DVB Logo
Home
မြန်မာသတင်း
ပဲခူး ဓာတ်အားလိုင်းတည်ဆောက်မှုကြောင့် လယ်မြေများပျက်စီးမှု လျော်ကြေးပေးရန် တောင်းဆို
DVB
·
June 4, 2016
ပဲခူး ဓာတ်အားလိုင်းတည်ဆောက်မှုကြောင့် လယ်မြေများပျက်စီးမှု လျော်ကြေးပေးရန် တောင်းဆို
1 / 7
Donate to DVB

ပဲခူးတိုင်း၊ အနောက်ခြမ်းကျေးရွာတွေက လယ်ယာတွေထဲမှာ ရွှေတောင်-တောင်တွင်းကြီး မဟာဓာတ်အားလိုင်း တည်ဆောက်နေမှုကြောင့် လယ်တွေပျက်စီးကာ စိုက်ပျိုးလို့မရဖြစ်နေတာကြောင့် လျော်ကြေးပေးဖို့ တောင်သူတွေက တောင်းဆိုနေကြပါတယ်။

မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းက ၂၀၁၅ ခုနှစ်ကစပြီး တည်ဆောက်လာခဲ့တဲ့ တောင်တွင်းကြီး၊ ရွှေတောင် (၂၃၀) ကေဗွီ နှစ်ထပ်မဟာဓါတ်အားလိုင်း တည်ဆောက် တဲ့နေရာမှာ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ မကွေးတိုင်းထဲက လယ်ယာမြေတွေထဲမှာ ဓာတ်အားလိုင်းတိုင်တွေ တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ လိုင်းကြိုးကြီးတွေ တပ်ဆင်ဖို့အတွက် လယ်ယာမြေတွေထဲမှာ လာပြီး နေရာယူချထားတာတွေ ရှိတာကြောင့် လယ်တွေ ထွန်ယက်ပြီးသားတွေ ပျက်စီးကုန်ပြီး၊ စပါးသီးနှံစိုက်ပျိုးချိန်မှာ စိုက်ပျိုးလို့မရဖြစ်နေတယ်လို့ လယ်သမားတွေ က ပြောပါတယ်။

“ပဲခင်းထဲကို သူတို့ပစ္စည်းတွေတင်လာတဲ့ကားတွေ ဖြတ်မောင်းတယ်။ ပဲခင်းတွေ အကုန်သေကုန်တယ်။ သူတို့ အစကတော့ ဒီပဲခင်းတွေအတွက် နစ်နာကြေးပေးမယ် ပြောပြီး မပေးဘူး။ သူတို့ လုပ်ချင်သလို လုပ်ထားတယ်” လို့ သူဋ္ဌေးကျေးရွာ၊ ပြည်မြို့နယ်မှ ပဲခင်းဖျက်ဆီးခံရသူ ဦးသန်းဦးက ပြောပါတယ်။

ပေါင်းတမော့ကျေးရွာ၊ ပြည်မြို့နယ်မှ လယ်အဖျက်ဆီးခံရသူ ဦးဝင်းနိုင်ကလည်း “သူတို့ပစ္စည်းတွေချထားတော့ စပါးတွေ စိုက်လို့မရဘူး ဖြစ်နေတယ်။ လျော်ကြေးပေးမယ်ပြောပြီး ဘာမှလဲ မပေးကြဘူး။ စိုက်ပျိုးစရိတ် ချေးငွေတွေလည်း ဆပ်ဖို့ ကျနော်တို့မှာ အခက်အခဲဖြစ်နေတယ်။  သူတို့လုပ်သွားတဲ့ဟာတွေက သီးနှံတွေ လည်း ပျက်စီးနေပြီ” လို့ပြောပါတယ်။

