DVB Logo
Home
မြန်မာသတင်း
မင်းပြား အထက ၂ ကျောင်း ယိုယွင်းပျက်စီးပြီး ပြိုကျမည့်အန္တရာယ် ရင်ဆိုင်နေရ
DVB
·
June 6, 2016
မင်းပြား အထက ၂ ကျောင်း ယိုယွင်းပျက်စီးပြီး ပြိုကျမည့်အန္တရာယ် ရင်ဆိုင်နေရ
1 / 5
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ဈေးဟောင်းပိုင်းရပ်ကွက်မှာရှိတဲ့ အထက ၂ ကျောင်းဆောင်ဟာ ယိုယွင်းပျက်စီးနေပြီး ပြိုကျမယ့်အန္တရာယ်ရှိတာကြောင့် အမြန်ဆုံးပြုပြင်ပေးဖို့ ကျောင်းသားမိဘတွေက တောင်းဆိုလိုက်ပါတယ်။

အထက ၂ ကျောင်းမှာ မှုလတန်းကနေ အထက်တန်းထိ ကျောင်းသူကျောင်းသား စုစုပေါင်း ၁၃၀၀ ကျော် ပညာသင်ကြားနေပါတယ်။

ကျောင်းဆောင်ကြီး ယိုင်နဲ့နေပြီး အကာအရံတွေလည်း လုံခြုံမှုမရှိတာကြောင့် အမြန်ဆုံးပြုပြင်ပေးဖို့ လိုလားနေကြတယ်လို့ အထက ၂ ကျောင်းအုပ် ဆရာစံညွန့်ချေက ပြောပါတယ်။

“ဒီကျောင်းကို ပြန်လည်ပြုပြင်ပေးဖို့ ပြီးခဲ့တဲ့နှစ်က ဓာတ်ပုံ မှတ်တမ်းတွေနဲ့ ပညာရေးဌာနကို တင်ပြပေးထားရှိတယ်ဗျ။ အမှုတွဲတင်တာ နှစ်ခါတောင်ရှိပါပြီ။ ပြီးခဲ့တဲ့နှစ်မတ်လက ကျောင်းအတွက် ၂၅ ရာခိုင်နှုန်းပေးမယ်ဆိုပြီးတော့ ပြောတယ်။ ကျနော်တို့ကလည်း ကျောင်းလုပ်မယ့်နေရာတွေကို သတ်မှတ်ခဲ့တယ်။ လွန်ခဲ့နှစ်က သိန်း ၁၂၀ ကျော် ချပေးခဲ့တယ်လို့ သတင်းထွက်ခဲ့တယ်။ ဒီကျောင်းအတွက်ပေါ့လေ။ ဒါပေမယ့် ဘယ်ရောက်မှန်းမသိဘူး။ မင်းပြားမြို့ထဲက ဒေသခံ ဆောက်လုပ်ရေး ကုမ္ပဏီတခုကို အပ်ခဲ့တယ်လို့ပြောတယ်။ ဒါပေမယ့်အခုအချိန်ထိတော့ပေါ်မလာဘူး။”

အခုလက်ရှိ ကျောင်းကို အရေးပေါ်ပြုပြင်ပေးဖို့လိုအပ်နေပြီး ကျောင်းသူ၊ ကျောင်းသားဦး ရေ များပြားလာတာကြောင့် ကျောင်းချိန်ကို နှစ်ဖြတ်၊ သုံးဖြတ်လုပ်ပြီး စာသင်ပြနေရတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ကျောင်းနဲ့ပတ်သက်လို့ ဇွန်လ ၂ ရက်နေ့က မင်းပြားမြို့ သက်ဆိုင်ရာ ပညာရေးမှူးရုံးက တာဝန်ရှိသူတွေ ရောက်ရှိလာပြီး ဓာတ်ပုံမှတ်တမ်းတွေ ယူသွားခဲ့ပေမယ့် ဒီနေထိ အကြောင်းမပြန်းသေးဘူးလို့ ပြောပါတယ်။

မင်းပြားမြို့ ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးသိန်းစံက ဒီကျောင်းကို ပြင်လည်မပြုပြင်နိုင်ပါက ကျောင်းသူ၊ ကျောင်းသားတွေ  အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

“ဒီကျောင်းက အရမ်းကို ပျက်စီးနေပါပြီ။ အရမ်းကို စိုးရိမ်ရတဲ့ ကျောင်းတကျောင်းဖြစ်နေပါတယ်။ အဲ့ဒီမှာ ကျောင်းသူကျောင်းသား လွန်ခဲ့တဲ့နှစ်က ၁၂၀၀ ကျော်ရှိတယ်။ ဒီနှစ်ဆိုရင် ၁၃၀၀ ကျော် ပညာဆည်းပူနေကြတယ်။ ဘာလို့စိုးရိမ်ရသလဲဆိုတော့ စာသင်ပြနေတဲ့အချိန် မထင်မှတ်ဘဲ သဘာဝဘေးအန္တရာယ်တခုခု ကျရောက်လာရင်တော့ ပြိုပျက်နိုင်တဲ့ အနေအထားရှိတယ်။ ကျောင်းဆောင်ထဲမှာရှိတဲ့ ကျောင်းသူ၊ကျောင်းသား၊ ဆရာမ တွေဟာလည်း အသက်အန္တရာယ်အများကြီးရှိနေပါတယ်။ အရင်တုန်းကလည်း ကျောင်းကို ၀ါးတွေနဲ့အောက်က ထောက်ထားရတယ်။ အခြေအနေက စိုးရိမ်းနေရတဲ့အခြေအနေမှာရှိနေတယ်။”

ကျောင်းသားမိဘတဦးဖြစ်တဲ့ ဒေါ်ခိုင်ခိုင်နုက “ကျမသမီးလေး ၇-တန်းပါ။ ဒီကျောင်းမှာ ကျောင်းတက်နေတယ်။ ဒီကျောင်းမှာထားရတာ နေ့စဉ်နေ့တိုင်းစိုးရိမ်နေရတယ်။ တစ်ခုခုဖြစ်ဖြစ်မလားပေါ့လေ။ ဘာဖြစ်လို့လဲတော့ ဒီကျောင်းက အရမ်းကို ဟောင်းအိုနေပြီ။ သစ်တွေလည်း အရမ်းဆွေးမြည့်နေတယ်။ ပညာရေးမှူးတွေ ဒီကျောင်းကို အမြန်ဆုံးပြုပြင်ပေးစေချင်တယ်” လို့ ပြောပါတယ်။

ဒီကျောင်းကို ၁၉၇၀ ပြည့်နှစ်ကတည်းက အလက ကျောင်းအဖြစ် တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာတော့ ပညာရေးဌာနက အထက ၂ ကျောင်း ပြောင်းလဲပေးခဲ့တယ်လို့ သိရပါတယ်။

ကျောင်းကြီး ယိုယွင်းပျက်စီးနေတာနဲ့ ပတ်သက်လို့ ပြည်နယ်ပညာရေးမှူးကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်ဖို့ ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

သတင်းနှင့်ဓာတ်ပုံ - ၀ဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013