DVB Logo
Home
မြန်မာသတင်း
ဂျပန်ကာကွယ်ရေးဝန်ကြီး မြန်မာစစ်ဘက် အရပ်ဘက်ခေါင်းဆောင်များနှင့် တွေ့ဆုံ
DVB
·
June 6, 2016
ဂျပန်ကာကွယ်ရေးဝန်ကြီး မြန်မာစစ်ဘက် အရပ်ဘက်ခေါင်းဆောင်များနှင့် တွေ့ဆုံ
1 / 5
Donate to DVB

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့  ဂျပန်ကာကွယ်ရေးဝန်ကြီးဟာ  မြန်မာတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ရော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ဒီကနေ့ တွေ့ဆုံဆွေးနွေးပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီး နာကာတာနီနဲ့  ဒီကနေ့မနက် ၈ နာရီက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ တွေ့ဆုံရာ မြန်မာတပ်မတော်အကြီးအကဲက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက်  အာမခံချက် ရတဲ့အထိ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောတဲ့အကြောင်း ကာကွယ်ရေးဦးစီးချုပ်ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်၏တာဝန်သည် နိုင်ငံတော်ကာကွယ်ရေးဖြစ်သော်လည်း မိမိတိုင်းပြည်ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းအခြေအနေအရ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်၊ စည်းလုံးညီညွတ်အောင် လုပ်ဆောင်ရန် တာဝန်လည်းရှိကြောင်း၊ နှစ်ပေါင်းများစွာတိုးတက်မှု နောက်ကျခဲ့ရသည့်အတွက်လည်း တပ်မတော်အနေဖြင့် တိုင်းပြည်တိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ရန်လည်း တာဝန်ရှိကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုအတွက် အာမခံချက်ရသည်အထိ ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှစတင်ပြီး အရပ်သားအစိုးရအုပ်ချုပ်သည့် ပါတီစုံလမ်းကြောင်းကို လျှောက်လှမ်းနေပြီဖြစ်ကြောင်း၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီပြည့်စုံသည့်ပုံစံ မဖြစ်သော်လည်း မိမိနိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီလမ်းကြောင်းကို ခိုင်ခိုင်မာမာ လျှောက်လှမ်းနေပြီဖြစ်တယ်လို့လည်း မြန်မာကာကွယ်ရေးဦးစီးချုပ်ကပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့  တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကြပြီး ဂျပန်ဘက်က ဂျပန် ကာကွယ်ရေးဝန်ကြီး၊ ဒုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးမှာ၊ ဂျပန်နိုင်ငံက ပါဝင်ကူညီဆောင်ရွက်နေမှု အခြေအနေတွေနဲ့ ဂျပန်-အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေ အစည်းအဝေးကိစ္စနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီး နာကာတာနီဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒီကနေ့မနက်  နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013