
မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်နဲ့ ပညာရေးက အရေးပေါ်လိုအပ်နေတယ်လို့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးအတွက် လုပ်ဆောင်နေသူတွေက ပြောပါတယ်။
မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ဥပဒေ ထုတ်ပြန် ပြဋ္ဌာန်းခဲ့တာ ၁ နှစ်ရှိပြီဖြစ်ပေမယ့် တော်တော်များများကိုတော့ အကောင်အထည်မဖော်နိုင်သေးပါဘူး။
အဲဒီဥပဒေဟာ မသန်စွမ်းသူတွေကို တခြားသူတွေလိုပဲ အခွင့်အရေးတွေရှိတယ်လို့ ပြဋ္ဌာန်းထားတာပါ။
“ပညာရေး၊ နောက်တခုက အလုပ်အကိုင်ရရှိရေး၊ အဲဒီနှစ်ခုက အရေးပေါ်လိုအပ်နေပါတယ်။ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေးလိုအပ်နေတာက ဒွန်တွဲနေပါတယ်။ လိုအပ်တဲ့ လယ်ဗယ်ချင်း တူနေလို့ပါ။ မသန်စွမ်းကလေးတွေအတွက် ပညာရေးလိုအပ်သလို မသန်စွမ်းလူကြီးတွေအတွက် အလုပ်အကိုင်ရရှိရေးက လိုအပ်ပါတယ်” လို့ ဧဒင် မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံက Outreach Program Coordinator ကိုဌေးအောင်က ပြောပါတယ်။
ပညာရေးဆိုတာမှာလည်း အစိုးရ ပင်မကျောင်းတွေမှာ သင်ယူခွင့်ကို ပြောတာပါလို့ သူက ဆိုပါတယ်။ လက်ရှိအချိန်ထိမှာတော့ ဥပဒေထုတ်ပြန်ထားပေမယ့် နည်းဥပဒေ မထွက်လာသေးပါဘူး။
“ဥပေဒပါအချက်တွေကို အကောင်အထည်ဖော်ရင်တော့ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ နောက် နိုင်ငံရေးနဲ့ ပြည်သူ့ဘဝနယ်ပယ်တွေမှာ ပါဝင်ဆောင်ရွက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ နောက် လူ့အသိုင်းအဝန်းမှာ လွတ်လပ်စွာ သွားလာခွင့် ရလာမှာ ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုးက ပြောပါတယ်။
မသန်စွမ်းသူတွေ အလုပ်အကိုင်ရရှိလာရေအတွက် လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းတာတွေ မကြာခဏ ပြုလုပ်ပေးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မသန်စွမ်းမှုဆိုတာဟာ ပတ်ဝန်းကျင်နဲ့ တခြား အတားအဆီးတွေကြောင့် လူ့အဖွဲ့အစည်းထဲမှာ အပြည့်အဝ မပါဝင်နိုင်တာလို့ ဥပဒေမှာ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။
မသန်စွမ်းသူတွေကလည်း အတားအဆီးတွေ မရှိဘူးဆိုရင် သူတို့ဟာ သာမန်လူတွေလိုပဲ လုပ်ကိုင်သွားလာ နိုင်တယ် ဆိုတဲ့ အမြင်ကိုပဲ လက်ခံထားကြတာပါ။










