DVB Logo
Home
မြန်မာသတင်း
ထောင်တွင်းမူးယစ်ဆေးဝါးမိလို့ မော်လမြိုင်ထောင်ပိုင်ကြီး စစ်ဆေးခံနေရ
DVB
·
June 2, 2016
ထောင်တွင်းမူးယစ်ဆေးဝါးမိလို့ မော်လမြိုင်ထောင်ပိုင်ကြီး စစ်ဆေးခံနေရ
Donate to DVB

အကျဉ်းဦးစီးဌာနက မော်လမြိုင် ထောင်ပိုင်ဦးခင်မောင်ကြီးနှင့် ဒုထောင်ပိုင် ဦးစိုးနိုင်ပါ ၅ ဦးတို့ကို  ဘားအံအကျဉ်းထောင်သို့ ပို့ဆောင်စစ်ဆေးနေပါတယ်။

မွန်ပြည်နယ် မော်လမြိုင်အကျဉ်းထောင်ကို မေ ၂၉ ရက်နေ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးရာမှာ မူးယစ်ဆေးဝါး နဲ့ ငွေကြေးကိစ္စ တိုင်ကြားခံရလို့ ထောင်ပိုင်၊ ဒုထောင်ပိုင်တို့ကို ကရင်ပြည်နယ် ဘားအံ အကျဉ်းဦးစီးကို ပြောင်းရွှေ့ထားပြီး စစ်ဆေးနေတယ်လို့ အကျဉ်းဦးစီးဌာန၊ နေပြည်တော် ဌာနချုပ်က ပြောပါတယ်။

အကြီးတန်းစာရေး ရဲထက်အောင်က ထောင်တွင်းမူးယစ်ဆေးဝါးသတင်းအရ ညွန်ကြားရေးမှူး ဦးဝင်းနိုင်လင်း ဦးစီးအပါအ၀င် သုံးဦးပေါ့ ဘုတ်အဖွဲ့နဲ့ ၀င်စစ်ခဲ့တာလို့ပြောပါတယ်။

သူက “အဲဒါက ကျနော်တို့ သတင်းရလို့ ဌာနအစီအစဉ်နဲ့ပဲ ၀င်စစ်လိုက်တာပေါ့။ သွားစစ်တာက ကျနော်တို့ ညွန်ကြားရေးမှူး ဦးဝင်းနိုင်လင်း ဦးစီးအပါအ၀င် သုံးဦးပေါ့ ဘုတ်အဖွဲ့နဲ့ ၀င်စစ်ပြီးတော့ အခု လောလောဆယ်တော့ သူတို့ကို တွဲဖက်အနေနဲ့ ဖားအံဦးစီမှူးရုံးမှာ တွဲထားပါတယ်။ အနောက်ပိုင်းတော့ အရေးယူမှုတွေတော့ ရှိဦးမှာပေါ့လေ။ ဌာနဆိုင်ရာ စုံခုံဖွဲ့ပြီးတော့။ ထောင်ပိုင်ကြီး ဦးခင်မောင်ကြီးနဲ့ ဒုထောင်ပိုင် ဦးစိုးနိုင်တို့ပါ” လို့ ဖြေပါတယ်။

ဒီဗွီဘီက အကျဉ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးမင်းထွန်းစိုးရဲ့ ရုံးဖုန်းကို ဆက်သွယ်မေးမြန်းစဉ်မှာ ကိုယ်စားဖြေကြားပါမယ်ဆိုပြီး ဖြေကြားခဲ့တာပါ။

ဒီဗွီဘီက မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ဆက်သွယ်ရာမှာ တာဝန်ရှိသူက “၀င်ပြီးတော့ စစ်တာတော့ရှိတယ်။ ထူးခြားတဲ့ဟာ သတင်းတက်လာတာတော့မရှိဘူး။ ၀င်တာတော့ စစ်တာတော့ သူ့ရဲ့ ဟိုဒင်းပေါ့ ပုံမှန်စစ်နေကျလူတွေတော့ လာလာစစ်တာပေါ့။ ရုံးချုပ်ကလူတွေ လာစစ်တဲ့သဘောပါ။ ခုချိန်ထိတော့ သတင်းတက်ထားတာ မရှိသေးဘူး။” လို့ ဖြေဆိုပါတယ်။

