DVB Logo
Home
Lead Story
ပြုပြင်စရာများလှတဲ့ ၀န်ထမ်းလောက
DVB
·
June 8, 2016
ပြုပြင်စရာများလှတဲ့ ၀န်ထမ်းလောက
Donate to DVB

မြန်မာနိုင်ငံရဲ့ ဝန်ထမ်းအများစုဟာ ခေတ်အဆက်ဆက် ဆင်းရဲချို့တဲ့တဲ့ဘဝကို ဖြတ်သန်းနေရတဲ့ လူတန်းစားတရပ် ဖြစ်ပါတယ်။ အောက်ခြေသိမ်း ခိုင်းသမျှလုပ်၊ ပြောသမျှ နာခံကြရပြီး အထက်က အနိုင်ကျင့်သမျှလည်း ကြိတ်မှိတ်ခံနေကြရတာလည်း ဒီဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ ဒီဝန်ထမ်းတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အရေးတကြီးပြုပြင်ဖို့ လိုပါတယ်။ ၀န်ထမ်းလောကကို မပြုပြင်ဘဲ နိုင်ငံ့အုပ်ချုပ်ရေးကို ပြုပြင်ဖို့ဆိုတာ အိတ်ပေါက်နဲ့ ဖားကောက်သလိုမျိုးသာ ဖြစ်နေပါလိမ့်မယ်။

စစ်အုပ်ချုပ်ရေးက ဖန်တီးခဲ့တဲ့ မြစ်ပွားနာ

မြန်မာနိုင်ငံရဲ့ အစိုးရဖွဲ့စည်းပုံမှာ ဝန်ထမ်းတွေရဲ့ ရပ်တည်မှုနဲ့ ဝန်ထမ်းတွေအတွက် ချမှတ်ထားတဲ့ မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကျင့်ဝတ်တွေဟာ နေရာအလိုက် ပုံစံမျိုးစုံ ကွဲလွဲနေပါတယ်။ စစ်တပ်ဦးစားပေး နည်းလမ်းများနဲ့ သက်ဆိုးရှည်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့  အုပ်ချုပ်ရေးစနစ်ထဲမှာ အမိန့်အာဏာတွေ၊ မညီမျှမှုတွေနဲ့ အံမ၀င်ခွင်မကျတဲ့ အလွဲအချော်တွေပဲ ပြည့်နေခဲ့ပါတယ်။ စစ်ခေါင်းဆောင်များရဲ့လက်အောက် ကြီးပြင်းလာခဲ့ရတဲ့ အုပ်ချုပ်မှုပုံစံထဲမှာ အမြစ်တွယ်နေတဲ့ ဖွဲ့စည်းပုံနဲ့ တာဝန်ဝတ္တရား သတ်မှတ်ပုံတွေဟာ ပြုရခက်၊ ပြင်ရခက်တဲ့ အနေအထားမှာ ရှိပါတယ်။ အချိန်တိုတိုနဲ့ ကုစားလို့မရနိုင်တဲ့ “မြစ်ပွားနာ” ကြီးတခုလို့ ပြောရင် မမှားပါဘူး။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ် မတ်လ (၈) ရက်နေ့က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ စာမျက်နှာ (၂၅) မျက်နှာပါ နိုင်ငံ့ဝန်ထမ်းဥပဒေထဲက အချက်အလက်တွေထဲမှာ အမိန့်ဆန်မှုတွေ၊ စစ်တပ်နဲ့ ရဲကို သီးခြား အခွင့်အရေး ပေးထားမှုတွေ၊ အစိုးရယန္တရားကို ရှုပ်ထွေးစေမှုတွေ အများအပြား ပါဝင်နေတာကို တွေ့ရပါမယ်။

