DVB Logo
Home
မြန်မာသတင်း
မွန်ဝန်ကြီးချုပ်က လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးကို ခေါ်ယူ သတိပေး
DVB
·
June 5, 2016
မွန်ဝန်ကြီးချုပ်က လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးကို ခေါ်ယူ သတိပေး
Donate to DVB

မွန်ပြည်နယ် စီမံကိန်းကော်မရှင် ဖွဲ့စည်းခဲ့တာနဲ့ပတ်သက်လို့  ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်လွှတ်တော်တို့ အငြင်းပွားပြီး ၀န်ကြီးချုပ်က လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးကို ခေါ်ယူသတိပေး ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက်နဲ့ ၃ ရက်နေ့ ပြုလုပ်ခဲ့တဲ့ ပြည်နယ်လွှတ်တော်အထူးအဝေးအတွင်း စီမံကိန်းကော်မရှင်ဖွဲ့စည်းမှုနဲ့ ပတ်သက်လို့ အဆိုတင်ဆွေးနွေးရင်း နှစ်ဘက် တင်းမာခဲ့ကြတာဖြစ်ပြီး လွှတ်တော်စည်းဝေးပွဲအပြီးမှာ ၀န်ကြီးချုပ် ဦးမင်းမင်းဦးက လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးကို ခေါ်ယူသတိပေးခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်လွှတ်တော်အထူးအဝေးမှာ စီမံကိန်းကော်မရှင်ဖွဲ့စည်းမှုနဲ့ပတ်သက်လို့ အရေးကြီးအဆိုတင်ခဲ့တဲ့ သထုံက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက လွှတ်တော်အပြီးမှာ ၀န်ကြီးချုပ်က ခေါ်ယူသတိပေးခဲ့တာလို့ ပြောပါတယ်။

“လွှတ်တော်မှာ သူ မဆွေးနွေးဘဲနဲ့ ဟိုဘက် သူ့ရုံးထဲကိုခေါ်ပြီးတော့ သူ့ ပရ၀ဏ်ထဲမှာ သူလုပ်တယ်ဆိုတဲ့ ပုံစံမျိုး သူလုပ်တာ၊ ပြောချင်ဆိုချင်ရင် လွှတ်တော်ထဲပြောတော့ ဒါ တရားဝင်တာပေါ့။ မှတ်တမ်းမှတ်ရာနဲ့ အကုန်လုံးပြောပေါ့။ အဲ့လို မဟုတ်ဘဲ အစိုးရရုံးကို လွှတ်တော်ဥက္ကဋ္ဌရော၊ ဒုဥက္ကဋ္ဌရော ခေါ်ပြီးတော့ ဒါ သူ့ကို ပုဂ္ဂိုလ်ရေးတိုက်တာလို့ ပြောတာ။”

ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်မယ့် ပြည်နယ်စီမံကိန်းကော်မရှင်ဖွဲ့စည်းခဲ့တာကို လွှတ်တော်က မသိလိုက်ရသလို ကော်မရှင်ထဲမှာ ဒေသခံတွေ မနှစ်သက်တဲ့ လုပ်ငန်းရှင်တွေ ပါဝင်နေတာမို့ လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကတော့ စီမံကိန်းကော်မရှင်ဖွဲ့တဲ့ကိစ္စမှာ လွှတ်တော်နဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောပါတယ်။

“လွှတ်တော်နဲ့ ဘာမှ မဆိုင်ဘူး၊ စီမံကိန်းဖွဲ့ဖို့က။ လွှတ်တော်ကို အဲ့ဒီစာတောင် အမှန်က မပို့ရဘူး၊ စာက လွှတ်တော်ရောက်သွားတဲ့အတွက် အဲ့ဒီပြဿ နာ စပေါ်တာ။ ကျနော်တို့ကို သမ္မတကြီးက စီမံကိန်းကော်မရှင်ဆိုပြီးတော့ တိုက်ရိုက်ဖွဲ့ခိုင်းတာ၊ အဲ့ဒီမှာ ကျနော် ဖွဲ့ခွင့် ဘာမှ မရှိဘူး။ ဥက္ကဋ္ဌက ဘယ်သူ၊ ၀န်ကြီးတွေက ဘာ၊ နောက် အတွင်းရေးမှူးက ဘယ်သူ တခါတည်း ထည့်ပြီးသား၊ ကျနော့်မှာ ၃ ယောက်ပဲထည့်လို့ရတယ်၊ အဲ့ ၃ ယောက်ပဲ ကောက်ထည့်လိုက်တာ။”

သမ္မတက တိုက်ရိုက် အမိန့်ပေးလုပ်ခိုင်းတဲ့ကိစ္စဖြစ်လို့ လွှတ်တော်က ၀င်ပါရမှာ မဟုတ်ဘဲ အခုလို ၀င်ပါလာတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။

မွန်ပြည်နယ်စီမံကိန်းကော်မရှင်ကို ၀န်ကြီးချုပ်က ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့ထားပြီး အဖွဲ့မှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ လုပ်ငန်းရှင်တချို့ပဲ ပါဝင်ပါတယ်။

အစိုးရသစ်လက်ထက် ရက် ၁၀၀ မပြည့်ခင် အချိန်တိုအတွင်း ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်တို့ ပထမဆုံး ပွတ်တိုက်မှု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013