DVB Logo
Home
Lead Story
ဖက်ဒရယ်ပြည်ထောင်စုမှာ ဘယ်လိုမျိုးတွေဖြစ်သင့်တယ်ဆိုတာ ဆွေးနွေးကြပါတယ် - စိုင်းကျော်ညွန့်
DVB
·
June 2, 2016
ဖက်ဒရယ်ပြည်ထောင်စုမှာ ဘယ်လိုမျိုးတွေဖြစ်သင့်တယ်ဆိုတာ ဆွေးနွေးကြပါတယ် - စိုင်းကျော်ညွန့်
Donate to DVB

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပတဲ့ ရှမ်းပြည်နယ်တွင်းရှိနိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ နှီးနှောဖလှယ်ပွဲမှာ မကြာခင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးကြမယ့် အရေးပါတဲ့ အကြောင်းအရာတွေကို ခြုံငုံဆွေးနွေးခဲ့ကြပါတယ်။ “မြန်မာ့ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖွေခြင်း” ခေါင်းစဉ်နဲ့ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲကို ရှမ်းပြည်ညီညွှတ်ရေး ကော်မတီ (CSSU)က ဦးဆောင်ကျင်းပတာပါ။

နှစ်ရက်တာနှီးနှောဖလှယ်ပွဲမှာ ဆွေးနွေးခဲ့မှုတွေ၊ အကြံပြုချက်တွေကို စုစည်းတာဖြစ်ပြီး အနာဂါတ် ဖွဲ့စည်းတည်ထောင်မယ့် ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံဖော်တည်ဆောက်ကြမလဲဆိုတဲ့ အမြင်တွေကို ဖလှယ်ခဲ့ကြပါတယ်။ ရှိနေတဲ့ပါတီတွေရဲ့ မူဝါဒတွေအခြေခံပြီး ရှမ်းပြည်ကို ပိုကောင်းအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေ ဆွေးနွေးကြပါတယ်။

နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးအဖွဲ့ ပြောခွင့်ရသူ စိုင်းကျော်ညွန့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။

နှီးနှောဖလှယ်ပွဲမှာ အဓိက အားဖြင့် ဘယ်ခေါင်းစဉ်တွေပေါ်မှာ ဖိုးကပ်စ်လုပ်ပြီးဆွေးနွေးခဲ့ကြသလဲခင်ဗျ။

“အဓိကကတော့ ၂ ပိုင်းပေါ့လေ။ ပထမပိုင်းက national reconciliation နဲ့ national peace process ပေါ့လေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ အပေါ် အကြံပြုချက်တွေပေါ့နော်။ နောက်တပိုင်းကတော့ အနာဂတ် ဖွဲ့စည်းတည်ထောင်မယ့် ဖက်ဒရယ်ပြည်ထောင်စုမှာဆိုရင်တော့ဖြင့် ဘယ်လိုမျိုးတွေဖြစ်သင့်တယ်ပေါ့နော်။ အစိုးရဆိုရင် အစိုးရပုံစံ ဘယ်လိုဖြစ်သင့်သလဲ။ ဥပဒေပြုရေးပိုင်းဆိုရင် ဘယ်လိုဖြစ်သင့်တယ်။ နောက်ပြီးတော့ ပြည်နယ် ကွန်စတီကျူးရှင်းဆိုရင် ဘယ်လိုလုပ်သင့်တယ်၊ ပြည်နယ်ကွန်စတီကျူးရှင်းကို ဘယ်လိုမျိုးစဉ်းစားကြမလဲ။ နောက်ပြီးတော့ ဒီ လုံခြုံရေးဆိုင်ရာကိစ္စတွေလည်း အနည်းငယ် ဆွေးနွေးကြပါတယ်။ နောက်ပြီးတော့ ဒီမိုကရေစီဆိုတာ ဘာလဲပေါ့။ တန်းတူရေးဆိုတာ ဘာလဲပေါ့။ နောက်ပြီးတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာရော ဘယ်လိုပြောချင်တာလဲဆိုတဲ့ ပုံစံတွေကို ဆွေးနွေးဖြစ်ကြပါတယ်။”

