DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် ကောလင်း၊ ၀န်းသို၊ ပင်လည်ဘူးတွင် ပြန်လည်ထူထောင်ရေးလိုအပ်
DVB
·
June 10, 2016
ရေဘေးသင့် ကောလင်း၊ ၀န်းသို၊ ပင်လည်ဘူးတွင် ပြန်လည်ထူထောင်ရေးလိုအပ်
1 / 8
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း၊ ပင်လည်ဘူးနဲ့ ဝန်းသို မြို့နယ်တို့မှာ  မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရုတ်တရက် မိုးရေလျှံပြီး  ဇွန် ၉ ရက် နံနက်ပိုင်းက ရေကြီးမှုတွေ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ ရေပြန်ကျသွားပြီဖြစ်ပေမယ့် တချို့ရပ်ကွက်တွေမှာ ရေတွေ ကျန်ရှိနေသေးသလို မနေ့က ပိတ်ထားခဲ့တဲ့ ရုံးတွေ ကျောင်းတွေကိုလည်း ဆက်လက်ပိတ်ထားရဆဲဖြစ်ပါတယ်။

လတ်တလောမှာတော့ ပျက်စီးသွားတဲ့ လမ်းတံတာတွေ ပြန်လည်ပြုပြန်ဖို့၊ ရေတွင်းတွေ ပြန်လည် ဆည်ယူသန့်စင်ဖို့နဲ့ ကျောင်းဆောင်တွေ သန့်စင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ ကောလင်းမြို့ခံ ကိုသန့်ကျော်ဦးက ပြောပါတယ်။

“ရေအားလုံးတော့ မကျသေးဘူး။ တချို့မြို့ပေါ်ရပ်ကွက်တွေမှာ တော်တော်များများ ဒူးလောက်၊ တချို့နေရာတွေဆိုရင် ခါးလောက်ကျန်သေးတယ်။ ကျနော်တို့ မြို့ပတ်လမ်းတွေပဲ ရေကျသေးတာ။ လောလောဆယ်တော့ လမ်းတွေပျက်တယ်။ တချို့တံတားတွေ ခေါင်းတွေပဲကျန်တော့တယ်။ ရေတွေတိုက်စားသွားတယ်။ စာသင်ကျောင်း အုတ်တံတိုင်းတွေပြိုတယ်။ ကျန်တာကောလင်းမှာတော့ အသေအပျောက်တော့မရှိပါဘူး။ လောလောဆယ်ကတော့ ရေတွင်းတွေပက်ဖို့၊ ရေသန့်ဆေးတွေထည့်ဖို့ လိုတယ်။ ကျောင်းတွေမှာလည်း စာသင်ခုံတွေ ရေပြန်ဆေးဖို့တို့ဘာတို့ အကူအညီလိုတယ်။ ”

ကောလင်းမြို့ပေါ်မှာ အိမ်ထောင်စု ၅၂၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး အဲဒီထဲက ၃၀၀၀ လောက်ဟာ တွင်းရေ အသုံးပြုသူတွေဖြစ်တဲ့အတွက်လည်း ၀မ်းရောဂါမဖြစ်အောင် တွင်းရေတွေ ပြန်လည် ဆယ်ယူသန့်စင်ဖို့ အဓိက လိုအပ်နေတာလို့လည်း ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ရေမကျသေးတဲ့ ရပ်ကွက်တွေအတွက် အလှူရှင်တွေက အလယ်ကျောင်းနဲ့ အနောက် ဘုန်းကြီးကျောင်းတွေမှာ ချက်ပြုတ်ပြီး အစားအသောက်တွေ ပေးလှူနေတယ်လို့ ကောလင်းမြို့ ကြက်ခြေနီအသင်းက တပ်ခွဲမှူး မိုးကျော်ကျော်က ပြောပါတယ်။

“ကျနော်တို့အိမ်လည်း တော်တော်လေးရေများတယ်။ ၅ ပေလောက်အထိတက်တယ်။ ကလေးတွေကတော့ အိမ်ပေါ်မှာပဲဗျာ။ စားဖို့သောက်ဖို့အတွက်ကတော့ ကျနော်တို့အိမ်က ကြိုတင်ဝယ်ထားတာလေးတွေနဲ့ အိမ်ပေါ်မှာပဲ ချက်ပြုတ်စားကြတယ်။ ချက်လို့ပြုလို့မရတဲ့ သူတွေကျတော့ အလယ်ကျောင်းနဲ့ အနောက်ကျောင်းမှာ ချက်ပြုတ်ပြီးတော့မှ လိုက်ဝေပေးတယ်ဗျာ။ လောလောဆယ် ကျော်ဇေယျာ ရပ်ကွက် အနှိမ့်ပိုင်းတွေဖြစ်တဲ့အတွက် အစားအသောက်တွေ၊ ရေတွေလိုတယ်ဗျာ။ အခုလောလောဆယ် ရေနစ်နေတဲ့အချိန်မှာ ရေနဲ့ အစားအသောက် အရေးကြီးပါတယ်။”