နိုင်ငံ့ဝန်ထမ်းဥပဒေရဲ့ အခန်း (၄) တာဝန်နှင့် အခွင့်အရေးများမှာ ဝန်ထမ်းတွေအတွက် တာဝန်သတ်မှတ်ချက် (၁၂) ချက်ဟာ စစ်တပ်အခြေပြု သတ်မှတ်ထားတဲ့ပုံစံ ဖြစ်နေပါတယ်။ ပါတီနိုင်ငံရေး ကင်းရှင်းခြင်း၊ ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း အစရှိတဲ့ အချက်တွေဟာ လက်တွေ့မဆန်တဲ့အပြင် ဝန်ထမ်းများအပေါ် လိုသလို ပုံသွင်းဖိနှိပ် အသုံးချဖို့ ရည်ရွယ်ချက်နဲ့ ထည့်သွင်း ရေးဆွဲထားတာပါ။ ဒီလို ဒီမိုကရေစီမဆန်ဘဲ စစ်အုပ်ချုပ်ရေးဆန်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေဟာ နိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွင်းမှာ ၀န်ထမ်းများ မပါဝင်နိုင်အောင် တားဆီးနေတဲ့ ခလုတ်ကန်သင်းတွေ ဖြစ်ပါတယ်။

ဆွေမျိုးအကျိုးစီးပွားလား၊ ပြည်သူ့ဝန်ဆောင်မှုလား

ယခင်အစိုးရ အဆက်ဆက်မှာ ၀န်ကြီးဌာနတွေကို ဆွေမျိုးသားချင်းတွေနဲ့ အဓိက ဖွဲ့စည်းတည်ဆောက်ထားခဲ့တာ လူတိုင်းအသိပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မိသားစုစီးပွားရေး လုပ်ငန်းတွေလိုဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုတွေနဲ့ နာမည်ပျက်ခဲ့တာပါ။ ပြည်သူ့ဝန်ဆောင်မှုကို ဘန်းပြပြီး ဘတ်ဂျက်တွေ ယူခဲ့ပေမယ့် ကိုယ်ကျိုးစီးပွား ပဓာနဖြစ်ခဲ့တဲ့ ၀န်ကြီးဌာနတွေကို မူသစ် စနစ်သစ်နဲ့ အသေအချာ ပြုပြင်ရမှာက အစိုးရသစ်ရဲ့ အဓိကတာဝန်တရပ် ဖြစ်ပါတယ်။

ဒီလို ၀န်ကြီးဌာနတွေထဲမှာ ၀န်ထမ်းလောကသားတွေ စိတ်ဝင်တစား စောင့်ကြည့်နေတာကတော့ နိုင်ငံခြားရေး ၀န်ကြီးဌာန ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ခေတ်အဆက်ဆက် စစ်တပ်က ဗိုလ်ချုပ်တွေ၊ စစ်ထွက်ဝန်ကြီးတွေရဲ့ သားသမီး၊ သမက်၊ ချွေးမ၊ ဆွေမျိုးအများစုနဲ့ ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနတခုဆိုတာ နိုင်ငံတကာကရော ပြည်တွင်းကပါ သေသေချာချာ သိကြပါတယ်။

(နိုင်ငံခြားရေးဝန်ကြီးဌာနကို ဟိုးအရင်အစိုးရခေတ်ကတည်းက Ministry of Foreign Affair လို့ မခေါ်ဘဲ Ministry of Family Affair လို့တောင် နောက်ပြောင်ပြီးခေါ်ကြတဲ့အထိ နာမည်ကြီးခဲ့ပါတယ်။)

