DVB Logo
Home
Lead Story
ကိုယ့်ဟာကို သူများပြချင်သူ
DVB
·
June 2, 2016
ကိုယ့်ဟာကို သူများပြချင်သူ
Donate to DVB

(ဒီစာအတွက် ကန်တော့ပါ။)

ပြပွဲကို (အိတ်စ်ဘီးရှင်း) လို့ အင်္ဂလိပ်လိုခေါ်တာ လူတိုင်းသိပါတယ်။ ပြတယ်ဆိုတာ သူများမြင်စေချင်လို့ပါ။ ဒါပေမယ့် ဆေးစာမှာ (အိတ်စ်ဘီးရှင်းနဇင်) ဆိုတာကတော့ သူများမမြင်စေအောင် ဖုံးထားရမှာကိုမှ တမင်တကာ ပြချင်တဲ့စိတ်အရ လုပ်တာ ဖြစ်ပါတယ်။ သစ်သီးဝလံပြပွဲလိုမျိုး ပြတာမဟုတ်ဘူး။ လိင်ပိုင်းဆိုင်ရာ မူမှန်မဟုတ်တာ (ပါရာဖိလပ်စ်) တွေထဲက အမျိုးအစားတခုပါ။ သူများကို တမင်တကာပြချင်တဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းဆိုတာ ထုံးစံ ပုံမှန်ဆိုရင် ဖုံးထားသင့်တယ်လို့ အများက ယူဆထားတာမျိုးတွေပါ။ ဥပမာ လိင်အင်္ဂါနဲ့ တင်ပါး၊ မိန်းမရင်သား။ အဲဒါက ယဉ်ကျေးမှုနဲ့လည်းဆိုင်တယ်။ အခုလို မတူတဲ့ယဉ်ကျေးမှုတွေရှိတဲ့ ကမ္ဘာကိုလှည့်ပတ်တဲ့ အလေ့အထကနေ ကမ္ဘာရွာဖြစ်လာစေတာမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတယ်။ အခု ကမ္ဘာရွာသူတွေက မြန်မာပြည်လာမယ်တဲ့။

ကိုယ်ခန္ဓာကို သူများမြင်အောင် ကိုယ်လုံးတီး နေချင် ပြချင်တဲ့ စိတ်လိုအပ်ချက်ရှိလို့ လုပ်သူကို (ဖလက်ရှာ) ခေါ်ကြတယ်။ (မာတီမချီလိယား) ဆိုတာက လိင်ဆက်ဆံမှု ပြုနေတာကို သူများမြင်တာ သဘောကျသူမျိုး။ ပုံမှန်ဖြစ်ပေါ်နေကြ လိင်အမူအရာတွေနဲ့မတူ တမူထူးတာတွေကို (ပါရာဖိလပ်စ်) ခေါ်တယ်။ (အပိုဒိုင်ဆိုဖီးလီယား) လို့လည်း သုံးကြတယ်။ လိင်အင်္ဂါကို မြင်စေအောင် စကပ်ကို လှန်ပြတာမျိုးကို (အနာဆီမာ) လို့ခေါ်တယ်။ ဒီလိုမြင်စေချင်တာကို သူတို့က (ရှော့ခ် ဗယ်လ်ယူး) တန်ဖိုးတရပ်လို သဘောထားသတဲ့။