နိုင်ငံကိုတည်ဆောက်တဲ့အခါ ၈ ပြည်နယ်မူ၊ ၁၄ ပြည်နယ်မူနဲ့ပတ်သက်လို့ ဆွေးနွေးကြသေးလားခင်ဗျ။

“ အဲဒီပေါ်မှာတော့ ဖိုးကပ်စ်လုပ်တာမရှိထားဘူး။ ပြည်ထောင်စုပုံစံနဲ့ဘယ်လို တည်ထောင်မလဲပေါ့လေ။ အဲဒီအပိုင်းကိုပြောမယ်ဆိုရင်တော့ ဒါ ၀ိဝါဒကွဲစရာရှိတာပေါ့လေ။ ကျနော်တို့ SNLD တို့ UNA အုပ်စုတွေကတော့ဖြင့် ၈ ယူနစ်အပေါ်မှာ အခြေခံစဉ်းစားတယ်ပေါ့လေ။ အခြားအခြားပါတီများကတော့လည်း ၁၄ ပေါ်မှာ အခြေခံတဲ့ပါတီလည်းရှိပါတယ်။ အဲဒီပေါ်မှာ ကျနော်တို့က ဒီမှာလည်း မပြီးပြတ်မယ့်ကိစ္စတခုအပေါ်မှာ ၊ ဒီအပေါ်မှာအချိန်ကုန်ခံပြီးတော့ အဲဒီဟာကိုတော့ ကျနော်တို့ဒီမှာ မဆွေးနွေးကြပါဘူး။ အတတ်နိုင်ဆုံးအပြုသဘောဆောင်တဲ့ပုံစံတွေကို ဆွေးနွေးကြပါတယ်။ ဒီပွဲကလည်း ရှမ်းပြည်မှာရှိတဲ့နိုင်ငံရေးပါတီတွေအားလုံးနီးပါးတွေ့ဆုံတဲ့ ပထမဦးဆုံးပွဲလို့ ပြောလို့ရပါတယ်။”

၂၁ ရာစုပင်လုံကို ဇူလိုင်လကုန်၊ သြဂုတ်လဆန်းပိုင်းကျင်းပနိုင်ဖို့ မှန်းထားတယ်။ လွှတ်တော်မှာ ကိုယ်စားလှယ်မရှိတဲ့ပါတီတွေ။ အရပ်ဖက်အဖွဲ့အစည်းတွေအတွက် ဖိုရမ်တခု ဖန်တီးမယ်ဆိုတော့ ဖိုရမ်မှာ ဆွေးနွေးဖို့ စီအက်စ်အိုတွေက အဓိကအားဖြင့် ဘာတွေကို ဆွေးနွေးကြလဲ။

“ဒီမှာလာ အဓိကတက်ရောက်ကြတဲ့လူတွေက ရွေးကောက်ပွဲမှာ နိုင်တာတို့၊ မနိုင်တာတို့၊ စီအက်စ်အိုဖြစ်နေလို့ဆိုတာ သိပ်မရှိကြဘူး။ ရှမ်းပြည်ပေါ်မှာ ဘယ်လိုကောင်းအောင် ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေနဲ့ ခံယူမှုတွေနဲ့လာတော့ ဒီမှာပြသနာမရှိပါဘူး။”