မိုးကျရွှေကိုယ်တွေထက် ပိုပြီး အုပ်ချုပ်စီမံခန့်ခွဲရ ခက်ခဲခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို  ပြည်သူတွေရော တကမ္ဘာလုံးကပါ လေးစားကြည်ညိုကြရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုပြုပြင်ပြောင်းလဲနိုင်မလဲ ဆိုတာက ၀န်ထမ်းလောကအတွက် စောင့်ကြည့်စရာ ဖြစ်နေပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနလိုပဲ အခြား အခြားသော ဝန်ကြီးဌာနတွေမှာလည်း အရင်အစိုးရက လက်သပ်မွေးမြူ စင်တင်ပေးထားတဲ့ အစ်ကိုကြီး ညီလေး ဆရာတပည့်တွေ များစွာရှိနေသလို ဆွေရင်းမျိုးရင်း ဝမ်းကွဲ အစရှိတဲ့ ပတ်သက်ဆက်နွယ်မှုတွေ အများကြီးရှိနေပါတယ်။ (ဒါကြောင့် ဘယ်ဝန်ကြီးဌာနက ဘယ်လိုအစီအမံ အပြောင်းအလဲ၊ ဘယ်လိုပုံစံကို ပုံဖော်မယ်ဆိုတာ အရင်အစိုးရက လူတွေ ချက်ချင်းသိနေတာ ဖြစ်ပါတယ်။) အစိုးရသစ်အနေနဲ့ ဒီလိုဝန်ကြီးဌာနတွေရဲ့ ဖွဲ့စည်းပုံ၊ အုပ်ချုပ်ပုံနဲ့ အလုပ်လုပ်ပုံတွေကို ပြတ်ပြတ်သားသား ပြုပြင်ရပါလိမ့်မယ်။

ဘယ်သူဦးဆောင်မလဲ

အရင်အစိုးရရဲ့ လူယုံတွေ၊ အတွင်းလူတွေနဲ့ အကျိုးစီးပွား ဆက်စပ်ပတ်သက်သူတွေဟာ ယခုအစိုးရသစ်ရဲ့ အဓိက ပုံဖော်ပေးရတဲ့သူတွေနေရာမှာ အပေါ်ကို အကြံပေး၊ အောက်ကို ကွပ်ကဲရသူတွေ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း အစိုးရသစ်ရဲ့ ပထမခြေလှမ်းတွေမှာပဲ ရှုပ်ထွေးမှုတွေ၊ အဆင်မပြေမှုတွေကို တွေ့ကြုံနေရတာပါ။

အစိုးရဟောင်းက စနစ်တကျ ရွေးချယ်ထားခဲ့တဲ့ Key Person တွေကို အစိုးရသစ်ကလည်း အားကိုးနေကြတာကြောင့် Shadow Government လို့ ဝေဖန်ပြောဆိုတာတွေလည်း ကြားနေရပါတယ်။ အုပ်ချုပ်မှုစနစ်ကို အကျွမ်းတဝင် မဖြစ်သေးတဲ့ အစိုးရသစ်ရဲ့ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေဟာ မူဟောင်းကိုင်စွဲပြီး အကျိုးအမြတ်ကို ကာကွယ်သူ လူဟောင်းအများစုရဲ့ လမ်းပြခေါ်ဆောင်မှု နောက်ကို လိုက်ပါနေရတာကြောင့် ဒီလို ဝေဖန်နေကြတာလို့ ပြောရပါမယ်။

စဉ်းစားစရာ အချက်ကတော့ အစိုးရသစ်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေ အနေနဲ့ အုပ်ချုပ်မှု ယန္တရားကို လေ့လာနေပြီး အားနည်းချက်တွေကို ရှာဖွေသုံးသပ်နေတာလား။ တနည်းအားဖြင့် စောင့်ကြည့်နေတာလား။ အဲဒီလို စောင့်ကြည့်မယ်ဆိုရင်လည်း အချိန်အတိုင်းအတာတခု သတ်မှတ်ပြီး အရေးယူ ဆောင်ရွက်မှုတွေ၊ မေးမြန်းအဖြေရှာမှုတွေ၊ ငြင်းဆန်ပြောင်းလဲမှုတွေ၊ အသစ်ချမှတ် ဖော်ဆောင်မှုတွေကို လုပ်ဖို့လိုပါတယ်။

နောက်ထပ် စဉ်းစားစရာ တချက်ကတော့ အရေးကိစ္စတိုင်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြပြီး ဆုံးဖြတ်ချက် နာခံယူနေရသလား။ လုပ်ပိုင်ခွင့်အားလုံးကို ဒီလိုသာ နာခံရယူနေရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အရွေ့ဟာ လိပ်ထက် ပိုနှေးသွားပါလိမ့်မယ်။