ညကလပ်နဲ့ (ဘား) တွေမှာ အဲလိုလုပ်ကြတယ်။ ဒါမှ လူစည်မှာမို့။ ဒါပေမယ့် ဗလာကပြ အသုံးတော်ခံတဲ့ မိန်းကလေးတိုင်းက အဲဒီဝါသနာရှိတယ်လို့တော့ ပြောမရဘူး။ စားဝတ်နေရေးအတွက် လုပ်ကြရတာရှိတယ်။ သဘာဝအရ မိန်းမတွေမှာ ကိုယ့်အတွင်းအင်္ဂါကို သူများမြင်အောင် ပြချင်စိတ်ရှိတာ အလွန်နည်းပါတယ်။ သူတို့လုပ်လေ့ရှိတာက ပြူတင်းပေါက်ကနေ အပေါ်ပိုင်းလှတာကို ပြချင်တာမျိုး။ ဆွဲဆောင်ချင်တာလည်း ဖြစ်နိုင်သလို ကိုယ်တိုင် ကျေနပ်မှုရချင်တာလည်း မှန်တယ်။ အင်္ကျီလယ်ဟိုက်၊ ခါးဖော်၊ တင်ပေါ် ဝတ်ချင်သူတွေဟာလည်း မော်ဒယ်တွေ အတုခိုးချင်တာရော အနည်းနဲ့အများ ဒီလိုမျိုးရောပါ ရှိတတ်တယ်။ စာတအုပ်မှာ ရေးထားတယ်။ မိန်းမတွေက အင်္ဂါစပ်ကလွဲရင် အကုန်ပြချင်တယ်။ ယောက်ျားများက ဘာတခုမှတော့ မပြချင်ဘူး၊ ဒါပေမယ့့် တဲ့။

တချို့က (အိတ်စ်ဘီးရှင်းနစ်) ကိုယ့်အသားဖော်ပြသူမျိုးကို လူနေမှုပုံစံတခုလို့ သဘောထားကြတယ်။ သူတို့ မြင်စေချင်တဲ့သူကို ရွေးပြီးမှ မြင်စေအောင် လုပ်တယ်။ ပြတာလည်း ခဏပဲ။ ကိုယ်ဗလာ နေစာလှုံတာ၊ ကိုယ်တုံးလုံးချွတ် ရေကူးတာ၊ လူစည်စည်မှာ ဗလာကျင်း နေကြတာမျိုးတွေက မတူဘူး။ သူတို့နဲ့ တော်သလင်းဇာတ်နဲ့ ကွာတာက အဝတ်ဗလာနေတာကို စံလို့သတ်မှတ်ပြီး လိင်ဆက်ဆံမှု မပါရဘူး။

တချို့က ကိုယ့်လိင်အင်္ဂါကို သူများပြရင်း ကိုယ့်ဘာသာ အာသာဖြေတယ်။ သူများကို လာပြီး အတူနေလှည့်ပါသဘော မပါဘူး။ သူ အဲလိုလုပ်ပြနေတာကို မြင်တဲ့သူမှာ လိင်စိတ်ကြွလာတာကို လုပ်ပြသူက ကျေနပ်မှုတမျိုး ရနေတတ်တယ်။ တချို့တွေက တယောက်တည်းဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် လုပ်ကြပြီး လိင်နဲ့ဆိုင်တာပါတယ်။ တချို့မှာ အဲလိုလုပ်လိုက်ရလို့ ငါကွဆိုပြီး ဘဝင်ခွေ့တယ်။ ငါအရင်လုပ်တာဆိုတဲ့ ပထမဆုံးလူ ဖြစ်ချင်တယ်။ ဖက်ရှင်ဖြစ်ချင်တယ်။ စိတ်ဦး၊ စိတ်ထူးနဲ့ စိတ်ရူးပါပဲ။

အမေရိကန်စိတ်ပညာအသင်းရဲ့ ရောဂါရှာဖွေရေးနဲ့ စာရင်းဇယားအရ (ပါရာဖီးလားစ်) နဲ့ (အိတ်စ်ဘီးရှင်းနဇင်) တွေမှာ ဒီလက္ခဏာတွေရှိတယ်။ (၁) ထပ်ခါထပ်ခါ လုပ်တတ်တယ်၊ (၂) ပြင်းပြတယ်၊ (၃) လိင်ဆီကို တွန်းပို့တယ်၊ (၄) လူနဲ့ မဆိုင်တာမျိုးအပေါ်မှာ လိင်စိတ်တပ်မက်မှုဖြစ်တယ်၊ (၅) အဖော်ကိုရော ကိုယ့်ကိုယ်ကိုယ်ပါ ဒုက္ခပေးပြီး စော်ကားရာ ကျစေတယ်လို့ ဆိုထားတယ်။