မြန်မာပြည်မှာ ရှမ်းပြည်နယ်ဟာ ကျယ်ဝန်းသလို တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေလည်း အများဆုံးရှိတယ်။ ရှမ်းပြည်နယ်ကို အကိုင်အတွယ်မတတ်ရင် ယူဂိုစလားဗီးယားလို အစိတ်စိတ်အမွှာမွှာဖြစ်နိုင်တယ်လို့ အကဲခတ်တွေက ဝေဖန်မှုရှိတယ်။ ဒီတော့ ရှမ်းပြည်အနာဂတ်နဲ့ပတ်သက်လို့ မကြာခင်ကျင်းပမယ့် ပြည်ထောင်စုညီလာခံမှာ ရှမ်းပြည်နယ်ကအင်အားစုတွေက ဘယ်လိုလမ်းကြောင်းတခုကို တွန်းတင်ကြမလဲ။

“ဒီမှာကတော့ ဆွေးနွေးကြတာရှိပါတယ်။ ကျနော်တို့ မြန်မာပြည်ရဲ့ပဋိပက္ခတွေက ဒါ ကွန်စတီကျူးရှင်းဆိုင်ရာအကျပ်အတည်း။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ ပဋိပက္ခဖြစ်တာပေါ့လေ။ အဲဒီတော့ ကျနော်တို့ အားလုံးပေါ့လေ ရှမ်းပြည်ဆိုလည်း ရှမ်းပြည်အလျောက်၊ တနိုင်ငံလုံးဆိုလည်း တနိုင်ငံလုံးအလျောက် ဘယ်လိုအတူနေထိုင်သွားမလဲပေါ့။ တဦးရဲ့ရပိုင်ခွင့်တွေ၊ တဦးရဲ့ အခွင့်အရေးတွေကို ဘယ်လိုအကာအကွယ်ပေးနိုင်ပြီးတော့၊ လူနည်းစုတွေအပါအ၀င်ပေါ့နော် ဘယ်လို လုပ်နိုင်မယ်ဆိုတဲ့ အချက်အလက်တွေကို အဓိကထား စဉ်းစားပြီးတော့ ဆွေးနွေးကြတာဖြစ်ပါတယ်။”

စာရွက်ပေါ်မှာ ချမရေးပေမယ့် နားလည်မှုရှိစွာနဲ့ ဘုံသဘောတူညီချက်ပုံစံမျိုး ဘယ်လိုဟာမျိုးတွေမှာ နီးစပ်ခဲ့ကြလဲ။

“ဘုံသဘောတူညီချက်ဆိုတာကတော့ ကျနော်တို့ ပွဲစကတည်းက ပြောထားပါတယ်။ ယူဖို့အစီအစဉ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက နိုင်ငံရေးပါတီတွေ အခုမှ စတွေ့ကြတယ်။ နိုင်ငံ့အရေး စကားပြောကြ ဆွေးနွေးကြ၊ ပြီးတော့ ဒီလောက်လျင်မြန်အောင်ပေါ့ လုပ်ဖို့ဆိုတာကတော့ သိပ်သဘာဝမကျဘူးလို့လည်း မြင်ပါတယ်။ တဦးနဲ့တဦး နားလည်မှုတွေရှိပြီးတော့ ရှေ့ဆက်ဘယ်လိုလုပ်ကြမလဲ၊ တိုင်တိုင်ပင်ပင်နဲ့ သွားမှသာလျှင် တကယ့် မှန်ကန်တဲ့ ချဉ်းကပ်မှုတခုကို ရောက်နိုင်မယ်လို့ မြင်ပါတယ်။”

ဒီနှီးနှောဖလှယ်ပွဲနဲ့ပတ်သက်လို့ မှတ်ချက်စကား။

“ဒီပွဲကိုလာရောက်ပေးတဲ့ ပါတီတွေအားလုံးကိုလည်း ကျေးဇူးတင်တယ်။ ရှမ်းပြည်တည်ဆောက်ရေးမှာ အားလုံးတတပ်တအားနဲ့ လာပြီးတော့ ပါဝင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်တယ်။ ပါတီကြီးတွေဖြစ်တဲ့ USDP ရော၊ NLD ရော လာရောက်တက်ရောက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်တယ်၊ ကျန်တဲ့ပါတီအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ CSO များရော အားလုံးပါ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013