ပြည်သူကိုမျက်နှာမူပြီး ပြည်သူရဲ့အကျိုးစီးပွားကို ဦးထိပ်ထားတဲ့ အရေးကိစ္စမှန်သမျှကို ရဲရဲတင်းတင်း ဆုံးဖြတ်ခွင့်၊ လုပ်ပိုင်ခွင့် ရရှိရေးဟာ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေအတွက် အခြေခံအချက်တွေ ဖြစ်ပါတယ်။ ကိုယ်တာဝန်ယူရတဲ့ နေရာဌာနက အခြေအနေအားလုံးကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် သေချာစွာသိရှိပြီး မှန်ကန်ပြတ်သားစွာ ဦးဆောင်နိုင်ဖို့ လိုအပ်လှပါတယ်။

နှုတ်မိန့် အစဉ်အလာ

နောက်ထပ် သေသေချာချာ ကြပ်မတ်လုပ်ဆောင်ရမယ့် အချက်တခုမှာ ဝန်ထမ်းအဖွဲ့အစည်းတွေထဲတွင် ဝန်ထမ်းတွေရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ၊ ရာထူးတိုးမြှင့်မှုတွေ၊ ပြစ်ဒဏ်သတ်မှတ်မှုတွေမှာ ဥပဒေ စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျမှန်ကန်စွာ မဆောင်ရွက်ဘဲ အာဏာရှိသူ၊ ဆုံးဖြတ်ခွင့်ရှိသူတွေရဲ့ ပါးစပ်ထဲက သတ်မှတ်ချက်တွေနဲ့ လည်ပတ်နေမှုမျိုးတွေသာ အများဆုံးဖြစ်နေကြတာ တွေ့ရပါတယ်။

ဒီအခြေအနေတွေဟာ အစိုးရသစ်အနေနဲ့ သေသေချာချာ လေ့လာပြင်ဆင်ရမယ့် အရေးကြီးကိစ္စတခုလည်း ဖြစ်ပါတယ်။ ဆုံးဖြတ်ခွင့်ရှိသူတွေရဲ့ မမြင်ရတဲ့ အာဏာစွမ်းပကားနဲ့ ပါဝါယန္တရား ကြီးစိုးနေမှုဟာ အစိုးရသစ်ရဲ့ အဂတိတရားကင်းစင်ရေး မူဝါဒကို “ကပျက်ယပျက်” လုပ်နေတဲ့အရာပါ။

ဝန်ထမ်းများရဲ့ မျှော်လင့်ချက်

အစိုးရသစ်က ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို ပြည်သူတွေက အလေးအနက်ထား မျှော်လင့်နေကြပါတယ်။ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့ဝန်ထမ်း အများစုကလည်း မသမာမှုတွေ သံတံတိုင်းကြီးလို ခိုင်မာကျယ်ပြန့်နေတဲ့ အဝန်းအဝိုင်းကြီးတွေရဲ့ ကြီးစိုးမှုအောက်က လွတ်မြောက်ပြီး ပြည်သူတွေအကျိုး၊ တိုင်းပြည်အကျိုးကို လွတ်လပ်ပျော်ရွှင်စွာ သယ်ပိုး ထမ်းရွက်လိုကြပါတယ်။ ဝန်ထမ်းလည်း ပြည်သူဖြစ်ပါတယ်။ ပြည်သူတွေကို ဦးစားပေး အလေးထားတဲ့ အစိုးရရဲ့ မေတ္တာတရားကို ပြည်သူ့ဝန်ထမ်းတွေက ငံ့လင့် မျှော်လင့်နေကြတယ်လို့ အကြွင်းမဲ့ ယုံကြည်မိပါတယ်။          ။

ဝါရင့်ဝန်ထမ်းတဦး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013