ပြတဲ့သူက ယောက်ျားဖြစ်ပြီး မြင်ရ-ကြည့်ရသူက မိန်းကလေး၊ အသက်လည်းငယ်ရင် ခြောက်လှန့်မှုပါ ဖြစ်စေတယ်။ သူများကိုရော ကိုယ့်ကိုယ်ကိုယ်ပါ စိတ်ထိခိုက်မှုနဲ့ ပြဿနာကြီးစေနိုင်တယ်။ လုပ်နေ-မြင်နေကြ မဟုတ်ဘူး၊ အစွန်းရောက်တယ်။ ဒီလို ကိုယ့်ဟာကို သူများပြချင်တဲ့ အပြုအမူမျိုးကို တချို့က အပျော်အပျက်သဘောထားပေမယ့် ပြင်းထန်တဲ့ အမူအရာ ပြဿနာဖြစ်တယ်။ ပညာရှင်တွေက စိတ်သတင်းပို့လွှတ်မှု မထိန်းနိုင်တဲ့ ပြဿနာလား၊ အစွဲအလမ်းကြီးမှု ပြဿနာလား စဉ်းစားကြတယ်။

(ပါရာဖီလားစ်) အမျိုးအစားတွေ အများကြီးရှိတယ်။ ပြချင်တာရော ကြည့်ချင်တာတွေပါတယ်။ (အိတ်စ်ဘီးရှင်းနဇင်) ဆိုတာ ကိုယ့်လိင်အင်္ဂါကို တမင်တကာ တစိမ်းတယောက်ကို ပြချင်တာနဲ့ သူများမြင်အောင် လိင်ဆက်ဆံချင်စိတ် ဖြစ်ချင်တာနဲ့ တကယ်လုပ်တာ၊ (ဖက်တစ်ရှ်ဇင်) ဆိုတာ လူ့ကိုယ်ခန္ဓာ မဟုတ်တာမျိုးကို လိင်စိတ်နဲ့ တပ်မက်တာ၊ (ဖရိုတူရဇင်) ဆိုတာ ကိုယ့်ကို သဘာမကျသူကိုသာ တန်းတန်းစွဲ ထိချင်-ကိုင်ချင်-ပွတ်သပ်ချင်စိတ် ဖြစ်နေတာ၊ (ဂျာရွန်တိုဖီလီယား) ဆိုတာ အသက်အရွယ် ကြီးနေသူအပေါ်မှာ လိင်စိတ်ဖြစ်တာ၊ (အင်ဖန်တိုဖီးလီးယား) ဆိုတာ ကလေးငယ်ငယ်လေးတွေကို လိင်စိတ်ဖြစ်တာ၊ (မက်ဆိုချစ်ဇင်) ဆိုတာ လိင်ဆက်ဆံတုန်းမှာ အဖော်ကနေ သူ့ကို အနိုင်ကျင့်တာ၊ ရိုက်ပုတ်တာ၊ နာစေတာမျိုးကို ခံချင်စိတ်ရှိတာ၊ (ပါရှယ်လဇင်) ဆိုတာ လိင်နဲ့မဆိုင်တဲ့ ကိုယ်ခန္ဓာ တခြားနေရာကို တပ်မက်တာ၊ (ဆက်ဒဇင်) ဆိုတာ သူများကို အနိုင်ကျင့်တာ၊ ရိုက်ပုတ်တာ၊ နာစေတာမျိုးကို လိင်စိတ်နဲ့ လုပ်ချင်စိတ်ရှိတာ၊ (ထရန့်စ်ဗာစတိုင်းလ် ဖက်တစ်ဇင်) ဆိုတာ ဆန့်ကျင်ဘက်လိင်ရဲ့ အဝတ်အစား အသုံးအဆောင်ကို တပ်မက်နေတဲ့စိတ်၊ (ဗွိုင်ယူရဇင်) ဆိုတာ သူများ ကိုယ်တုံးလုံးနေတာ၊ အဝတ်အစားချွတ်နေတာ၊ လိင်မှုပြုနေတာကို ချောင်းကြည့်ချင်နေတဲ့စိတ်။