ရေကြီးရေလျှံမှုဖြစ်ပွားတဲ့ ကောလင်းမြို့ကို မနေ့က စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က လာရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီး လိုအပ်တဲ့ ရေစုပ်စက်တချို့ လှူဒါန်းသွားခဲ့သလို ကျပ်သိန်း ၂၀၀ လည်း လှူသွားတယ်လို့ ပြောပါတယ်။

ဝန်းသိုမြို့နယ်မှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၉ ရက် နံနက် ၃ နာရီလောက်က ဒေါင်းမြူးချောင်း ရေလျှံတက်လာပြီး ဝန်းသိုမြို့ပေါ်ရှိ ရပ်ကွက်အချို့နဲ့ ကျေးရွာတွေ  ရေဝင်ပြီး ပျက်စီးဆုံးရှုံးမှုတချို့ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် မနေ့မနက် ၉ နာရီလောက်မှာလည်း ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ အမျိုးသား အလောင်း ၂ လောင်း တွေ့ခဲ့တယ်လို့ ၀န်းသိုကြက်ခြေနီအသင်းက ဒု-တပ်ကြပ် ဦးစိုင်းမြင့်အေးက ပြောပါတယ်။

“မနေ့က လူ၂ ယောက် ဆိုင်ကယ်နဲ့ချောင်းဖြတ်ကူးတာလားမသိဘူး။ အမျိုးသား ၂ ယောက် ဆိုင်ကယ်ဦးထုပ်တွေဆောင်းလို့ အလောင်း ၂ လောင်းရောက်လာတယ်။ အခုချိန်ထိ ပိုင်ရှင်မပေါ်သေးဘူး။”

ဒါ့အပြင် ၀န်းသိုမြို့တယ်ထဲမှာရှိတဲ့ ဒေသခံတွေ လယ်ယာစိုက်ပျိုး လုပ်ထားတဲ့ လက်လုပ်ဆည် ၃ ခုလည်း မနေ့က ပျက်စီးမှုတွေဖြစ်ပွားခဲ့တယ်လို့လည်း ဦးစိုင်းမြင့်အေးက ပြောပါတယ်။

“ဆည်က သုံးခု ပျက်သွားတယ်လို့တော့ အကြမ်းဖြင့်သိရတယ်။ ပျက်သွားတယ်ဆိုတာ အဲဒီဆည်က လက်လုပ်ဆည်တွေပေါ့။ ရေလွှဲဆည်လေးတွေ။ ရေကြီးလိုက်တော့ အကုန်လုံးပါသွားတယ်။ ဆည်တွေက ပေ ၁၅၀- ၂၀၀ လက်လုပ်ဆည်လေးတွေပါ။ ”

ပင်လည်ဘူးမြို့နယ်မှာလည်း တောင်ကျ ရေအရှိန် လျင်မြန်မှုကြောင့် ကောလင်း-ပင်လည်ဘူး သွား လမ်းမိုင် ၇ မိုင်ရှိ တံတားချဉ်းကပ်ခုံ ပြိုကျပြတ်တောက်ပြီး  (ပေပင်စု+အလယ်စု)ကျေးရွာ မြေလင်းခံစား ချောင်းရေလျှံမှုကြောင့် ကျေးလက်ကျန်းမာရေးမှူးဌာနခွဲ ပြိုကျပျက်စီးသလို အထက ကျောင်း အုတ်တံတိုင်းတွေ ပြိုကျပျက်တာ၊  မြေလင်းရွာရှိ အစိုးရပိုင်အမှတ်-၂၄သစ်စက် အားလုံး ရေထဲပါသွားခဲ့တယ်လို့ အစိုးပိုင်သတင်းမှာ ဖော်ပြထားပါတယ်။

မြေလင်းချောင်းထိပ် ပင်လည်ဘူးသွားရာဘက် ကမ်းပါးရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တန်းအားလုံး ရေမြုပ်ပြီး နှစ်ထပ်တိုက်တစ်လုံးရေထဲမျောပါခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ - ကိုကိုလင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013