DVB Logo
Home
မြန်မာသတင်း
ရှမ်းတပ်နှင့်ပလောင်တပ်များ လက်ရှိနေရာမှ ရှေ့ဆက်မတိုးရန် ယူအန်အက်ဖ်စီခေါင်းဆောင် တိုက်တွန်း
DVB
·
June 2, 2016
ရှမ်းတပ်နှင့်ပလောင်တပ်များ လက်ရှိနေရာမှ ရှေ့ဆက်မတိုးရန် ယူအန်အက်ဖ်စီခေါင်းဆောင် တိုက်တွန်း
Donate to DVB

ပဋိပက္ခ ဖြစ်ပွားနေတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ (အာရ်စီအက်စ်အက်စ်)နဲ့ တအာင်းပလောင်တပ်ဖွဲ့(တီအန်အယ်လ်အေ) အကြား တိုက်ပွဲတွေကို ထိန်းချုပ်တဲ့အနေနဲ့  နှစ် ဘက်တပ်တွေ ရှေ့မတိုးကြဖို့ ယူအန်အက်ဖ်စီ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လက တိုက်တွန်းပြောပါတယ်။

ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက ရှမ်းပြည်တပ်မတော်တောင်ပိုင်းစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ယွတ်စစ်နဲ့ ထိုင်းနိုင်ငံချင်းမိုင်မှာ သီးခြားအလွတ်သဘောတွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။

တိုက်ပွဲကြောင့် ပြည်သူတွေများစွာထိခိုက်နစ်နာနေရတဲ့အတွက် တွေ့ဆုံဆွေးနွေးနည်းနဲ့ အဖြေ ရှာလိုကြောင်း အာရ်စီအက်စ်အက်စ်က ယူအန်အက်ဖ်စီကို စာပေးပို့ပြီးတဲ့နောက် တွေ့ဆုံကြတာလို့ ရှမ်းပြည်တပ်မတော်ဘက်မှပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

“တီအန်အယ်လ်အေဟာ ယူအန်အက်ဖ်စီရဲ့ အဖွဲ့ဝင်ဖြစ်တဲ့အတွက် ပြဿ     နာကိုကြားဝင်စေ့ စပ်ပေးဖို့ ကျနော်တို့က တောင်းဆိုထားတာပါ။ တပြည်နယ်ထဲနေ ကျနော်တို့လက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ခိုက်နေတာ ဘာမှအကျိုးမရှိဘူး။ ဘယ်ဘက်မှ အနိုင်မရဘူး။ နှစ် ဘက်လုံး ရှုံးတယ်။ ပြည်သူတွေလည်း ဒုက္ခရောက်ရတယ်။ ဒါကြောင့် တိုက်ပွဲရပ်တာ အကောင်းဆုံးပဲလို့ နှစ်ဘက်ခေါင်းဆောင်တွေ ပြောကြတယ်။ ဗိုလ်ချုပ်ကြီး အင်ဘန်လက နှစ်ဘက်တပ်တွေအနေနဲ့ ရောက်တဲ့နေရာကနေရပ်တံ့ထားဖို့၊ ရှေ့မတိုးဖို့၊ မတိုက်ခိုက်ကြဖို့၊ အခုအချိန်မှာ သူ့နယ်မြေ ကိုယ့်နယ်မြေဆိုတာ အငြင်းပွါးနေရင် ပြီးတော့မှာမဟုတ်ဘူး။ နောက်မှ ဆွေးနွေးပြီးအဖြေရှာဖို့ ပြောပါတယ်။”

ဒါပေမယ့် ယူအန်အက်ဖ်စီနဲ့ရော၊ တီအန်အယ်လ်အေနဲ့ပါ ဘယ်တော့လောက် တွေ့ဆုံဆွေးနွေး ကြမလဲဆိုတာတော့  မသတ်မှတ်သေးဘူးလို့ ဆိုပါတယ်။

အာရ်စီအက်စ်အက်စ်ဘက်ကတော့ ကော်မတီလည်းဖွဲ့ထားပြီးတွေ့ဖို့လည်း အသင့်ရှိနေကြောင်း၊ တီအန်အယ်လ်အေဘက်ကလည်း ဧပြီလကုန်ထိစောင့်ဆိုင်းဖို့ပြောထားပြီးကာမှ မေလဆန်းမှာ တိုက်ပွဲတွေထပ်ဖြစ်နေတာနဲ့ မတွေ့ဖြစ်တော့ဘူးလို့ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

မနေ့က ညနေ ၂ နာရီမှ ၃ နာရီကျော်ထိ တစ်နာရီကြာ တွေ့ဆုံဆွေးနွေးမှုမှာ ရှမ်းပြည် တပ်မတော်ဘက်မှ ဦးစီးချုပ်နဲ့ အဖွဲ့ဝင် ၃ ဦးတက်ရောက်ပြီး ယူအန်အက်ဖ်စီ ဘက်ကတော့ ဥက္ကဋ္ဌနဲ့အတူ ဒေါက်တာလားဂျာ ပါဝင်ခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ တီအန်အယ်လ်အေကြား မနှစ်နိုဝင်ဘာလကုန်ပိုင်းက စတင်ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် တဘက်နဲ့တဘက် မသင်္ကာမှုနဲ့ ရွာသားတွေ ဖမ်းဆီး သတ်ဖြတ်ခံရ၊ ရွာမီးရှို့ဖျက်ဆီးမှုတွေအပြင် ဒေသခံရွာသားပေါင်း ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

မေလ ၃၁ ရက်နဲ့ ဇွန်လ ၁ ရက်မှာလည်း ကျောက်မဲခရိုင် နမ္မတူမြို့နယ် ကုန်းမုန့် နဲ့ မိုင်းမော်ကျေးရွာအုပ်စုအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013