DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ် ရွှေ့ပြောင်းအလုပ်သမားများတွေ့ဆုံရန် မျှော်လင့်
DVB
·
June 6, 2016
ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ် ရွှေ့ပြောင်းအလုပ်သမားများတွေ့ဆုံရန် မျှော်လင့်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလကုန်ပိုင်းမှာ  မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကို  ဒုတိယအကြိမ် လာရောက်ဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂၃ ရက်၊ ၂၄ ရက်နဲ့  ၂၅ ရက်နေ့တွေမှာ ထိုင်းနိုင်ငံကိုသွားဖို့ခရီးစဉ်ရှိပြီး ခရီးစဉ်အတွင်း ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖို့ရှိတယ်လို့ နိုင်ငံခြားရေးဌာန  ကောင်စစ်ရေးနှင့် ဥပဒေရေးရာ ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံက လုပ်ဆောင်ပေးနိုင်မယ့် အရာတွေပါ ဆွေးနွေးကာ ထိုင်းနိုင်ငံအတွင်း တခြားမရောက်ဖူးသေးတဲ့ ဒေသတွေပါ သွားရောက်လေ့လာမယ်လို့   ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာပြီးနောက် လွန်ခဲ့တဲ့ ၂၀၁၂ ခု မေလကလည်း ဒီမိုကရေစီရေးလှုပ်ရှားတဲ့ အတိုက်အခံပါတီခေါင်းတဦးအနေနဲ့ ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်ခဲ့ဖူးပြီး ခုတကြိမ်ကတော့ အစိုးရ အဆင့်မြင့်တာဝန်ရှိသူတဦးအနေနဲ့ လာရောက်မှာ ဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သိန်းနဲ့ချီ အလုပ်လုပ်ကိုင်နေကြတဲ့ ဘန်ကောက်မြို့အနီး မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများကွန်ရက် ဒု- ဥက္ကဋ္ဌ ဦးအောင်ကျော်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံဆုံတွေ့ခွင့်ရဖို့ မျှော်လင့်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

"ပြီးခဲ့တဲ့ ဇွန်လ ၃၁ ရက်နေ့က ကျနော်တို့ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက အစည်းအဝေးခေါ်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားကိစ္စ၊ မူဝါဒပိုင်းဆိုင်ရာကိစ္စတွေ ပြောဆိုရင်းက ဒေါ်အောင်ဆန်းစုကြည်လည်း ထိုင်းနိုင်ငံရဲ့ ဖိတ်ကြားမှု နိုင်ငံတော်အဆင့် အနေနဲ့ အလည်အပတ် ရောက်လာမယ်လို့ ပြောပါတယ်ခင်ဗျ။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတော့ သူက အရပ်သားအနေနဲ့ ရောက်လာတော့ ကျနော်တို့ဖွင့်ထားတဲ့ မဟာချိုင်က အလုပ်သမားရုံးမှာ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်ရခဲ့တယ်။ ဒီတခေါက်ကတော့ အရပ်သားအနေနဲ့ မဟုတ်ဘဲ နိုင်ငံတော်အစီအစဉ်နဲ့ လာတာကြောင့် ထိုင်းအစိုးရ ပို့ဆောင်တဲ့နေရာကို သူသွားမှာဖြစ်တယ်။ အဲဒါကြောင့် သူတို့သွားတဲ့နေရာကိုပဲ ကျနော်တို့က လိုက်တွေ့ရမှာပဲ။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရင် တောင်းဆိုစရာတွေတော့ အထွေအထူး မရှိကြောင်း၊ အစိုးရသစ် တက်လာပြီးကတည်းက ရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စတွေကို အလုပ်သမားဝန်ကြီးနဲ့ နေပြည်တော်မှာ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးပြီးဖြစ်သလို အလုပ်သမားနဲ့ ပတ်သက်ပြီး အမှန်တကယ်လိုအပ်တဲ့ အကြောင်းအရာတွေလည်း တင်ပြခဲ့ပြီးဖြစ်လို့ တကယ့်လက်တွေ့ကျကျ ကူညီပံ့ပိုးနိုင်မယ့် ကိစ္စတွေပဲ ဆွေးနွေးဖို့ရှိကြောင်း သူက ဆက်ပြောပါတယ်။

