DVB Logo
Home
မြန်မာသတင်း
မော်ချီးဒေသတွင် ကျောင်းဆရာ မရှိသဖြင့် စာသင်ကျောင်းများ ပြန်မဖွင့်နိုင်
DVB
·
June 3, 2016
မော်ချီးဒေသတွင် ကျောင်းဆရာ မရှိသဖြင့် စာသင်ကျောင်းများ ပြန်မဖွင့်နိုင်
Donate to DVB

မြန်မာနိုင်ငံတ၀န်း အခြေခံပညာကျောင်းတွေ ဇွန် ၁ ရက်က စတင်ဖွင့်လိုက်ပေမယ့် ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသက စာသင်းကျောင်း ၃ ကျောင်းမှာ ဆရာမရှိလို့ ပြန်မဖွင့်နိုင်သေးတာကြောင့် ကလေးငယ်တွေ ပညာသင်ရေး အခက်ကြုံနေရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာက မြေပြိုခဲ့ပြီးနောက် မော်ချီးဒေသက တောင်ပေါ်ရပ်ကွက်၊ ၁၃ ကုန်းရပ်ကွက်နဲ့ ၁၆ ကုန်းရပ်ကွက်တွေက မူလတန်းကျောင်း ၂ ကျောင်းနဲ့ အလယ်တန်းကျောင်း ၁ ကျောင်း ဒီနှစ်စာသင်နှစ်မှာ ပြန်မဖွင့်နိုင်ပဲဖြစ်နေတာပါ။

ကျောင်းတွေဟာ မြေပြိုတဲ့အထဲမပါဘဲ နဂိုမူလတိုင်းရှိနေပေမယ့် ဒီနှစ်မှာ ပြည်နယ် ပညာရေးဌာနက ကျောင်းဆရာမတွေ မပို့ပေးတဲ့အတွက် ကလေးငယ်တွေ ကျောင်းမတက်ရဘဲ ဒီနှစ်မှာ ကျောင်း ၁ နှစ် အောက်ရမယ့် အနေအထားဖြစ်နေတယ်လို့ ၁၃ ကုန်းရပ်ကွက်က အန်အယ်ဒီ ရပ်ကျေးဥက္ကဋ္ဌ ကိုအရုဏ်ဦးက ပြောပါတယ်။

“အခုကျောင်းက လုံးဝကို မဖွင့်သေးတာ။ ကျနော်တို့ကလေးတွေလည်း ဒီတိုင်းပဲ အခု ကျောင်း အပ်မယ့် ဒေသခံ ဆရာ၊ ဆရာမတွေတောင်မှ သူတို့က အဝေးကြီးကို ပို့လိုက်တယ်။ အဲဒီပို့တဲ့ ကျောင်းကလည်း ရှင်းရှင်းပြောရရင် ရွာကို မရှိသေးဘူး။ အဲဒီမှာ လူလည်း သိပ်မနေကြသေးဘူး။ ကျောင်းသားလည်းမရှိဘူး၊ အဲဒီကျောင်းတွေကို ပို့လိုက်တာ။ ကလေးတွေ လည်း မရှိဘဲ ဆရာမတွေက စာမသင်ရဘူး။ ကျနော်တို့ ရှိတဲ့ကျောင်းကလည်း ကလေးရှိပြီးတော့ ဆရာမ မရှိတဲ့အတွက်ကြောင့် စာမသင်ရဘူး။ အဲလိုဖြစ်နေတယ်။ ”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မြေပြိုပြီးတဲ့နောက် အဆိုပါ ရပ်ကွက်က ဒေသခံတွေကို အလင်းတန်း ပြောင်းရွှေ့ကျေးရွာမှာ ရွှေ့ပြောင်းနေထိုင်ဖို့ တာဝန်ရှိသူတွေက နေရာချထား ပေမယ့် စီးပွားရေးအခက်အခဲကြောင့် ဒေသခံတွေဟာ ပြောင်းရွှေ့ကျေးရွာဆီကို မသွားချင်ကြပါဘူး။

ရွာသားတွေကလက်ရှိ ရှိနေတဲ့နေရာမှာ ဆက်လက်နေထိုင်ဖို့ပဲ ဆန္ဒရှိနေကြပြီး အဲဒီဒေက စာသင်းကျောင်း  ၄ ကျောင်းမှာ ကျောင်းသူကျောင်းသား စုစုပေါင်း ၆၀၀ လောက်ရှိနေတယ်လို့လည်း ပြောပါတယ်။

