
ထိုင်းနိုင်ငံ ရေပိုင်နက် စီမီးလန်ကျွန်းစု (Similan Islands) အနီးမှာ လင်းပိုင်အကောင်ရေ ၁၂၀ ကျော် ကို အုပ်စုလိုက် ရှားရှားပါးပါး တွေ့ရှိရတဲ့အကြောင်း Khaosod English သတင်းမှာ မတ် ၁၆ ရက်က ဖော်ပြပါတယ်။
စီမီးလန်ကျွန်းစု အမျိုးသားဥယျာဉ်အတွင်းက တာချိုင်းကျွန်းအနီးမှာ အင်ဒို-ပစိဖိတ် ပုလင်းနှုတ်သီး လင်းပိုင်အမျိုးအစား အကောင်ရေ ၁၂၀ ကျော် အုပ်စုလိုက် ကူးခတ်နေတာကို တွေ့ရှိခဲ့ရပြီး ဒါဟာ အဆိုပါဒေသရဲ့ ရေအောက်ဂေဟစနစ် ကောင်းမွန်မှုကို ပြသနေတဲ့ ရှားပါးဖြစ်ရပ်တခုဖြစ်တယ်လို့ ဆိုပါတယ်။
စီမီးလန်ကျွန်းစု အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဆီရီဝပ် ဆစ်ပ်ဆိုင်ရဲ့အဆိုအရ ပြီးခဲ့တဲ မတ် ၁၅ ရက် မနက် ၁၀ နာရီလောက်မှာ ပင်လယ်ပြင် ကင်းလှည့်အဖွဲ့ ပုံမှန်တာဝန်ထမ်းဆောင်နေချိန် ခုလို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ရတာဖြစ်ပြီး ထိုင်းပင်လယ်ပြင်အတွင်း ဒီလို လင်းပိုင်အုပ်စုကြီးကို တွေ့ရခဲ တယ်လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့်တော့ ပုလင်းနှာခေါင်းပါ လင်းပိုင်တွေကို အကောင်ရေ ၁၀ ကောင်ကနေ အကောင် ၂၀ လောက်ပါဝင်တဲ့ အုပ်စုငယ်တွေအဖြစ်သာ တွေ့ရလေ့ရှိတာကြောင့် ခုလို အကောင်ရေ ၁၀၀ ကျော် ကို တပြိုင်နက်တွေ့ရတာက တာချိုင်းကျွန်းနဲ့ စီမီးလန်ကျွန်းစုတဝိုက် သဘာဝအရင်းအမြစ်နဲ့ အစာရေစာ အလွန်ပေါများနေတာကို ထင်ဟပ်နေတယ်လို့လည်း သူက ပြောပါတယ်။
ဒီဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရတဲ့ အရာရှိတွေရဲ့ ပြောကြားချက်အရ အလျား ၁ မီတာကနေ ၂ ဒသမ ၅ မီတာလောက်ရှိတဲ့ လင်းပိုင်တွေဟာ ပင်လယ်ရေမျက်နှာပြင်အနှံ့ ပျော်ရွှင်စွာ ကူးခတ်နေကြ ကြောင်းနဲ့ တချို့လင်းပိုင်တွေက ကင်းလှည့်လှေဘေး ယှဉ်တွဲကူးခတ်တာ၊ ရေပေါ် ခုန်တက်တာမျိုး တွေပြုလုပ်ကာ အရာရှိတွေကို ကြိုဆိုနေဟန်နဲ့ ချစ်စရာကောင်းတဲ့ အမူအရာတွေကို ပြသခဲ့ ကြတယ်လို့ ဆိုပါတယ်။
စီမီးလန်ကျွန်းစု အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူးက ရှားပါးပင်လယ်သတ္တဝါတွေ အုပ်စုလိုက် ပြန်လည်ရောက်ရှိလာတာမျိုးက တာဝန်ယူမှုရှိတဲ့ ခရီးသွားလုပ်ငန်းကတဆင့် သဘာဝဂေဟစနစ်ကို ပြန်လည်ကောင်းမွန်လာစေဖို့ အထောက်အကူပြုနိုင်ကြောင်း သက်သေပြနေတယ်လို့ ပြောပါတယ်။
လတ်တလောမှာတော့ အမျိုးသားဥယျာဉ်အာဏာပိုင်တွေက ခရီးသွားကုမ္ပဏီတွေနဲ့ ဧည့်သည်တွေ ကို ပင်လယ်ရေနေသတ္တဝါတွေနဲ့ တွေ့ဆုံပါက နိုင်ငံတကာ စည်းမျဉ်းတွေအတိုင်း လိုက်နာကြဖို့ တိုက်တွန်းထားသလို အဲဒီစည်းမျဉ်းတွေထဲမှာ စက်လှေအရှိန်ကို လျှော့ချပြီး ဖြည်းညှင်းစွာ မောင်းနှင်ဖို့၊ ဘေးကင်းတဲ့ အကွာအဝေးကနေ စောင့်ကြည့်ဖို့၊ သတ္တဝါအုပ်စုအတွင်း လှေမောင်း ဝင်တာ၊ နောက်ယောင်ခံလိုက်တာမျိုး မလုပ်ဖို့၊ အစာကျွေးတာ၊ ဆူညံသံပြုလုပ်တာ၊ ရေထဲ ဆင်းကာ ထိတွေ့ကိုင်တွယ်တာမျိုးတွေ မလုပ်ကြဖို့ စတာတွေ ပါဝင်ပါတယ်။
အင်ဒိုပစိဖိတ် ပုလင်းနှုတ်သီးလင်းပိုင်တွေကိုတော့ အပူပိုင်း၊ အပူလျော့ပိုင်းနဲ့ နွေးသမပိုင်းမှာရှိတဲ့ အင်ဒိုပစိဖိတ်ရေပြင်ဧရိယာတွေမှာ တွေ့ရလေ့ရှိပြီး အဓိကအားဖြင့် ကမ်းရိုးတန်းရေတိမ်ပိုင်းနဲ့ ရေနက်ပိုင်းတွေမှာ နေထိုင်ကျက်စားကြသလို မြန်မာနိုင်ငံ တနင်္သာရီဒေသမှာလည်း တွေ့ရှိ ရပါတယ်။
ဒီမျိုးစိတ်တွေဟာ တခြားသော ပင်လယ်နေ နို့တိုက်သတ္တဝါတွေလိုပဲ ခြိမ်းခြောက်မှု အန္တရာယ် ပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပြီး အဲဒီထဲမှာ ငါးဖမ်းပိုက်ထဲ မတော်တဆဖမ်းဆီးမိတာ၊ သူတို့ နေထိုင်ရာဒေသတွေ ပျက်စီးတာနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းတာတွေက အဓိက စိန်ခေါ်မှုတွေ ဖြစ်နေခဲ့တာပါ။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း (IUCN)ရဲ့ အနီရောင် သတ်မှတ်ချက်စာရင်းမှာတော့ အင်ဒိုပစိဖိတ် ပုလင်းနှုတ်သီးလင်းပိုင်တွေဟာ မျိုးသုဉ်းဖို့ အန္တရာယ် ကျရောက်လုနီးပါး ဖြစ်နေတဲ့ မျိုးစိတ်အဖြစ် သတ်မှတ်ခံထားရပါတယ်။
Source: Khaosod











