
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ Peter ဘားဆိုင်မှာ အသက်မပြည့်သေးတဲ့ ဆိုင်ဝန်ထမ်း မိန်းကလေး တယောက်ကို ရိုက်နှက်ခဲ့တာကြောင့် သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာကို ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
မေ ၄ ရက် ညပိုင်းက တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ Peter ဘားဆိုင်မှာ ဒီအမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူကတော့ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ မင်းချောင်းကျေးရွာက အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ဝေဖြစ်ပါတယ်။
ဖြစ်စဉ်ဖြစ်ပြီးနောက် ဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာက ထွက်ပြေးတိမ်းရှောင်သွားခဲ့ပေမဲ့ မေ ၆ ရက် ညနေမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ နယ်မြေရဲစခန်းမှာ ဖမ်းဆီး ရမိ ခဲ့တယ်လို့ ဒီအမှုနဲ့ နီးစပ်သူထံက ပြောပါတယ်။
သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ သူက နောင်တရလို့ လာရောက်အဖမ်းခံခဲ့တာလို့ သိရ ပါတယ်။
အမှုနဲ့ နီးစပ်သူ တယောက်က “တရားခံကို ဖမ်းမိထားပြီဆိုပေမဲ့ ဥပဒေအရ ထိုက်သင့်တဲ့ အရေးယူမှု ဖြစ်ဖို့ လိုတယ်။ နောက်ထပ် ဒီလိုဖြစ်စဉ်မျိုး မဖြစ်အောင် ဆိုင်တွေကိုလည်း စစ်ဆေးကြပ်မတ် သင့်တယ်” လို့ ပြောပါတယ်။
အောင်မျိုးသူ (ခ) ပီတာဟာ သူဖွင့်ထားတဲ့ Peter ဘားနဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ မဖူးပွင့်ဝေကို ဧည့်သည်တယောက်က ပေးခဲ့တဲ့ မုန့်ဖိုးငွေ ၅,၀၀၀ ကျပ်ကို အသိမပေးခဲ့တာကြောင့် ဒေါသထွက်ပြီး ရိုက်နှက်ခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။
သူဟာ မဖူးပွင့်ဝေကို လက်သီးနဲ့ထိုးတာ၊ ဦးခေါင်းကို စားပွဲနဲ့ ဆောင့်ရိုက်တာ၊ ခြေထောက်နဲ့ ကန်တာ တွေ ပြုလုပ်ခဲ့ပြီး ပြင်းထန်တဲ့ ရိုက်နှက်ဒဏ်ရာတွေကြောင့် ဦးနှောက်သွေးကြောပေါက်ကာ သေဆုံး ခဲ့တယ်လို့ ခွဲစိတ်ဆရာဝန်ရဲ့ စစ်ဆေးချက်အရ သိရပါတယ်။
အဆိုပါဖြစ်စဉ်အပြီးမှာ ပြစ်မှုကျူးလွန်သူဘက်က သေဆုံးသူရဲ့ အလောင်းအား သုဿာန်ကို တိတ်တဆိတ် ပို့ဆောင်ဖို့ စီစဉ်ခဲ့ပေမဲ့ တိုင်ကြားမှုတခု ရှိလာတာကြောင့် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာကနေ ဖြစ်စဉ်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
လူမှုကူညီရေးလုပ်ကိုင်သူတယောက်က “Tip ငွေ ၅,၀၀၀ ကျပ်ကြောင့် လူတယောက် အသက်ဆုံးရှုံး ရတယ်ဆိုတာ လုံးဝ လက်ခံနိုင်စရာမရှိဘူး။ အလုပ်သမားအခွင့်အရေးနဲ့ ကလေးသူငယ် ကာကွယ်ရေးပိုင်းမှာလည်း အားနည်းချက်တွေ ရှိနေတယ်” လို့ သုံးသပ်ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံတွေကြားမှာ အသက်မပြည့်သေးတဲ့ လူငယ်တွေကို ဘား၊ KTV နဲ့ စားသောက်ဆိုင်တွေမှာ အလုပ်ခန့်ထားတာ၊ လုပ်ငန်းခွင်အတွင်း အကြမ်းဖက်ဆက်ဆံတာ တွေကို ပိုမိုတင်းကျပ်စွာ စစ်ဆေးအရေးယူသင့်တယ်လို့ ဝေဖန်ပြောဆိုမှုတွေ မြင့်တက်နေပါတယ်။