“ကျောင်းက မြေပြိုတဲ့အချိန်မှာ ပိတ်ပြီး နောက်ပိုင်းမှာ နားလည်မှုနဲ့ ပြန်လည်ဖွင့်လှစ်လို့ ရခဲ့တယ်။ ကျနော်တို့ကလေးတွေကိုလည်း စာသင်ခွင့် ပြန်ရပြီးတော့ စာမေးပွဲဖြေဆိုနိုင်တဲ့အထိ ရခဲ့တယ်။ အခု တခါကျနော်တို့ကို ပြန်ပိတ်ပြန်တယ်။ ပိတ်ပြီးတော့ ကျနော်တို့ကို ဆောက်ပေးတဲ့ ကျောင်းကလည်း အဝေးကြီး ၁၀ မိုင်လောက်ရှိတဲ့ခရီးကို ကားနဲ့လည်း မိုးတွင်းမှာ သွားဖို့လည်း အဆင်မပြေတဲ့နေရာကို ကျနော်တို့ကလေးတွေကို ကျောင်းတက်ခိုင်းတာပေါ့။ လူကြီးတောင်မှ ကိုယ်တိုင်မသွားနိုင်တဲ့ဟာ ဒီကလေးတွေဆို ပိုပြီးတော့ ဆိုးမှာပေါ့။ အဆင်မပြေမှုတွေ အများကြီးရှိပါတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး ကယားပြည်နယ်ပညာရေးဝန်ကြီး ဒေါက်တာဦးအောင်ကျော်ဌေးကို ဆက်သွယ်မေးမြန်းရာမှာ အဆိုပါကျောင်း ၃ ခုမှာ အန္တရာယ်ဖြစ်နိုင်လို့ တခြားနေရာတခု စီစဉ်ထားတယ်လို့ ပြောပါတယ်။

“ရွေးကောက်ပွဲကာလတုန်းက မိုးကြီးပြီးမြေပြိုလို့ တချို့တွေ သေဆုံးတာတွေရှိတယ်လေ။ အဲဒီမှာ ဘူမိဗေဒပညာရှင်တွေကိုယ်တိုင် ဆင်းလာပြီး အန္တရာယ်ဇုန်လို့ သတ်မှတ်ပြီးတော့ တောင်ပေါ်မှာ ရှိတဲ့ ကျောင်းတွေကို တောင်အောက်ကိုချပြီးတော့ တောင်ပေါ်ကျောင်းဖြုတ်တယ် ပေါ့နော်။ တချို့ကျောင်းဆောင်တွေလည်း ဆောက်လက်စဖြစ်ခဲ့တယ်ပေါ့။ ရွေးကောက်ပွဲပြီးလို့ အန်အယ်လ်ဒီ အစိုးရတက်လာတဲ့အခါကျတော့ အဲဒီဟာကို ဆက်ပြီးကိုင်တွယ်ရတယ်ပေါ့။ ကိုင်တွယ်တဲ့ အခါမှာ ဘာပြဿ နာရှိလဲဆိုတော့ သူတို့က အန္တရာယ်ရှိတယ်ဆိုတဲ့ဟာကို မဖြစ်နိုင်ဘူး၊ မဖြစ်သေးဘူးလို့ ပြောကြတယ်။ တကယ်လည်း အာမခံလားဆိုရင် ဘယ်သူမှ အာမမခံဘူးပေါ။ ဒါပေမယ့် ဘာပြဿ နာဖြစ်လဲဆိုတော့ အရင်အစိုးရလက်ထက်ပညာရေး ၀န်ကြီးဌာန ကနေပြီး တော့ အလယ်တန်းကျောင်းခွဲရယ်၊ မူလတန်းကျောင်း ၂ ကျောင်းကို တရားဝင်ဖြုတ်ပြီးတော့ တောင်အောက်ချထားတယ်ပေါ့။ ကျနော်တို့မှာကတော့ လက်ရှိ တရားဝင် ပြောင်းထားတဲ့ ကျောင်းကို အသက်ဝင်အောင်ဖို့ အရင်လုပ်ရတာပေါ့နော်။”

တချို့ကျောင်းသား မိဘတွေကတော့ နည်းနည်းအတန်းကြီးလာတဲ့ ကလေးတွေကို ရွှေ့ပြောင်းရွာမှာ မထားဘဲ တောင်အောက်ရွာနဲ့ လိုခါးလိုရွာမှာ ကျောင်းအပ်ထားပေမယ့် သွားရေးလာရေးက အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

လောလောဆယ် ကျောင်းဆရာမ မရှိတဲ့ ကျောင်းတွေမှာတော့ ဒေသခံလူငယ်တွေကပဲ ကြည့်စောင့်ရှောင့်ပေးထားတယ်လို့ ၁၃ ကုန်းက မပူးဆူးက ပြောပါတယ်။

“လောလောဆယ် ဆရာဆရာမ တယောက်မှမရှိဘူး။ ဒီကလေးတွေကို ရပ်ကွက်က လူငယ်လေးတွေကပဲ ၁၀ တန်းမအောင်တာတွေလည်း ပါတယ်။ ထိန်းပေးရုံလေးပဲ ကျောင်းမှာ ကြည့်ပေးနေပါတယ်။ ”

ကျောင်းသားမိဘတွေကတော့ ဆရာ/ဆရာမတွေကို တာဝန်ပြန်ချပေးဖို့နဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးဖို့ ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုခဲ့သလို ဒီကနေ့ လွိုင်ကော်မြို့ကိုသွားပြီး ပြည်နယ်ပညာရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ဒါပေမယ့် တိကျသေချာတဲ့ အဖြေတစုံတခုမှ မရရှိခဲ့ဘူးလို့လည်း ကိုအရုဏ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၁ ရက်နေ့က မော်ချီးဒေသမှာ မိုးကြီးပြီး မြေပြိုမှုကြောင့် သေဆုံးသူ ၃၀ နီးပါး ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013