DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ရေကြီးမှုကြောင့် ၆ ဦး သေဆုံး၊ နေအိမ်အမြောက်အမြား ပျက်စီး
DVB
·
June 12, 2016
ရခိုင်တွင် ရေကြီးမှုကြောင့် ၆ ဦး သေဆုံး၊ နေအိမ်အမြောက်အမြား ပျက်စီး
1 / 4
Donate to DVB

ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် ဒီနေ့အထိ လူ ၆ ဦး သေဆုံးခဲ့ပြီး နေအိမ်အမြောက်မြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ၀က်ကျိတ်ကျေးရွာမှာ ဇွန် ၁၁ ရက်နေ့ ညနေ ၆ နာရီအချိန်က ရေကြီးရေလျှံနေတဲ့ လယ်ကွင်းပြင်ကို ဖြတ်ကူးရာကနေ လူ ၄ ဦး ရေထဲမျှောပါ သေဆုံးခဲ့တယ်လို့ ရခိုင်သယံဇာတနှင့် သဘာဝထိန်းသိမ်းရေး ကွန်ရက်အဖွဲ့ဝင် ကိုဇေယျာကျော်က ပြောပါတယ်။

“၁၁ ရက်နေ့ ညနေ ၆ နာရီ အချိန်ပိုင်းဖြစ်တာပါ။ ရေတွေ အရမ်းကြီးနေပါတယ်။ ရေစီးအားလည်း အရမ်းသန်နေပါတယ်။ အဲ့အချိန်တစ်ဖက်ကို ဖြတ်ကူးတာပေါ့လေ။ အဲ့ဒီအချိန်မှာ ရေစီးချောင်းအတိုင်း မျှောပါပြီး သေဆုံးသွားတာပါ။ အခု ရုပ်အလောင်းတွေကို ရရှိထားပြီ။”

ရေထဲမျောပါသေဆုံးသူ ၄ ဦးကို တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်မိရပ်ဖတွေ စုပေါင်းရှာဖွေခဲ့ကြပြီး ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ အဲ့ဒီရွာနဲ့ ပေ ၂၀၀ အကွာလောက်က ဒနီတောထဲမှာ ရှာဖွေတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

အမ်းမြို့နယ်၊ သလူမော်ကျေးရွာမှာလည်း ဇွန် ၁၀ ရက်နေ့က အသက် ၉ နှစ်အရွယ် ကျောင်းသူတဦး ရေနစ်မြုပ်သေဆုံးခဲ့တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးကို ဒီဗွီဘီကို ပြောပါတယ်။

“ကလေးပျောက်သွားတာက ၉ ရက်နေ့ကတည်းက ပျောက်သွားတာပါ။ ၁၀ ရက်နေ့ကျမှ အလောင်းကို တွေ့ပါတယ်။ ရေထဲက မျောပါလာတာပါ။ ကလေးမလေးက ၉ နှစ်အရွယ် ၃တန်းကျောင်းသူလေးပါ။ ကလေးက ကျောင်းဆင်းတဲ့အခါမှာ အိမ်ကို ပြန်လာတယ်ပေါ့။ ရေတွေက တရွာလုံးကို ဖုံးလွှမ်းနေတယ်။ ပြီးတော့ လမ်းတွေမှာ တွင်းခေါင်းတွေ၊ ချောက်၊ ချိုင့်တွေရှိတယ်။ ရေတက်နေတော့ ဘယ်နေရာမှာ တွင်းတွေရှိတယ်၊ မရှိဘူးဆိုတာ မမြင်ရတော့ဘူး။ အဲ့ဒီတွင်းထဲကို ပြုတ်ကျပြီး ကလေးက သေဆုံးသွားပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အမ်းမြို့နယ် ဂဏန်းပြင်ကျေးရွာမှာလည်း တောင်ကျ ရေတွေစီးကျလာမှုကြောင့် ရွှံ့ရေတွေ ဖုံးလွှမ်းကာ နေအိမ် ၈ လုံး ပျက်စီးဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

“အမ်းမြို့နယ် ဂဏန်းပြင်ကျေးရွာမှာ တောင်ကျရေကြောင့် နေအိမ် ၈ လုံး ပျက်စီးသွားပါတယ်။ တောင်ကျမြေတွေ ဖုံးသွားပါတယ်။ ဒီနှစ်တင်မဟုတ်ဘူးခင်ဗျ။ မနှစ်ကလည်း နေအိမ်တွေ ပြိုကျတယ်။ သလူမော် ကျေးရွာမှာဆိုရင် ရွာထဲကို ၆ ပေအထိ ရေတက်တယ်။ အဲ့ဒီရွာကိုရေတွေ မလွှမ်းမိုရအောင်ဆိုပြီး တားထားတဲ့ တာဘောင်တွေရှိပါတယ်။ အဲ့ဒီ တာဘောင်လည်း ကျိုးပေါက်သွားပါတယ်။”

နေအိမ်တွေ ပျက်စီးဆုံးရှုံးသွားတဲ့သူတွေဟာ လောလောဆယ် နီးစပ်ရာ နေအိမ်တွေမှာ နေနေကြပြီး မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ အရက်ဘက်အဖွဲ့ အစည်းတွေကို အကူညီတောင်းခံထားတယ်လို့ ဆိုပါတယ်။

အမ်းမြို့နယ် ရူး-တပ်တောင်ကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေလည်း အပိုင်းပိုင်းပျက်စီးသွားပြီး အဲ့ဒီလမ်းတွေကို ဆက်သွယ်ထားတဲ့ တံတားလေးစင်းလည်း ရေထဲမျောပါသွားပါတယ်။

လူသေဆုံးမှုတွေ ရှိခဲ့တာနဲ့ပတ်သက်လို့ အမ်းမြို့နယ် ရဲစခန်းကို ဒီကနေ့မနက်ပိုင်း ဒီဗွီဘီက ဆက်သွယ်မေးမြန်ရာမှာ သေဆုံးမှုကို သူတို့အနေနဲ့ မသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ဇွန်လ ၁၁ ရက်နေ့က အသက်၂၇ နှစ်အရွယ် လူတဦး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ ရွာပြင်မှာ ကျောင်းထားတဲ့ နွားတွေကို ပြန်သွားသိမ်းရာကနေ မိုးကြိုးထိမှန် သေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

သံတွဲမြို့နယ်မှာလည်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေတက်လာနေတာကြောင့် ကျေးရွာ အတော်များများ ရေတွေဖုံးလွှမ်းသွားပြီး တောင်ကုတ်၊ အမ်း၊ ပြည် ကားလမ်းခရီးစဉ်တွေကို ယာယီရပ်ဆိုင်းထားရပါတယ်။

မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာမှာလည်း ဇွန်လ ၉ ရက်နေ့က မိုးသည်းထန်းစွာ ရွာ သွန်းပြီး လေဆင်းနှာမောင်းတိုက်ခတ်ခဲ့လို့ နေအိမ် ၃၆ လုံးပျက်စီးကာ လူ ၁၆၉ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ပါတယ်။

သတင်း - ၀ဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013