ဒီဗွီဘီက ပြည်နယ်ရဲတပ်ဖွဲ့ရုံးကိုဆက်သွယ်မေးမြန်းရာမှာ တာဝန်မှူးက   အကျဉ်းထောင်ကို မေးမြန်းဖို့ ညွှန်းပါတယ်။

“ကျနော်ပြောပြမယ်။ ကျနော်တို့လည်း ဒီကနေ့ တာဝန်မှူးဝင်တယ်၊ ဘာမှကိုမသိရဘူး။” လို့ ဖြေဆိုပါတယ်။

မော်လမြိုင်အကျဉ်းထောင်ကိုမေးမြန်းရာမှာ  တာဝန်ကျသူတဦးက “ကျနော် ပြောပိုင်ခွင့်မရှိလို့ပါ၊ ပြောပိုင်ခွင့်ရှိတဲ့သူလည်း မရှိလို့ပါ။” လို့ ဖြေဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ထောင်ပိုင်နဲ့ ဒုထောင်ပိုင်တို့ကို ဘယ်လို အရေးယူဆောင်ရွက်နေပါသလဲလို့ ဒီဗွီဘီရဲ့မေးမြန်းချက်ကို အကျဉ်းဦးစီးဌာန၊ နေပြည်တော်ဌာနချုပ်က အကြီးတန်းစာရေး ရဲထက်အောင်က   “ကျနော်သိရသလောက်တော့ သူတို့ရှာဖွေရေးလုပ်တဲ့အခါ မူးယစ်ဆေးဝါး အချို့နဲ့ ပိုက်ဆံတွေဘာတွေ မိတယ်ပေါ့နော်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတာ့ ဒီလူတွေကို စုံစမ်းရေးအဖွဲ့ ၈ ဦးအဖွဲ့ဖွဲ့ပြီးတော့ စစ်ဆေးရတယ်။ ပြီးမှ နောက်ထပ်ပြီးတော့ စုံခုံဖွဲ့ပြီးတော့ စစ်ဆေးပါတယ်။ အဲဒီစစ်ဆေးတွေ့ရှိချက်တွေ အဖြေပေါ်မှ ဒါသူတို့ ပြစ်မှုထင်ရှားတယ်၊ ဘယ်သူသည် ပြစ်မှုနဲ့ မပါဘူး။ ဘယ်သူသည် ပြစ်မှုနဲ့ပါတယ် ဒါမျိုးတွေကို ကျနော်တို့က အစီရင်ခံလာပြီးတော့မှ တရားစွဲတာတွေလုပ်ပါတယ်။ ဒီပုံစံလေးနဲ့သွားပါတယ်” လို့ ဖြေဆိုပါတယ်။

