DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ လ၀န်းထက်သာ အထည်ချုပ်လုပ်သားများဆန္ဒပြ
DVB
·
June 6, 2016
လှိုင်သာယာ လ၀န်းထက်သာ အထည်ချုပ်လုပ်သားများဆန္ဒပြ
Donate to DVB

ရန်ကုန် လှိုင်သာယာစက်မှုဇုန်ရှိ  ကိုရီးယားပိုင်  လ၀န်းထက်သာ အထည်ချုပ်စက်ရုံက  အလုပ်သမား ၁၀၀ ကျော်က  လုပ်ခလစာ သတ်မှတ်ရက်တွင်း ရရှိရေးအတွက် ဒီကနေ့ မနက်ကစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြနေကြပါတယ်။

လုပ်ခလစာကို လစဉ်ပုံမှန် ၅ ရက်နေ့မှာ ထုတ်ပေးရမယ်လို့ သတ်မှတ်ထားပေမယ့် အလုပ်ရှင်ဘက်က ထုတ်မပေးတဲ့အပြင် ဒီကနေ့မှာလည်း မပေးတဲ့အတွက် ဆန္ဒပြရတာလို့ အလုပ်သမား မဖြူဖြူထွေးက ပြောပါတယ်။

“ဘာကြောင့်ဆန္ဒပြလဲဆိုတော့ ညီမတို့ကို ပုံမှန်လစာက တကယ်ဆိုလို့ရှိရင် ၅ ရက်နေ့ တနင်္ဂနွေနေ့ ပိတ်ရက်ဆိုလို့ရှိရင် ၄ ရက်နေ့ပေးရတယ်လေ။ အခုဟာက ၄ ရက်နေ့ လည်းမပေးဘူး။ ဒီနေ့ ၆ ရက်နေ့ဖြစ်သွားပြီး ဒီနေ့လည်းမပေးဘူး။ ပေးဖို့လည်း အစီစဉ်မရှိဘူး။”

လ၀န်းထက်သာစက်ရုံကို အလုပ်ရှင်က ပိတ်ဖို့စီစဉ်နေပြီး နောက်ထပ်စက်ရုံ ၂ ခုမှာ အလုပ်သွားလုပ်မယ့်သူကိုသာ လစာပေးမယ်လို့ အလုပ်ရှင်က ပြောတယ်လို့လည်း မဖြူဖြူထွေးက ဆိုပါတယ်။

“ဒီစက်ရုံကို သူတို့ကပိတ်မယ်။ ဒီမှာကျန်တဲ့ လူတွေကို သူတို့ ဟိုဘက်မှာ ၂ ရုံရှိသေးတယ်လေ။ အဲဒီ ၂ ရုံကို မျှပြီးပို့မယ်။ ပို့မယ်ဆိုတော့ ညီမတို့က အဲဒီစက်ရုံကို မလိုက်နိုင်ဘူး။ ဘယ်သူမှ မလိုက်ဘူး။ အကုန်လုံး ဒီစက်ရုံမှာပဲလုပ်မယ်။ တကယ်လို့ ဒီစက်ရုံ မဖွင့်နိုင်ဘူးဆိုရင် ညီမတို့ကို နစ်နာကြေးပေးပေါ့။ သူတို့က ဘာမှမပေးနိုင်ဘူး အဲလိုပြောတယ်။ သူတို့က ဟိုဘက်စက်ရုံကို လိုက်မှလစာပေးမယ်။ မလိုက်ဘူးဆိုရင် လစာမပေးဘူးတဲ့။ အဲတော့ ညီမတို့ဘက်က ဘယ်လိုမှ အဆင်မပြေဘူး။ လုံးဝလည်း မလိုက်နိုင်ဘူး၊ အဲဒီသူဌေးနဲ့ ဆက်ပြီးတော့လည်း မလုပ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သူဌေးက အရမ်း ကလိမ်ကကျစ်များတယ်။”

အဆိုပါလ၀န်းထက်သာ အထည်ချုပ်စက်ရုံအလုပ်ရှင်ဟာ ကိုရီးယားနိုင်ငံသားဖြစ်ဖြစ်ပြီး ဆုလတ်ထက်သာနဲ့ မြန်မာတယ်ရီ အထည်ချုပ်စက်ရုံတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

လ၀န်းထက်သာစက်ရုံကိုပိတ်ပြီး တခြားစက်ရုံ ၂ ခုဖြစ်တဲ့ ဆုလတ်ထက်သာနဲ့ မြန်မာတယ်ရီဆီကို ပို့ဆောင်ဖို့ အလုပ်ရှင်ဘက်က စီစဉ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများအဖွဲ့က ကိုဝေလင်းကတော့ အလုပ်သမားတွေ ပုံမှန်လစာရရှိဖို့ ကူညီပေးသွားမယ်လို့ ပြောပါတယ်။

“ဒီလုပ်အားခ သတ်မှတ်ရက်အတွင်း မပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့က ဒီမှာရှိတဲ့ ၀န်ထမ်းတွေနဲ့ လုပ်အားခ အမြန်ပြန်ရရှိအောင် သူတို့နဲ့ပူးပေါင်းပြီးတော့ ကူညီဆောင်ရွက်သွားမှာပါ။ နောက်ဥပဒေကို ချိုးဖောက်တဲ့ အလုပ်ရှင်ကိုလည်း အရေးယူပေးဖို့ ကျနော်တို့ သူတို့နဲ့အတူ ပူးပေါင်းဆောင် ရွက်သွားမှာပါ။  ”

စက်ရုံအလုပ်သမားတွေကို လုပ်ခလစာပုံမှန်မရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လ၀န်းထက်သာ အထည်ချုပ်စက်ရုံကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့လကလည်း လ၀န်းထက်သာစက်ရုံအလုပ်သမားတွေဟာ လုပ်ခလစာအချိန်မီမရလို့ အလားတူ ဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013