DVB Logo
Home
မြန်မာသတင်း
ကချင်ဆရာမနှစ်ဦးအမှု ကာကွယ်ရေးဝန်ကြီးထံ တင်ပြမည်
DVB
·
June 8, 2016
ကချင်ဆရာမနှစ်ဦးအမှု ကာကွယ်ရေးဝန်ကြီးထံ တင်ပြမည်
Donate to DVB

စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ စစ်အရာရှိတွေကို လွတ်လပ်စွာ တိုက်ရိုက်မေးမြန်းစစ်ဆေးခွင့်ရရေးအတွက် ပြည်ထောင်စုအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကို တင်ပြသွားမယ်လို့ အမှုမှန်ဖော်ထုတ်ရေးကော်မတီက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ကချင်ဆရာမလေးနှစ်ဦးအမှုကို စစ်ကြောင်းမှူးအား စစ်ဖို့အတွက် ကြိုတင်မေးခွန်းတောင်းတာကြောင့် မစစ်ဆေးနိုင်သေးဘဲ ကြန့်ကြာခဲ့ရတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ (ကေဘီစီ) အမှုမှန်ဖော်ထုတ်ရေးကော်မတီက ဇွန်လ ၄ ရက်နေ့က မန္တလေးမြို့မှာ ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးဝန်ကြီးထံ တင်ပြကြဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကေဘီစီပြောခွင့်ရသူ ဦးလမာယော်က “ကျနော်တို့ဘက်က အဲလို မြန်မာနိုင်ငံမှာ လုပ်ထုံးလုပ်နည်းမကျတဲ့ဟာတွေအားလုံးကို ကျနော်တို့က စုံစမ်းစစ်ဆေးရေး၊ အမှုမှန်ဖော်ထုတ်ရေးကော်မတီကိုက လက်မခံဘူး။ အဲဒါကြောင့်မို့လို့ ရှေ့ဆက်ပြီးမှ ကာကွယ်ရေးဝန်ကြီးဌာနအထိလည်း ကျနော်တို့ တက်မယ်” လို့ ပြောပါတယ်။

ကေဘီစီအတွင်းရေးမှူး သိက္ခာတော်ရဆရာကြီး ဒေါက်တာဆမ်ဆွန်ခလမ် ဒေါက်တာ ဆလမ်နဲ့ ဒီအမှုကို လွှဲအပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်ရှေ့နေများကွန်ရက်နဲ့ တိုင်ပင်ပြီး စာပေးပို့သွားမယ်လို့ သူက ပြောပါတယ်။

အမှုမှန်ဖော်ထုတ်နိုင်ရေးအတွက် တင်ပြတာဖြစ်တယ်လို့ ဦးလမာယော်က ပြောပါတယ်။

“လုပ်ထုံးလုပ်နည်း မဟုတ်တဲ့အခါကျတော့ ဒီလိုခွင်ဆင်ပြီးမှ ပြီးစလွယ်နဲ့ နိုင်ငံရေး စပ်ကူးမတ်ကူးအခြေအနေမှာ အခွင့်ကောင်းယူပြီးမှ ပြီးစလွယ်နဲ့ အမှုပိတ်လိုက်မှု၊ တတိုင်းတပြည်လုံး ကြော်ငြာမောင်းခတ်လိုက်ဖို့ အစီအစဉ်ကို ကျနော်တို့က မလိုချင်ဘူး။ အမှန်အကန်ပေါ်ပေါက်လာဖို့ကိုပဲ လိုလားတယ်။” လို့ ပြောပါတယ်။

မနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့က မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးရွာမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ (ကေဘီစီ) ရဲ့ စေလွှတ်ချက်အရ ကလေးတွေကို စာသင်ပေးနေတဲ့ စေတနာ့ဝန်ထမ်း အသက် ၂၅ နှစ်ခန့်အရွယ် ဆရာမလေး မရန်လုရာ (Maran Lu Ra) နဲ့ Kawng Hka တို့ သူတို့နေအိမ်တွင်းကို ညဘက် ကျူးကျော်ဝင်ရောက်ပြီး အဓမ္မပြုကျင့် သတ်ဖြတ်ခံရပါတယ်။

ကျောင်းဆရာမလေးတွေရဲ့နေအိမ်ဟာ ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းထဲမှာ ရှိပြီး အဲဒီညက မြန်မာ့တပ်မတော်စစ်ကြောင်းက ရွာမှာ တပ်ချရပ်နားချိန်ဖြစ်တာကြောင့် တပ်မတော် စစ်ကြောင်းကို စစ်ဆေးဖို့ အမှုမှန်စုံစမ်းဖော်ထုတ်ရေး အဖွဲ့က တောက်လျောက်တောင်းဆိုခဲ့တာပါ။

တောင်းဆိုချက်ကို လပေါင်းများစွာ ငြင်းပယ်ခံရပြီးနောက်  အခင်းဖြစ်တဲ့ ညက စခန်းချတဲ့ တပ်မတော်စစ်ကြောင်းမှူး ခမရ (၅၀၃) မှ ဗိုလ်မှူးအောင်ဖြိုးမြင့် နဲ့ အခြားအဆင့် ၂ ဦးကို စစ်ဆေးဖို့ လွန်ခဲ့တဲ့လပိုင်းက သဘောတူညီခဲ့ပါတယ်။ ဒါပေမယု့် စစ်ဆေးကာနီးလာတဲ့အခါမှာ မေးခွန်း ကြိုတင် ပေးပို့ဖို့နဲ့၊ အမေး၊ အဖြေတွေကို ရဲမှူးကတဆင့်သာ ဆောင်ရွက်မယ်လို့ ဆိုတာကြောင့် စစ်ဆေးမယ့်သူတွေဘက်က လက်မခံနိုင်တဲ့အခြေအနေဖြစ်ခဲ့တာပါ။

ဒီအမှုကို တရားလိုက်ပါဆောင်ရွက်တဲ့ ကေဘီစီက ရှေ့နေ ဦးဘရန်ဒီးက သူတို့အနေနဲ့ အစိုးရကို ကူညီတာသာဖြစ်ပါတယ်လို့ ပြောပါတယ်။

“ကျနော်တို့က အစိုးရကို ကူညီတာပါ။ အစိုးရကို အမှုမှန်ဖော်ထုတ်ရေးအတွက် ကူညီတာပါ။ ကျနော်တို့က Adjust လုပ်တာမဟုတ်ပါဘူး။ ဒီတော့ ကျနော်တို့က အစိုးရ ဒီအမှုမှန်ဖော်ထုတ်ရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ ကျနော်တို့က ကူညီတာဖြစ်တယ်ဆိုတာပဲ သိစေချင်ပါတယ်။”

ကနဦးပိုင်းတုန်းက ကေဘီစီအနေနဲ့ လွတ်လွတ်လပ်လပ်စစ်ဆေးမေးမြန်းခွင့်ရှိရေးကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ပေးပို့ပန်ကြားမယ်လို့ သိထားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးစတဲ့ ပြည်ထောင်စုဝန်ကြီး ၃ ဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆိုတင်သွင်းသူတွေကိုသာ ခန့်အပ်ခွင့်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013