DVB Logo
Home
မြန်မာသတင်း
အခြေခံလူတန်းစားများအတွက် ကျပ်သိန်း ၁၀၀ အောက် အိမ်ရာများ တည်ဆောက်မည်
DVB
·
June 8, 2016
အခြေခံလူတန်းစားများအတွက် ကျပ်သိန်း ၁၀၀ အောက် အိမ်ရာများ တည်ဆောက်မည်
Donate to DVB

အစိုးရသစ်လက်ထက် ငါးနှစ်အတွင်းမှာ ကျပ်သိန်း ၁၀၀ အောက် အိမ်ရာတွေ တည်ဆောက်ပြီး အခြေခံလူတန်းစားတွေ ပိုင်ဆိုင်နိုင်ဖို့ သေချာစိစစ် ဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရန်ကုန်မြို့မှာ ကျပ်သိန်း ၁၀၀ အောက် အိမ်ခန်းပေါင်း ၈၀၀၀ ကျော် တည်ဆောက်ဖို့အတွက် မြေနေရာ ဧက ၂၃၀ ကျော် ရရှိထားပြီး လက်ရှိမှာတော့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အစီအစဉ်တွေ ရေးဆွဲလုပ်ကိုင်နေပြီ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။

"မြေရပြီဖြစ်တဲ့အတွက် ပထမဆောက်ရမယ့် အိမ်တွေ ဒီဇိုင်းတွေလည်း လျာထားပြီးပါပြီ။ လက်တွေ့ ကျနော်တို့ နေပြည်တော်မှာ ၂ လုံး ဆောက်နေတယ်။ တန်ဖိုးနည်းအိမ်ရာ အမှန်တကယ်ဖြစ်အောင် ကုန်ကျစရိတ် စံထုံးတခုရဖို့ ဒါ အရေးကြီးနေပါတယ်။ တန်ဖိုးနည်းအိမ်ရာပြောပြီး ဈေးတွေ များနေတယ်ဆိုတာ ကျနော်တို့လည်း အရင်တုန်းက စံထုံးမရှိတဲ့အတွက် မသိပါဘူး။"

အစိုးရသစ်အနေနဲ့ကတော့ ငါးနှစ်တာကာလအတွင်းမှာ လမ်းတံတားအသစ်တွေ တည်ဆောက် ဖောက်လုပ်ခြင်း၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်း၊ လမ်းတံတား အဟောင်းတွေ ပြုပြင်ထိန်းသိမ်း တိုးချဲ့ဆောင်ရွက်ခြင်း၊ ဥမင်လိုဏ်ခေါင်း ဖောက်လုပ်ခြင်းတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကျပ်သိန်း ၁၀၀ အောက် အိမ်ခန်းတွေကို အမှန်တကယ် အခြေခံလူတန်းစားတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ လုပ်ကိုင်နေတဲ့အကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောပါတယ်။

"တန်ဖိုးနည်းအိမ်ရာ တကယ်လိုအပ်တဲ့လူ ရသွားဖို့ ဖြစ်ပါတယ်။ လျှောက်လွှာတွေခေါ်ပြီး မဲနှိုက်တဲ့စနစ်ဆိုလည်း လူတွေက ထီထိုးသလိုမျိုး လျှောက်လွှာတွေ တင်ကြမှာ။ ဒါကြောင့် တကယ်လိုအပ်နေတဲ့သူတွေ လက်ထဲကို တန်ဖိုးနည်းအိမ်ရာ အရစ်ကျစနစ်နဲ့ ရောင်းပေးမယ်၊ တကယ်လည်း နေရမယ်။ ဒီလိုမျိုးဖြစ်အောင် မူဝါဒ စည်းမျဉ်းစည်းကမ်း ရေးဆွဲနေပါတယ်။ ဒါတွေပြီးသွားရင်တော့ တရားဝင် ကြေညာပေးပါမယ်။"

အစိုးရသစ်လက်ထက်မှာ မြ၀တီနယ်စပ်ကို သွားလာနိုင်တဲ့ လမ်းကြောင်းအသစ်အတွက် တံတားအသစ်တွေ တည်ဆောက်ခြင်း၊ ရန်ကုန်မြို့ရှိ သီလ၀ါစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန်လျင်တံတားအသစ်တစင်း တည်ဆောက်ခြင်း၊ ရန်ကုန်မြို့ကနေ ၀ါးတရာစက်မှုဇုန်ကို ဖြတ်သန်းသွားလာနိုင်တဲ့ တံတားအသစ်တစီး၊ ရခိုင်ပြည်နယ် စစ်တွေ-မင်းပြား လမ်းပိုင်းတွေမှာရှိတဲ့ မြစ်ကူးတံတားတွေ တည်ဆောက်ခြင်း၊ ဟင်္သာတနဲ့ သာရဝေါ ဖြတ်သန်းသွားလာနိုင်တဲ့ တံတား၊ သရက်-အောင်လံကို ဖြစ်သန်းသွားလာနိုင်တဲ့ တံတားအသစ်တွေကို တည်ဆောက်သွားမယ်လို့လည်း ပြောပါတယ်။

ငါးနှစ်တာကာလအတွင်း ဥမင်လိုဏ်ခေါင်း ၂ ခုကို ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီ ဥမင်လိုဏ်ခေါင်းတွေကတော့ ရှမ်းပြည်နယ် တောင်ကြီး လွိုင်လင်ကြားမှာရှိတဲ့ ၀တလုံးတောင်ကို ဖြတ်ဖောက်တဲ့ ဥမင်လိုဏ်ခေါင်းနဲ့ မုံရွာ-ဂန့်ဂေါမြို့ကို ဖြတ်သန်းသွားလာဖို့အတွက် ပုံတောင် ပုံညာတောင်ကို ဖြတ်ပြီး ဖောက်လုပ်ထားတဲ့ ဥမင်လိုဏ်ခေါင်းတခုကို တည်ဆောက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဇွန်လ ၇ ရက်နေ့က ဆောက်လုပ်ဝန်ကြီးဌာနနဲ့ သတင်းမီဒီယာတွေ တွေ့ဆုံခဲ့ကြပြီး ငါးနှစ်အတွင်း ဆောင်ရွက်လုပ်ကိုင်သွားမယ့် လုပ်ငန်းစဉ်တွေအကြောင်းကို ဝန်ကြီးဌာန တာဝန်ရှိသူတွေ ဖြေကြားခဲ့ပြီး သတင်းမီဒီယာတွေရဲ့ သိလိုသမျှ မေးမြန်းမှုတွေကို နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးမှာ ရှင်းလင်းဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013