DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီပါတီတွင်း လစ်လပ်နေရာများ ၃ လအတွင်း အင်အားပြန်ဖြည့်မည်
DVB
·
June 6, 2016
အန်အယ်လ်ဒီပါတီတွင်း လစ်လပ်နေရာများ ၃ လအတွင်း အင်အားပြန်ဖြည့်မည်
Donate to DVB

ရွေးကောက်ပွဲ အနိုင်ရပြီး လွှတ်တော်နဲ့ အစိုးရအဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေရဲ့နေရာမှာ ပြန်လည်အင်အားဖြည့်တင်းဖို့ ၃ လအတွင်း လုပ်ဆောင်သွားမယ်လို့ အန်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဗဟိုအလှုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။

ပါတီပြန်လည်ဖွဲ့စည်းရေး အင်အားဖြည့်တင်းရေးမူကြမ်းကို ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးမှာ အတည်ပြုပြီးတဲ့နောက် ခုလိုဆောင်ရွက်မှာလို့  ဦးဝင်းထိန်က ပြောပါတယ်။

“မြို့နယ်၊ ခရိုင်၊ တိုင်း လစ်လပ်သွားတဲ့နေရာတွေမှာ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ပြန်ဖြည့်ပြီးတော့ ဖွဲ့စည်းမှာ။ ဒီလကစပြီးတော့ သြဂုတ်လအပြီးပေါ့ ၃ လအတွင်းလုပ်မယ်။ ၀န်ကြီးတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီမှာ ပါလို့မရတော့ဘူးလေ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်ပေါ့။ ဒါပေမယ့် ကျန်တဲ့ လွှတ်တော်ကိုယ်စားအနေနဲ့ကတော့ ရတယ်။”

လက်ရှိအစိုးရအဖွဲ့မှာ ပြည်ထောင်စုဝန်ကြီး တာဝန်တွေ ထမ်းဆောင်ရွက်နေတဲ့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပြင် တခြားတာဝန်တွေထမ်းဆောင်နေတဲ့ ဗဟိုအလုပ်အမှုဆောင်ဖွဲ့ဝင် ဒေါက်တာ မျိုးအောင်၊ ဒေါ်ခင်ဌေးကြွယ် စသူတို့ဟာ ဥပဒေအရ ပါတီလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်မရှိ တော့တာဖြစ်ပါတယ်။

လတ်တလောမှာတော့ အန်အယ်လ်ဒီပါတီကို အတွင်းရေးမှူးအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဉာဏ်ဝင်း နဲ့ ဦးဟံသာမြင့်တို့ ၅ ဦးက ကြီးကြပ်ဆောင်ရွက်နေတာပါ။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့မှာ တာဝန်တွေယူပြီး ပါတီလုပ်ငန်းတွေနဲ့ ကင်းကွာသွားပေမယ့် လက်ရှိ အချိန်အထိတော့ ပါတီပိုင်းမှာ အားလျော့သွားတာ မရှိသေးဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်းက ဒီဗွီဘီ ပြောပါတယ်။

“ကျနော့်အနေနဲ့ကတော့ လက်ရှိအခြေအနေမှာ အန်အယ်လ်ဒီပါတီရဲ့ အင်အားဟာ လျော့သွားတယ်လို့ ပြောလို့မရပါဘူး။ အဓိကကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ မြန်မာပြည်သူလူထုအနေနဲ့ ယုံကြည်မှု၊ အားကိုးမှုက ထောက်ခံမှုက မြင့်မားနေဆဲပဲလို့ သုံးသပ်လို့ရပါတယ်။ အဲဒါကလည်းပဲ အဓိက အားဖြင့်တော့ လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်အပေါ်မှာ ယုံကြည်မှု၊ ထောက်ခံမှုတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ မြင်ပါတယ်။ နောက်တဖက်က ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ လက်ရှိ မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပခုံးချင်းယှဉ်နိုင်လောက်တဲ့ နိုင်ငံရေးပါတီ အားကောင်းမောင်းသန်  ပေါ်လာတာကိုလည်း မတွေ့ရပါဘူး။ အဲဒီလိုအချက်တွေအရ သုံးသပ်မယ်ဆိုရင် လက်ရှိ မြန်မာပြည်သူလူထုအများစုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာရော၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ်မှာရော ထောက်ခံမှု၊ ယုံကြည်မှု မြင့်မားနေဆဲပဲလို့ ပြောလို့ရပါတယ်။”

ဒါပေမယ့် အန်အယ်လ်ဒီပါတီဖွဲ့စည်းပုံနဲ့ ပါတီတည်ဆောက်ရေးရဲ့ အားနည်းချက်တွေကြောင့် ပါတီအားကောင်းမှုကို ထိခိုက်နေတဲ့ အချက်တွေရှိနေတဲ့အတွက်  အဖွဲ့ချုပ်နေနဲ့ လက်ရှိအခြေအနေမှာ ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်းနဲ့ ပါတီတည်ဆောက်ရေးအပိုင်းမှာလည်း အခုထက်ပိုပြီး စနစ်တကျ ဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်း ဒေါက်တာရန်မျိုးသိန်းက သုံးသပ်ပြောပါတယ်။

ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကတော့ ပါတီမူဝါဒသစ် ချမှတ်ရေးနဲ့ပတ်သက်လို့တော့  အန်အယ်လ်ဒီက အစိုးရဖွဲ့နိုင်တာ ၂ လ လောက်ပဲရှိနေသေးတဲ့ အတွက် ပြောဖို့ အချိန်စောလွန်းသေးတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဟာ တိုင်းဒေသကြီး လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နေရာတွေအတွက် လွှတ်တော်ကိုယ်စားလှယ် ၁၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ရာမှာ  ကိုယ်စားလှယ် ၈၈၆ ယောက် အနိုင်ရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013