DVB Logo
Home
မြန်မာသတင်း
စင်ကာပူ-မြန်မာ နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ပြုပြီ
DVB
·
June 7, 2016
စင်ကာပူ-မြန်မာ နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ပြုပြီ
1 / 3
Donate to DVB

စင်ကာပူနဲ့  မြန်မာ နှစ်နိုင်ငံကြားမှာ ဗီဇာ ကင်းလွတ်ခွင့်ပြုဖို့ သဘောတူ လက်မှတ်ရေးထိုးကြပြီး လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့စလို့ အသက်ဝင်တော့မှာ ဖြစ်ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံကို ၃ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်လာတဲ့ ဧည့်သည်တော် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတရုံးမှာ တွေ့ဆုံစဉ်မှာ သဘောတူချက်ရခဲ့တာ ဖြစ်ပြီး နှစ်နိုင်ငံ တာဝန်ရှိသူတွေ လက်မှတ်ထိုးခဲ့ကြတာပါ။

ဒီသဘောတူညီချက်ဟာ နှစ်နိုင်ငံကြားမှာ သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူတွေလည်း ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့်ပြုမယ်လို့ သမ္မတရုံးပြောခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

စင်ကာပူဝန်ကြီးချုပ်က မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးမှာ တက်တက်ကြွကြွ ဦးဆောင်မှုပေးဖို့ မေတ္တာရပ်ခံတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

စင်ကာပူဝန်ကြီးချုပ်နဲ့ အဖွဲ့ကို နေပြည်တော်မှာ သမ္မတ ဦးထင်ကျော်က ဂုဏ်ပြုတပ်ဖွဲ့နဲ့  ကြိုဆိုခဲ့ပြီး သမ္မတအိမ်တော်မှာပဲ တွေ့ဆုံဆွေးနွေးပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ဖို့၊  စီးပွားရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အသက်မွေးဝမ်းကြောင်း ပညာရပ်ကဏ္ဍ၊ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု  မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဦးဇော်ဌေးက  ပြောပါတယ်။

မြန်မာနဲ့ စင်ကာပူနိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် ချစ်ကြည်ရေးခရီးစဉ်နဲ့ ပတ်သက်လို့ စင်ကာပူဝန်ကြီးချုပ်ရုံး ကြေညာချက်မှာ ဒီခရီးစဉ်ဟာ မြန်မာနဲ့ ကာလရှည်ကြာချစ်ကြည်ရေးကို ခိုင်မာစေမှာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အားပေးထောက်ခံဖို့ စင်ကာပူရဲ့ သန္နိဋ္ဌာန်ကို ထင်ရှားစေမှာဖြစ်တဲ့အပြင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ပိုမိုအားကောင်းစေမယ့် နည်းလမ်းတွေကို ဆွေးနွေးကြမယ်လို့ ပါရှိပါတယ်။

စင်ကာပူဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မှာ စင်ကာပူနိုင်ငံခြားရေး၊ ပညာရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနဲ့  သယ်ယူပို့ဆောင်ရေးဆိုင်ရာ အဆင့်မြင့်ဝန်ကြီးတွေအပြင် လွှတ်တော်အမတ်အချို့ လည်းလိုက်ပါလာပါတယ်။

စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ တတိယမြောက် ကုန်သွယ်မှု ပမာဏအများဆုံး နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံက စင်ကာပူကို  လယ်ယာထွက်ကုန်၊ ရေထွက်၊ တိရစ္ဆာန်၊ သတ္တု၊ သစ်တောပစ္စည်းတွေ တင်ပို့ရောင်းချပြီး  စင်ကာပူက မြန်မာကို လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေ အဓိက တင်သွင်းပါတယ်။

မြန်မာနိုင်ငံမှာ စင်ကာပူရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန် ဒေါ်လာ  ၁၃ ဘီလီယံကျော်ရှိပြီး တရုတ်နိုင်ငံပြီးရင် နိုင်ငံအလိုက် ပမာဏအများဆုံးဖြစ်တယ်လို့  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းဇယား တွေအရ သိရပါတယ်။

စင်ကာပူကိုယ်စားလှယ်အဖွဲ့ဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော် အကြီးအကဲတွေနဲ့ လည်း တွေ့ဆုံဖို့ ရှိပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013