“ပဲရာသီမှာ သူတို့ကားတွေ ဖြတ်မောင်းတယ်။ ပေတွေလည်းတိုင်းတယ်၊ ကျနော်တို့လယ်သမားတွေနဲ့၊ သူတို့ဝန်ထမ်းတွေနဲ့။ ဒီလျော်ကြေးပေးပါ့မယ် ဆိုတာကလည်း ကျနော်တို့ကို ခုချိန်ထိ ထုတ်မပေးသေးဘူး။ ရစ်ဘီးလုံးကြီးတွေ၊ ဓာတ်ကြိုးတွေ တင်လာတဲ့အခါကျတော့ ကျနော်တို့ လမ်းတွေကလည်း ပျက်စီးတယ်” လို့လည်း ပေါင်းတမော့ကျေးရွာ၊ ပြည်မြို့နယ်မှ ပဲခင်းဖျက်ဆီးခံရသူ ဦးအေးဇော်က ပြောပါတယ်။

အဲဒီစီမံကိန်း တည်ဆောက်ဖို့အတွက်ကို ဖြတ်သန်းသွား လမ်းတလျှောက်ကို ဓာတ်အားလိုင်းကြိုး ဖြတ်သန်းသွားရာ ဘေး (၀ဲ/ယာ) (၂) ဘက်အတွက် ပေ (၁၅၀) အတွင်းက သစ်ပင်၊ ၀ါးပင်၊ ချုံနွယ်တွေကို ရှင်းလင်းပစ်ရမှာဖြစ်ပါတယ်။

ထိခိုက်နစ်နာတဲ့ စိုက်ခင်းတွေကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေနဲ့အညီ သက်ဆိုင်ရာဈေးနှုန်း စိစစ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ဈေးအတိုင်း ပေးလျော်သွားမှာ ဖြစ်ကြောင်းကို ၂၀၁၅ ခု အောက်တိုဘာလ ၇ ရက်နေ့က ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက လက်မှတ်ထိုး ထုတ်ပြန်ထားခဲ့ပါတယ်။

“ကျနော်တို့က ကာလပေါက်ဈေးအတိုင်း တွက်ချက်ပြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပြီး၊ အဲဒီက ခွင့်ပြုမိန့်ရရင် ကျနော်တို့ဝန်ကြီးဌာနကို ဆက်တင်ရပါတယ်။ အခုကတော့ တင်ပြထားတဲ့ အခြေအနေမှာပဲ ရှိသေးတာကြောင့် ကျနော်တို့ လက်ထဲကို မရောက်သေးပါဘူး” လို့ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း ဓာတ်အား ပို့လွှတ်ရေးစီမံကိန်းမန်နေဂျာရုံး (၃) မှ လက်ထောက်မန်နေဂျာ ဦးမျိုးညွှန့်က ပြောဆိုလိုက်ပါတယ်။

လျော်ကြေးပေးဖို့ တောင်သူတွေနဲ့ လက်မှတ်ရေးထိုးရာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တောင်သူတွေသာ လက်မှတ်ထိုးထားခဲ့တာဖြစ်ပြီး၊ သက်ဆိုင်ရာဌာနနဲ့ တည်ဆောက်နေတဲ့ ကုမ္ပဏီတွေကတော့ လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။

၁၉၈၄ ခုနှစ်က တည်ဆောက်ထားခဲ့တဲ့ မဟာဓာတ်အားလိုင်း ထပ်မံတိုးချဲ့တဲ့အနေနဲ့ ရွှေတောင်မြို့နယ်နဲ့ တောင်တွင်းကြီးမြို့ကို ထပ်မံဆက်သွယ်ထားတဲ့ မဟာဓာတ်အားလိုင်း (၁၀၄) မိုင် စီမံကိန်းအတွက် ထပ်မံတိုးချဲ့တဲ့လိုင်း ဖြစ်ပါတယ်။ တနိုင်ငံလုံးလျှပ်စစ် One Cycle ဖြစ်စေဖို့ ဆောင်ရွက်ချက်ဖြစ်ပြီး၊ အခုဖြစ်ပေါ်နေတဲ့ လိုင်းမနိုင်တာ၊ လိုင်း Fault ဖြစ်တာ တွေ နည်းပါးသွားမယ်လို့ တာဝန်ရှိသူတွေက ရှင်းပြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013