DVB Logo
Home
မြန်မာသတင်း
ကစ္ဆပနဒီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါပြို၊ နေအိမ်အချို့ အရေးပေါ်ပြောင်းရွှေ့
DVB
·
June 5, 2016
ကစ္ဆပနဒီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါပြို၊ နေအိမ်အချို့ အရေးပေါ်ပြောင်းရွှေ့
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောပန်ဇင်းကျေးရွာမှာ ကစ္ဆပနဒီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးတွေပြိုကျပြီး နေအိမ်အချို့ကို အရေးပေါ် ပြောင်းရွှေ့ပေးနေပါတယ်။

မိုးသည်းထန်းစွာရွာသွန်းမှုနဲ့ မြစ်ရေတိုက်စားမှုတွေကြောင့် ကမ်းပါးတွေ တဖြည်းဖြည်းနဲ့ ပြိုကျလာပြီး လတ်တလောမှာ နေအိမ် ၁၀ လုံးကို အရေးပေါ်အခြေအနေနဲ့ ရွှေ့ဖို့လုပ်နေတာပါ။

နေအိမ်တွေ အရေးပေါ်ပြောင်းရွှေ့ဖို့ လုပ်နေတာနဲ့ပတ်သက်ပြီး ကျောက်တော်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်က “အရေးပေါ် အခြေအနေတွေကြောင့် ပြောင်းရွှေ့ဖို့ လုပ်နေတယ်။ အခုမှပြိုတာတော့ မဟုတ်ဘူးပေါ့။ ၂၀၁၅ ခုနှစ်က ရခိုင်မှာရေကြီးကတည်းက ပြိုလာတာပါ။ တဖြည်းဖြည်း ရေတိုက်မှုကြောင့် ကမ်းပါးတွေ ပြိုကျလာပါတယ်။ တစ်ရွာလုံးပြိုတာတော့ မဟုတ်ပါဘူး။ အဲဒီမှာ ကမ်းပါးတစ်လျှောက် အိမ်တွေရှိတယ်။ အိမ် ၁၀ လုံးဟာအရေးပေါ် အခြေအနေကြောင့် ဒီဘက်ရွာနားကို ပြောင်းရွှေ့ဖို့ လုပ်နေတာပါ။ ရေရှည်မှာ ပြိုလာနိုင်တာကြောင့်လည်း အခုလိုပြောင်းဖို့ လုပ်နေတာပေါ့လေ။ အထက်ကိုလည်း တင်ပြထားပြီးပါပြီ။ ဘယ်နေ့ပြောင်းမလဲဆိုတာတော့ ရွာသားတွေရဲ့ သဘောဆန္ဒအတိုင်းပါပဲ”လို့ ပြောပါတယ်။

တောပန်ဇင်းကျေးရွာမှာ ရေတိုက်စားမှုကြောင့် နေအိမ်ပြောင်းလိုက်ရတဲ့ ဦးလှစိန်အောင်က “တစ်နေ့ မြို့ကတာဝန်ရှိသူတွေ ကျနော်တို့ရွာကို ရောက်လာပါတယ်။ အိမ်ပြောင်းရွှေ့ဖို့ ပြောလာတယ်။ အခုလောလောဆယ်တော့ အမျိုးတွေအိမ်မှာ နေရတာပေါ့။ ကျနော့်အိမ် ကတော့ ကမ်းပြိုလို့ပါသွားပါပြီ။ အခုကအရမ်းကို မိုးရွာတယ်လေ။ ရေကျလာတာကလည်း အရမ်းပြင်းလာတယ်။ အနားမှာက ရွာတွေကလည်း တဖြည်းဖြည်းနဲ့ ကမ်းပါးပြိုလာလို့ တချို့အိမ်တွေလည်း ပြောင်းရွှေ့နေရပါပြီ”လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ် အရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းမှ ရှေ့နေ ဦးလှထွန်း ကတော့ အိမ်တွေပြောင်းရွှေ့ဖို့ မြေစာရင်းဌာနကို အကူညီတောင်းထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒီဘက်ရွာနားကို ပြောင်းရွှေ့ဖို့လုပ်နေပါတယ်။ အခုလောလောဆယ် အရေတကြီးပြောင်းဖို့ လုပ်နေတာ အိမ် ၁၀ ဆောင်ဖြစ်ပါတယ်။ မပြောင်းလို့ လုံးဝမရတော့တဲ့ အခြေအနေပါ။ ကျနော်တို့ အရေးပေါ်လူမှုကယ်ဆယ်ရေးက အဖွဲ့က အိမ်ဆောက်ဖို့ ကူညီထောက်ပံ့ပေးထားပါတယ်။ ခြံတော့မပါဘူးပေါ့လေ။ အဲဒီကျေးရွာရဲ့ အပိုင်မြေ ကားလမ်းဘေးနား ကွက်သစ်ချပေးထားတဲ့နေရာကို ပြောင်းရွေ့ဖို့လုပ်နေတယ်။ ဟိုတနေ့က မြေစာရင်းဌာနကို တင်ပြထားပါတယ်။ အဆင်ပြေချောမွေ့အာင် လုပ်ပေးမယ်လို့ သူတို့ပြောထားပါတယ်။”

အရေးပေါ် နေအိမ်တွေကို ပြောင်းရွေ့ဖို့အတွက် ကျောက်တော် မြို့နယ်၊ အုပ်ချုပ်ရေးမှူးအပါအဝင် မြေစာရင်းဌာန တာဝန်ရှိသူများနှင့် ကျောက်တော်မြို့နယ် အရေးပေါ် လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး၊ ပြောင်းရွေ့ နေရာတွေကို ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်၊ တောပန်ဇင်းကျေး ရွာဟာ နှစ်စဉ်နှစ်တိုင်း ရေတိုက်စားမှု ဒဏ်ကိုခံနေရပြီး၊ အဲဒီရွာမှာတော့ အိမ်ထောင်စု ၂၈ စုနှင့် လူဦးရေ ၆၀ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့တွေ တောင်ယာလုပ်ငန်းနှင့် ကျပန်းအလုပ်များကို လုပ်ကိုင် စားသောက်နေကြသူများ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း- ၀ဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013