မြန်မာ့အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အတိုင်ပင်ခံ မစ္စတာအန်ဒီဟောလ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ကြောင်း ခုလိုပြောပါတယ်။

“၂၀၁၂ ခုနှစ်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တွေ့ ဆုံနိုင်ဖို့ ကျနော်ကိုယ်တိုင်စီစဉ်ပေးခဲ့ရပါတယ်။ ဒီလခရီးစဉ်အတွက်တော့ ဘာမှပြောလို့ မရသေးပါဘူး။ သူနဲ့တွေ့ရင် တောင်းဆိုချင်တာက ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးတွေ တန်းတူညီမျှရရှိရေး၊ ထိုင်းအစိုးရရဲ့ ဥပဒေကြောင်းအရ အကာအကွယ်ပေးမှုတွေ အမှန်တ ကယ်ရရေး တိုက်တွန်းပေးစေချင်တယ်။”

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ  ဦးကျော်သောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ  ထိုင်းရောက် မြန်မာနိုင်ငံသားအားလုံးက လေးစားရတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် အလုပ်သမားတွေအများအပြားက ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံလိုတယ်လို့ ပြောပါတယ်။

“အကျယ်ချုပ်ဘ၀နဲ့ နှစ်ပေါင်းများစွာနေထိုင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့အတွက် အဖွဲ့အစည်းတွေအများကြီး ပြည်သူတွေအများကြီး ဆုတောင်းပွဲတွေ ဆန္ဒပြပွဲတွေ နှစ်စဉ်လုပ်ပေးခဲ့တယ်။ ဒီလိုပုဂ္ဂိုလ်ထွက်လာတော့ တွေ့ချင်မြင်ချင်တယ်၊ စကားပြောချင်တယ်။ ဒါပေမယ့် ရောက်လာတော့ အန်ဂျီအိုတဖွဲ့ရဲ့ စီမံမှုအောက်မှာ မြန်မာသတင်းဌာနတွေ အနားကပ်ခွင့်တောင်မရဘူး၊ အဝေးကနေပဲ သတင်းယူခဲ့ရတယ်၊ တွေ့တဲ့နေရာကလည်း အင်မတန်ကျဉ်းမြောင်းတဲ့နေရာမှာ၊ ဒီတခါတော့ အဲသလို မဖြစ်စေချင်ဘူး၊ ရွှေ့ပြောင်းအလုပ်သမားတွေ သန်းနဲ့ချီရှိတဲ့နေရာမှာ သိန်းနဲ့ချီတဲ့ လူတွေအနေနဲ့ ကိုယ့်နိုင်ငံ့ခေါင်းဆောင်ကို တွေ့ခွင့်ရစေချင်ပါတယ်။ အလုပ်သမားလုပ်အားခတွေ ခေါင်းပုံဖြတ်နေတဲ့ အမ်အိုယူစနစ်ဖျက်သိမ်းဖို့၊ ထိုင်း-မြန်မာသံရုံးမှာ အလုပ်သမားအရေးကို ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်တဲ့ လူသစ်နဲ့ မူသစ်ကို ပြောင်းလဲပေးဖို့ တိုက်တွန်းချင်တယ်။”

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး နိုင်းဒွန်း ပရမတ်ဝိနိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်တာဝန် ၀တ္တရားနဲ့ ရာထူးတွေ စတင်လက်ခံစဉ်က ၀မ်းမြောက်ဂုဏ်ယူကြောင်း သ၀ဏ်လွှာပေးပို့ခဲ့ပြီး ဒေသတွင်းမှာရော နှစ်နိုင်ငံကြားမှာပါ ငြိမ်းချမ်းရေး၊ ရေရှည်တိုးတက်ဖွံ့ဖြိုးရေးနဲ့ နှစ်နိုင်ငံပြည်သူတို့ စားဝတ်နေရေး အဆင်ပြေစေဖို့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ထိုင်းနိုင်ငံကို အလည်အပတ် ရောက်လာစေကြောင်း ထုတ်ပြန်ထားပါတယ်။

ထိုင်းသတင်းစာတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့်ခရီးစဉ်ဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ အရေးပါတဲ့ သမိုင်းမှတ်တိုင်ဖြစ်လိမ့်မယ်လို့ သုံးသပ်ဖော်ပြမှုတွေရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013