DVB Logo
Home
မြန်မာသတင်း
ဘန်ကောက် အနှိပ်ခန်းဝင်စီး၊ လိင်အလုပ်သမား ၁၀၀ ကျော်တွင် မြန်မာ ၉၀ ရာခိုင်နှုန်းပါဝင် (ရုပ်သံ)
DVB
·
June 8, 2016
ဘန်ကောက် အနှိပ်ခန်းဝင်စီး၊ လိင်အလုပ်သမား ၁၀၀ ကျော်တွင် မြန်မာ ၉၀ ရာခိုင်နှုန်းပါဝင် (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်က အနှိပ်ခန်းတခုကို ထိုင်းတာဝန်ရှိသူတွေက ဇွန်လ ၇ ရက်က  ၀င်ရောက်စီးနင်း ရှာဖွေရာမှာ လိင်အလုပ်သမား ၁၀၀ ကျော်ဖမ်းမိပြီး အဲဒီထဲက ၉၀ ရာခိုင်နှုန်းက မြန်မာနိုင်ငံသားဖြစ်ကာ အသက် ၁၈ နှစ်အောက် မိန်းကလေးတွေပါ လူကုန်ကူးခံရတယ်လို့  သနေရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဟွေ့ခွမ်မြို့နယ် ရာ့ခ်ျဒါးဖိဆစ်နယ်မြေရှိ Nataree Massage Enteratainment  အမည်ရ အနှိပ်ခန်းတခုမှာ အသက်မပြည့်တဲ့ မိန်းကလေးတွေကို လိင်အလုပ်သမားအဖြစ်စေခိုင်းကြောင်း စုံစမ်းသိရှိချက်အရ ထိုင်းပြည်ထဲရေးဌာန၊ လူကုန်ကူးမှု နှိမ်နင်းရေးရဲတပ်ဖွဲ့၊ နယ်မြေခံရဲ၊ စစ်တပ် နဲ့ NVADER အန်ဂျီအိုတို့ ပါဝင်တဲ့ ပူးပေါင်းအင်အား ၁၀၀ ကျော်က ဇွန်လ ၇ ရက် ည ၈ နာရီအချိန်က ၀င်ရောက်စီးနင်းခဲ့တာလို့ ထိုင်းနိုင်ငံအထူး စုံစမ်းစစ်ဆေးရေးနဲ့ဥပဒေရေး ရာဌာန ညွှန်ကြားရေးမှူး နိုင်းဖိရိယ ချန်တထိလုတ်က ပြောပါတယ်။

ဒီမတိုင်ခင် အဲဒီအနှိပ်ခန်းမှာ အသက် ၁၆ နှစ်ရွယ် မိန်းကလေးတဦး လိင်အလုပ်သမား အဖြစ်ခိုင်းစေခံနေရကြောင်း တိုင်ကြားချက်အရ NVADER အဖွဲ့က ထိုင်းလူကုန်ကူးမှု နှိမ်နင်းရေးအဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း၊ တာဝန်ရှိသူတွေက ၃ လကြာ စောင့်ကြည့်ပြီး ဧည့်သည်အဖြစ်အယောင်ဆောင်ကာ အတွင်းပိုင်းထိ ၀င်ရောက်စုံစမ်းခဲ့ကြောင်း၊ ၀င်ရောက်စီးနင်းဖို့ ယခင်က ၂ ကြိမ်ကြိုစားခဲ့ပေမယ့် မိန်းကလေးငယ်ကို မတွေ့တဲ့ အတွက် အခု တတိယအကြိမ်မြောက်မှာမှ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

မနေ့က ဖမ်းဆီးရမိတဲ့ထဲမှာ လိင်အလုပ်သမားအမျိုးသမီး စုစုပေါင်း ၁၂၁ ဦး၊ အဲဒီထဲမှာ ထိုင်းက ၂၁ ဦး၊ မြန်မာ ၅၃ ဦး၊ တောင်ပေါ်သား ၂၆ ဦး၊ လာအိုနိုင်ငံသား ၁၁ ဦး ၊ ကမ္ဘောဒီးယား ၁ ဦး ၊ အသက် ၂၀ အောက် ၉ ဦး (ထိုင်း ၂၊ မြန်မာ ၄ ၊ လော ၁ ၊ တောင်ပေါ်သား ၂ ) ဦး ပါဝင်ကြောင်း နိုင်းဖိရိယက ပြောပါတယ်။

၁၈ နှစ်အောက် မိန်းကလေးမှာ စုစုပေါင်း ၇ ဦးရှိကာ မြန်မာမိန်းကလေးက ၅ ဦး တောင်ပေါ်သားက ၂ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါမိန်းကလေးအားလုံးကို ထပ်မံစစ်ဆေးပြီး တရားမ၀င် ၀င်ရောက်လုပ်ကိုင်သူ၊ ဥပဒေမှ တားမြစ်တဲ့ အလုပ်လုပ်ကိုင်သူ၊ လူကုန်ကူးမှုနဲ့ ပါဝင်ပတ်သက်သူ စသဖြင့် အမျိုး အစားပြန်လည်ခွဲထုတ်ပြီး အရေးယူခြင်း၊ ပြစ်ဒဏ်ပေးခြင်း နဲ့ ကယ်တင်ခြင်းတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Nataree Massage Enteratainment အနှိပ်ခန်းဟာ တရားဝင်မှတ်ပုံတင်ထားတာဖြစ်ပေမယ့် လိင်ပိုင်းဝန်ဆောင်မှုလုပ်ငန်းပါ လုပ်ကိုင်ကြောင်း သက်သေအထောက်အထားခိုင်လုံတဲ့အတွက် လုပ်ငန်း ရှင်ဆိုင်ရာဥပဒေနဲ့ အရေးယူခံရမှာဖြစ်သလို လူကုန်ကူးမှုပါ ကျူးလွန်တယ်ဆိုရင် လုပ်ငန်းလိုင်စင်ရော ပိုင်ဆိုင်မှု ပစ္စည်းများအားလုံးပါ သိမ်းပိုက်ခံရဖွယ်ရှိတယ်လို့  ငွေမည်းခ၀ါချမှုနှိမ်နင်းရေးဌာန တာဝန်ရှိသူ နိုင်းမာနက ပြောပါတယ်။

သိမ်းဆည်းရမိတဲ့အထောက်အထားတွေထဲမှာ အစိုးရ၀န်ထမ်း (ရဲ) တွေကို လာဘ်ထိုးထားတဲ့ ငွေလွဲစာရင်းတွေပါ တွေ့ရှိရတဲ့အတွက် အဆိုပါဝန်ထမ်းတွေကိုလည်း ဆက်လက်အရေးယူဖို့ ရှိနေပါတယ်။

ဒီလူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးဟာ ထိုင်းဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရ၀စ် ၀ုန်းဆုဝမ်း နဲ့ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး အနုဖုန်းဖောင်ကျင်းဒါး တို့ရဲ့ တိုက်ရိုက်ညွှန်ကြားမှုအောက်မှာ ဆောင်ရွက်တာဖြစ်ပြီး ရှေ့ဆက်လည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ နှိမ်နင်းသွားမှာဖြစ်ကြောင်း၊ လူကုန်ကူးမှု မသင်္ကာဘွယ်ရာရှိရင် ဖုန်းနံပါတ် ၁၅၆၇ ကို ၂၄ နာရီ တိုင်ကြားနိုင်ကြောင်း သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013