ဒီဖြစ်စဉ်မှာ တွေ့ရှိသိမ်းဆည်းမိတဲ့ငွေကြေးတွေနဲ့၊ မူးယစ်ဆေးဝါးတွေဟာ ထိန်းသိမ်းစစ်ဆေးခံ ထောင်အာဏာပိုင်တွေနဲ့ ပတ်သက်မှုတစုံတရာရှိမရှိ ဒီဗွီဘီက သီခြားအတည်မပြုနိုင်ပါဘူး။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေပါတဲ့ သတင်းတပုဒ်လည်း အင်တာနက် စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ အဲဒီထဲမှာ “မော်လမြိုင်အကျဉ်းထောင်တွင်း ထောင်ပိုင် ဦးခင်မောင်ကြီးနှင့် ဒုထောင်ပိုင်ဦးစိုးနိုင်တို့ ကိုယ်တိုင် မူးယစ်ဆေးဝါးများ ရောင်းဝယ် သုံးစွဲ နေကြကြောင်း သတင်းများအရ အကျဉ်းဦးစီးဌာန နေပြည်တော် ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသောင်းတင် ဦးစီးပြီးမွန်ပြည်နယ်ရဲတပ်မှူးရုံးမှ ရဲအင်အားသုံးဆယ် မွန်ပြည်နယ်တွင်း အကျဉ်းစခန်းများမှ တပ်သား ငါးဆယ်ခန့်နှင့်အတူ မော်လမြိုင်ထောင်အား ရှောင်တခင် ပိတ်ဆို့ပြီး စီးနင်းရှာဖွေကြောင်း၊ ဒုထောင်ပိုင်ဦးစိုးနိုင်၏ အလုပ်ရုံးခန်းခွဲရဲ့စားပွဲတွင်းမှ စိတ်ကြွဆေး ၅၃၀ပြားနှင့်အတူ ငွေ ၁၆ သိန်း RedRubby ဆေးလိပ်သုံးဆယ့်ငါးတောင့်၊ ဆင်းကတ်ပါ တယ်လီဖုန်းဟန်းဆက်ငါးလုံး ငွေဖြည့်ကဒ် သုံးထောင်တန် ဆယ်ကဒ်အား တွေ့ကြောင်းနဲ့ ထပ်မံရှာဖွေရာ ဆန်အိတ်များ ထားသော ရိက္ခာဂိုဒေါင်တွင်းရှိ ထုပ်တန်းပေါ်မှ စိတ်ကြွဆေး နှစ်ထောင့်ခြောက်ရာရှစ်ဆယ်လေးပြားကို ထပ်မံသိမ်းဆည်း ရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ဖမ်းဆီးရမိသော မူးယစ်ဆေးတွေကို ထောင်ပိုင်၏ ရုံးခန်းတွင် အပ်ထားပြီး ဆက်ရှာဖွေရာမှာ ထောင်ပိုင်ဦးခင်မောင်ကြီးက အစဖျောက်လိုက်သဖြင့် ထောင်ပိုင်ဦးခင်မောင်ကြီး ဒုထောင်ပိုင် ဦးစိုးနိုင်နှင့် အခြားထောင်အရာရှိ သုံးဦး စုစုပေါင်း ၅ ဦးကို ဖမ်းဆီခဲ့တယ်လို့ ဆိုပါတယ်။

အွန်လိုင်းပေါ်က သတင်းမှာတော့ ဒီရှောင်တခင်စစ်ဆေးမှုဟာ ဒုထောင်ပိုင် စိုးနိုင်က စိတ်ကြွဆေးပြားဖမ်းဆီးမိတဲ့အကျဉ်းသားကို ငွေညှစ်ရာက အစပြုတယ်လို့ အသေးစိတ် ရေးထားပါတယ်။

“မေလလယ်ခန့်က မော်လမြိုင်ထောင်တွင်း စိတ်ကြွဆေး လေးဆယ့်သုံးပြားကို အကျဉ်းသား အောင်စိုးထံမှ ဖမ်းမိရာ နောက်အမှုထပ်မတိုးချင်ရင် ငွေသိန်းနှစ်ဆယ် ပေးရမည်ဟု ဒုထောင်ပိုင် ဦးစိုးနိုင်မှ ငွေညှစ်သဖြင့် အကျဉ်းသားအောင်စိုး၏ဇနီး ဖြူဖြူသက်မှ ဦးစိုးနိုင်ကို သိန်းနှစ်ဆယ် ပေးခဲ့သည်ကို မကျေနပ်၍ တိုင်ကြားခဲ့ရာမှ အစပြု ရှောင်တခင် စစ်ဆေးရာမှ ယခုကဲ့သို့ မူးယစ်ဆေးများ ထပ်မံ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်” လို့ ဖော်ပြထားပါတယ်။

ဒီအွန်လိုင်းပေါ်ပါ ဖော်ပြရေးသားချက်နဲ့ပတ်သက်လို့ ဒီဗွီဘီက သီးခြားအတည်ပြုချက် မပေးနိုင်ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013