ ဒဲရက်ခ် မစ်ချဲလ်က မြန်မာပြည်တွင်း လက်ရှိ လူ့အခွင့်အရေး အခြေအနေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အမြင်တွေကို မေးမြန်းပါတယ်။

တွေ့ဆုံမှုနဲ့ပတ်သက်လို့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် ပြောခွင့်ရသူ ဦးမောင်မောင်လေးကို မေးမြန်းထားပါတယ်။

ကိုမောင်မောင်လေးကို အဓိက လူ့အခွင့်အရေး ကိစ္စနဲ့ပတ်သက်ပြီး ဘာတွေများ မေးမြန်းသွားပါလဲ။

“မြန်မာပြည်က လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး သူသိချင် တယ်လို့ ပြောတယ်။ အဲ့တော့ အခုလက်ရှိ မြန်မာပြည်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တဲ့ လယ်ယာမြေသိမ်းခံရမှုတွေ၊ တက်ကြွလှုပ်ရှားသူတွေအတွက် ဥပေဒအရ ကာကွယ်ပေးမှု မရှိတာတွေ၊ ကလေးစစ်သား စုဆောင်းနေမှုကိစ္စတွေ၊ မိမိရဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေ ခုထိ ပြန်မလွတ်သေးတာတွေ၊ တိုင်းရင်းသားတွေနဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေတာတွေ ပြောတယ်။

“အခြေခံဥပဒေသည်ပင် လူ့အခွင့်အရေးတွေအပေါ် အခြေခံပေါ်ပေါက်လာတာ မဟုတ်ဘူး။ အစိုးရသစ် လက်ထက်မှာလည်း ဒီဥပဒေတွေကို ပြင်ဆင်ဖို့ အလားအလာ မရှိသေးဘူး ဆိုတာလည်း တွေ့ရတယ်၊ ဒါတွေ ပြောပြခဲ့တယ်။”

ဒီလ ၈ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ ပတ်သက်လို့ သူစိတ်ဝင်စားမှုရှိလား၊ ဒါနဲ့ပတ်သက်ပြီး ဘာတွေပြောကြားပါသေးလဲ။

“လူ့အခွင့်အရေးကော်မရှင်ပေါ်လာတာကို သူ့အနေနဲ့ ကြိုဆိုပါတယ်။ ရှေ့ဆက်ပြီး ဒီကော်မရှင်က ဘာတွေပြုလုပ်ပေးနိုင်မလဲဆိုတာကိုလည်း စောင့်ကြည့်သွားရမှာ ဖြစ်တယ်လို့ ပြောပါတယ်ဗျ။”

ကိုမောင်မောင်လေးတို့ လူ့အခွင့်အရေးလှုပ်ရှားမှုကွန်ရက်ကိုယ်တိုင် မြန်မာပြည်ထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားမှု ရရှိရဲ့လား။ ဒါနဲ့ပတ်သက်ပြီး တင်ပြခဲ့သေးလား။

“သူကိုယ်တိုင် စိတ်ဝင်တစားမေးမြန်းတယ်ဗျ။ ဒါလောက် ကျပ်တည်းနေတဲ့ ကြားထဲက လူ့အခွင့်အရေးလှုပ်ရှားမှုတွေ ပြုလုပ်နိုင်တာ သူအံ့ဩမိတယ်တဲ့။ ကျနော်တို့ ကလည်း လုပ်ဆောင်ချက်တွေကို သူ့ကိုရှင်းပြခဲ့ပါတယ်။ အကျပ်အတည်းကြားကပဲ လှုပ်ရှားဆောင်ရွက်ရတဲ့အကြောင်း၊ ဘယ်နေရာသွားသွား စောင့်ကြည့်ခံရမှုတွေရှိတယ်၊ နောက်ကလိုက်လာတာတို့ ဓာတ်ပုံခိုးရိုက်တာ ခံရတဲ့အကြောင်းတွေရောပေါ့ဗျာ။”

ဦးသိန်းစိန်သမ္မတ အစိုးရ လက်ထက်မှာ လူ့အခွင့်အရေး အခြေအနေတွေကရော ဘယ်လိုမျိုး တင်ပြလိုက်လဲ။

