
ပြည်ပပို့ကုန်ဆန်စပါးစိုက်ပျိုးရေးဇုန် (REZ) စီမံချက်မှာ ပါဝင်တဲ့ တောင်သူတွေအတွက် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေတွေကို ဆန်ပို့ကုန်ကုမ္ပဏီတွေက စတင်ထုတ်ပေးနေပြီလို့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်ကနေ သိရပါတယ်။
၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရာသီမှာ REZ စီမံချက်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ လယ်ယာမြေဧက စုစုပေါင်း ၃၅၀,၀၀၀ အထိ ဆောင်ရွက်ဖို့ ရည်ရွယ် ထားတယ်လို့ သိရပါတယ်။
စပါးစိုက်တောင်သူတယောက်က "စီမံချက်အောင်မြင်ဖို့ဆိုရင် တောင်သူတွေကို မျိုးစေ့ကောင်းတွေ၊ သွင်းအားစုတွေ၊ ချေးငွေအထောက်အပံ့တွေနဲ့ စိုက်ပျိုးရေးနည်းပညာတွေကို အချိန်မီပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ ထွက်ရှိလာတဲ့ စပါးတွေကို ထိုက်သင့်တဲ့စျေးနှုန်းနဲ့ဝယ်ပေးဖို့လည်း လိုအပ်တယ်" လို့ ပြောပါတယ်။
REZ စီမံချက်ကို စစ်အာဏာရှင်လက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
စီမံချက်အရ ဆန်ပို့ကုန်ကုမ္ပဏီတွေဟာ တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့် REZ လုပ်ငန်းကြီးကြပ်မှု ကော်မတီတွေနဲ့ ပူးပေါင်းပြီး တောင်သူတွေဆီကို စိုက်ပျိုးစရိတ်ချေးငွေနဲ့ လိုအပ်တဲ့ သွင်းအားစု တွေကို ထောက်ပံ့ပေးနေတာလို့ သိရပါတယ်။
REZ စီမံချက်မှာ သတ်မှတ်ချက်နဲ့အညီ ပါဝင်တဲ့ တောင်သူတွေဟာ စပါးစိုက်ပျိုးထုတ်လုပ်မှု ချေးငွေအဖြစ် တစ်ဧကကို စုစုပေါင်း ကျပ် ၇ သိန်းခွဲ ရရှိနိုင်မှာဖြစ်ပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကျပ် ၃ သိန်း၊ ဆန်ပို့ကုန်ကုမ္ပဏီတွေက ကျပ် ၂ သိန်းနဲ့ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေက ကျပ် ၂ သိန်းခွဲ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ကုမ္ပဏီ ၆၁ ခုက မြို့နယ် ၅၅ မြို့နယ်မှာရှိတဲ့ မိုးစပါးစိုက်ဧက ၃၁၃,၉၃၇ ဧက အတွက် ကုမ္ပဏီတာဝန်ယူရမဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ကွင်းဆင်းထုတ်ပေးနေတယ်လို့ သိရ ပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ REZ စီမံချက်မှာ ပါဝင်လိုတဲ့ ဆန်ကုမ္ပဏီတွေနဲ့ တောင်သူ တွေကို ဆက်လက်ဖိတ်ခေါ်ထားပြီး ပါဝင်မဲ့ စိုက်ခင်းဧရိယာဟာ အနည်းဆုံး တဆက် တည်း ဧက ၃၀၀ ရှိရမယ်လို့ အသိပေးထားပါတယ်။










