DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ၃ မြို့နယ် နိုင်ငံသားစိစစ်မှုစတင်
DVB
·
June 8, 2016
ရခိုင်ပြည်နယ် ၃ မြို့နယ် နိုင်ငံသားစိစစ်မှုစတင်
1 / 2
Donate to DVB

ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ဦးစီးပြီး ရခိုင်ပြည်နယ်မြို့ ၃ မြို့မှာ နိုင်ငံသားစိစစ်မှု အစပျိုးလုပ်ငန်းကို ဇွန် ၇ ရက်နေ့က စတင်ပါတယ်။

ကျောက်ဖြူနဲ့ မြေပုံမြို့နယ်က ဘင်္ဂလီ ဒုက္ခသည်စခန်း ၂ ခုနဲ့ ပုဏ္ဍားကျွန်းမြို့က ဘင်္ဂလီကျေးရွာတရွာမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေအရ နိုင်ငံသားစိစစ်ခံရမည်သူများ၏ သက်သေခံကတ်ပြား (Identity Card for National Verification, NVC) ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီကတ်ပြားဟာ ကြည်ပြာရောင်ရှိပြီး လူမျိုးနဲ့ကိုးကွယ်တဲ့ဘာသာကို ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။ NVC ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဒုက္ခသည်စခန်းနှစ်ခုမှာ ဆောင်ရွက်နိုင်ပေမယ့် ပုဏ္ဏာကျွန်းမြို့နယ်က ကျေးရွာမှာတော့ လူမျိုး၊ ဘာသာ ထည့်သွင်းမဖော်ပြထားတာကြောင့် ညှိနှိုင်းနေဆဲလို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီဗွီဘီက ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်ကို တိုက်ရိုက် ဖုန်းဆက်မေးမြန်းပေမယ့် ဖြေကြားခြင်းမရှိပါဘူး။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က “ပုဏ္ဍားကျွန်းမြို့နယ်မှာ လုပ်ငန်းဆောင်ရွက်တဲ့အခါ လူမျိုး၊ ဘာသာ မပါလို့ဆိုပြီး ကောက်ယူရရှိခြင်းမရှိသေးပါဘူး။ သူတို့နေနရာက IDP Camp မဟုတ်ပါဘူး။ သီးခြားနေထိုင်တဲ့ ရွာလေးတရွာဖြစ်ပါတယ် ။နောက်တခုက သူတို့ကို လွှမ်းမိုးထားတဲ့ ဘာသာရေးတွေ၊ ရပ်မိရပ်ဖတွေကလည်း ဂဃဏန အခြေအမြစ်ကို ပြောဆိုနိုင်ခြင်းမရှိပါဘူး။ ပညာအခြေခံနည်းတာလည်း ပါကောင်းပါပါလိမ့်မယ်။” လို့ ပြောပါတယ်။

“နိုင်ငံသားစိစစ်မှု ခံယူမယ့်လုပ်ငန်းစဉ်ကတော့ ပထမအဆင့်အနေနဲ့ နိုင်ငံသားစိစစ်ခံရမယ့်သူရဲ့ သက်သေခံကတ်ပေးမယ်၊ ဒုတိယအဆင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီနိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်ဆောင်ရွက်ခြင်းကို လျာထားရက် ၇ ရက်သတ်မှတ်ထားပါတယ်။ ဒီလုပ်ငန်းစဉ်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ချိန်ထိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားတဲ့ ပဋိပက္ခအတွင်း လူအသေအပျာက်ရှိသလို အိမ်ခြေပေါင်းများစွာ မီးသင့်ခဲ့ရပြီး ဒုက္ခသည် သောင်းချီခဲ့ကြပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်ကလည်း နိုင်ငံသားစိစစ်ရေးလုပ်ဆောင်ခဲ့ပေမယ့် ထိထိရောက်ရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။ လူမျိုးနဲ့ ဘာသာနေရာမှာ အစိုးရဘက်က ဘင်္ဂလီလို့ ထည့်သွင်းခိုင်းခဲ့တဲ့မူနဲ့ကောက်ခံပြီး ကောက်ခံသူတွေဘက်က ရိုဟင်ဂျာလို့ စာရင်းသွင်းရမှ အစစ်ဆေးခံမယ်ဆိုတဲ့ အချက်ကြောင့် မထိမရောက်ဖြစ်ခဲ့ပါတယ်။

အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ်အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး အစိုးရအဖွဲ့ဝင်အကုန်လုံးနီးပါးနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

ဒီအစီအစဉ်ထဲမှာ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ရေးကော်မတီတရပ်လည်း ဖွဲ့စည်းတာဝန်ပေးခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိ ဆောင်ရွက်ချက်ဟာ နိုင်ငံသားစိစစ်မှုခံယူမယ့်သူတွေကို အရပ်အခေါ်အားဖြင့် တုံကင် ထုတ်ပေးတဲ့သဘောသာဖြစ်ပြီး လူမျိုး၊ ဘာသာကို မေးမြန်းခြင်းမပြုဖို့ ရှောင်ထားတာတွေ့ရပါတယ်။

ဦးဝင်းလွင်က “၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာ အမေက နိုင်ငံသားဖြစ်ပြီး အဖေက နိုင်ငံသားဖြစ်တယ်ဆိုရင် မွေးလာတဲ့ကလေးသည် နိုင်ငံသားဖြစ်ပါမယ်။ အဖေက နိုင်ငံသားပြုခွင့်ရသူဖြစ်တယ်၊ အမေက နိုင်ငံသား ပြုခွင့်ရသူဆိုရင် မွေးလာ တဲ့ကလေးဟာ နိုင်ငံသား ဖြစ်ချင်မှဖြစ်ပါမယ်။” လို့ ပြောပါတယ်။

သယံဇာတပေါကြွယ်ဝတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာရှိတယ်၊ ရိုဟင်ဂျာမရှိဘူးဆိုတဲ့ အငြင်းပွားမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကျယ်ကျယ်လောင်လောင် အငြင်းပွားခဲ့ကြပါတယ်။ ကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေက ရိုဟင်ဂျာအမည်ကို အသိအမှတ်ပြုထားပြီး အသိအမှတ်မပြုသူတွေက ဒီအမည်ကို ဆန့်ကျင်ကန့်ကွက်ပွဲတွေ မကြာခန ကျင်းပလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013