အမေရိကားမှာ အိမ်ထောင်ကျပြီးသူတွေမှာ အဲလိုရောဂါ အဖြစ်များကြတယ်။ ကျူးလွန်သူတွေက ယောက်ျား၊ ခံရသူတွေက မိန်းမ၊ ကလေးနဲ့ တစိမ်းတရံတွေများတယ်။ ဇီဝဗေဒသီအိုရီတွေက (တက်စတိုစတီရုံး) ဟော်မုန်းကြောင့်လို့ ယူဆတယ်။ စိတ်ပညာသီအိုရီတွေက သားယောက်ျားလေးဟာ သူ့မိခင် (မိန်းမ) နဲ့ မတူတာကို ပြချင်စိတ် ဖြစ်ပေါ်တာလို့ ယူဆတယ်။

ဘယ်လိုကုသမလဲ။ ဖြစ်နေသူတွေက ဆရာဝန်ဆီ မလာကြပါ။ ပြဿနာပေါ်မှ ရောက်လာတယ်။ စိတ်ကုသနည်းအမျိုးမျိုး၊ ဆေးပေးနည်း၊ ဟော်မုန်းပေးနည်းတွေရှိတယ်။ သင်တန်းနည်းတွေလည်းရှိတယ်။ အရင်က အဲလိုလွန်ကဲတဲ့ ယောက်ျားတွေကို ကျားအစိထုတ်ပြီး သင်းကွပ်တယ်။ တချို့နေရာတွေမှာ အခုလည်း ရှိပါတယ်။ အသုံးများတာကတော့ (ဒီပို ပရိုဗားရား) သုံးလခံ ကိုယ်ဝန်တားဆေးထိုးတယ်။ ၆ဝ-၈ဝ ရာခိုင်နှုန်း ထိရောက်တယ်။ ဝလာမယ်၊ အရိုးအားနည်းလာမယ်၊ ရင်သားကြီးလာမယ်။ ဆက်တိုက်မုဒိမ်းကျူလွန်တဲ့ ယောက်ျားတွေကိုလည်း ဒီနည်းနဲ့ ပြစ်ဒဏ်ပေးတယ်။ မိန်ကလေးတွေ အဲလိုပြချင်တာကို ကုသနည်း မတွေ့သေးပါ။ ဆောရီး။

(အိတ်စ်ဘီးရှင်းနဇင်) ကို (လေဒီ-ဂိုဒီဗာ-ဆင်ဒရုမ်း) လို့ ခေါ်ပါတယ်။ သူက အင်္ဂလန်နိုင်ငံ (ကိုဗက်ထရီ) မြို့လယ်ခေါင် ကိုယ်လုံးတီးနဲ့ မြင်းစီးခဲ့သူ ဂုဏ်သရေရှိ အမျိုးသမီးဖြစ်တယ်။ မြို့စားကတော်ဟာ သူ့ယောက်ျား လောဘကြီးတာကို လျော့စေအောင်လို့ သူ့ခန္ဓာကိုယ်ကို တမြို့လုံးမြင်အောင် ပြခဲ့ပါတယ်။ ဒါကိုမြင်သွားတဲ့ (တွမ်) ကို (ပီပီးတွမ်) နဲ့ လေဒီကို (အိတ်စ်ဘီးရှင်းနစ်) ခေါ်တယ်။ သူများကို ချောင်းကြည့်သူတွေကို (ပီပီးတွမ်) လို့ ခေါ်ပါတယ်။

Dr. တင့်ဆွေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013