“ဟိုဘက်အစိုးရလက်ထက်နဲ့ ဒီဘက်အစိုးရလက်ထက်မှာတော့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သီးသီးခြားခြား ကောင်းမွန်လာတာကတော့ မရှိသေးဘူး အရင်အတိုင်းပဲ ရှိနေတယ်ဆိုတဲ့အကြောင်း ကျနော်ပြောပြပါတယ်။”

သူက ဘာအကြံဥာဏ်တွေ ပေးသလဲ။ ဘယ်လိုမျိုး ကူညီမှုတွေ ကမ်းလှမ်းသလဲ။

“အကြံဥာဏ်ပေးမှု၊ ကူညီမှုဆိုတာတော့ မရှိပါဘူး။ သူကိုယ်တိုင်က လာရတဲ့ အနေအထားက မူဝါဒရေးနဲ့ ညှိနှိုင်းရေး ကိုယ်စားလှယ်၊ သူ့ခရီးစဉ်က ပထမအကြိမ် ဖြစ်တယ်။ အဲဒီတော့ သူပြောခဲ့ဆိုခဲ့တာတွေ ရှိပါတယ်ပေါ့။ ဗမာပြည်နဲ့ပတ်သက်လို့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားကိစ္စတွေအပေါ်မှာ အဖြေရှာရမယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်ပေါ့။ ဒါတွေနဲ့အညီ ဆောင်ရွက်နိုင်တဲ့ အနေအထားမျိုး၊ ကောင်းမွန်တဲ့ အခြေအနေတရပ်ရောက်လာတဲ့ အခါမှာ၊ လုံးဝအဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးပွဲတခု ဖြစ်လာမှ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုလို ကိစ္စမျိုးတွေ၊ သူတို့ဘက်က မူဝါဒ ပြောင်းလဲမယ့်ပုံစံမျိုးကို သူပြောပြတယ်လို့ ပြောပါတယ်။”

ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ကိုမောင်မောင်လေး ဘယ်လိုမြင်လဲ။

“ကျနော်တို့ မြင်တာက ဒီလိုထိတွေ့ဆက်ဆံမှုက ကောင်းပါတယ်ဗျ။ သူတို့ ထိတွေ့ဆက်ဆံမှုဘက်ကနေပြီးတော့ တဘက်ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြည်တွင်းမှာ မမျှမတဖြစ်နေတဲ့ ဥပဒေတွေ ပြုပြင်နိုင်အောင် သူတို့ဘက်ကလည်း တစုံတရာ ဖိအားပေးနိုင်တဲ့ အခြေအနေတရပ်ကို ရောက်လာနိုင်တဲ့ အခွင့်အရေး တရပ်လောက်တော့ ကျနော်တို့ မျှော်လင့်ထားပါတယ်။

အရေးတကြီး ဘာတွေပြောချင်တာ ရှိသေးလဲ။

“ကျနော်က ပြောပြပါတယ်။ အစိုးရကရော၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကရော၊ တခြား နိုင်ငံရေးအင်အားစုတွေကရော လက်ရှိ ဖြစ်နေတဲ့ တူတာတွေ တွဲလုပ်၊ မတူတာတွေ ချန်ထား ဆိုတာမျိုးပေါ့ဗျာ။ အဲဒီကိစ္စက အင်မတန် အရေးကြီးပါတယ်လို့။ ကျနော်တို့ မြန်မာပြည်မှာ တူတာတွေ တွဲလုပ်တာကို ကြိုဆိုတယ်။ မြန်မာပြည်ရဲ့ ကိစ္စအရပ်ရပ်က မတူတာတွေကို ချန်ခဲ့လို့ ဖြစ်နေတဲ့ကိစ္စပါလို့။ အဲဒီတော့ မတူတာတွေကို ညှိနှိုင်းဖို့ အင်မတန် အရေးကြီးပါတယ်လို့။ ဒါမှသာ မြန်မာပြည်ရဲ့ ကိစ္စ အရပ်ရပ်က ပြေလည်နိုင်မယ့် လမ်းကြောင်းပေါ်ကို ရောက်နိုင်မယ်ဆိုတဲ့ ကိစ္စကို ထည့်သွင်းဆွေးနွေးပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013