DVB Logo
Home
Lead Story
အစိုးရကို ဒီပီအန်(နိုင်ငံရေးဆိုင်ရာတွေ့ဆုံဆွေးနွေးရေးကော်မတီ) အနေနဲ့ တွေ့မယ် - ခူးဦးရယ်
DVB
·
June 2, 2016
အစိုးရကို ဒီပီအန်(နိုင်ငံရေးဆိုင်ရာတွေ့ဆုံဆွေးနွေးရေးကော်မတီ) အနေနဲ့ တွေ့မယ် - ခူးဦးရယ်
1 / 3
Donate to DVB

ယူအန်အက်စီလို့ခေါ်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ တိုးချဲ့ အစည်းအဝေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဇွန် ၁ နဲ့ ၂ နေ့တွေမှာ ၂ ရက်တာ ပြုလုပ်နေပြီး ဒီ အစည်းအဝေးပွဲမှာ အစိုးရနဲ့ တွေ့ဖို့ ကိစ္စရပ်လည်း ပါဝင်ပါတယ်။

အဖွဲ့အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ပထမနေ့ အစည်းအဝေးပွဲအပြီး သတင်းမီဒီယာ တွေကို ဖြေကြားခဲ့ရာမှာ သူတို့အနေနဲ့ ယူအန်အက်ဖ်စီက ဖွဲ့ပေးထားတဲ့ ဒီပီအန် (နိုင်ငံရေးဆိုင်ရာတွေ့ဆုံဆွေးနွေးရေးကော်မတီ)အနေနဲ့ တွေ့မယ်လို့ ပြောသွားခဲ့ပါတယ်။

မေး - ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအကြိုပြင်ဆင်ရေးကော်မတီ ဒေါက်တာတင်မျိုးဝင်းတို့ အဖွဲ့နဲ့ တွေ့ဆုံဖို့ကိစ္စ္စ ဒီနေ့ အစည်းအဝေးမှာ ဆုံးဖြတ်ဖြစ်ကြသလား။
“ပေးပို့လာတဲ့စာအရဆိုရင်တော့ သူတို့အနေနဲ့ တွေ့ဆုံချင်တယ်လို့ ရေးထားပါတယ်။ဒါပေမယ့် တခုရှိတာက ကျနော့်နာမည်နဲ့ပဲ စာကိုရေးသားပြီးတော့ ပေးပို့ပါတယ်။တစောင်ကတော့ ရိုးရိုး အီးမေးလ်နဲ့ ပေးပို့သူ မရှိပေါ့။ နာမည် မပါဘူး။ ဒုတိယတစောင်ကတော့ ဒေါက်တာ တင်မျိုးဝင်း လက်မှတ်နဲ့ ထပ်လောင်းပြီး အကြောင်းအရာတူ အီးမေးလ်တစောင် ထပ်ပို့ပါတယ်။ သူတို့ကတော့ ၂၁ရာစုပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီအနေနဲ့ တွေ့ချင်တယ်ပေါ။ ဒါပဲ ပြောတယ်။ ဘာကိစ္စ ဆွေးနွေးချင်တယ်ဆိုတာတော့ မပြောဘူး။ ဒီနေရာမှာ အဖွဲ့အစည်း နာမည်လဲ ထဲ့မထားတော့ ဒီကိစ္စ ဆွေးနွေးဖြစ်ပါတယ်။ သူတို့က ရိုးရိုးလေးပဲ ရေးပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များ ဆိုပြီးတော့ ဆိုတော့ ဘယ်အဖွဲ့အစည်းကို ဆိုလိုသလဲ ဘယ်ခေါင်းဆောင်ကို ဆိုလိုသလဲတော့ မပါဘူး။ သို့သော် ကျနော့်ကို မေတာရပ်ခံထားတာကတော့ ပါနိုင်သလောက် များများပါနိုင်ရင် ကောင်းတာပေါ။ အထူးသဖြင့် အန်စီအေ လက်မှတ်မထိုးထားသေးတဲ့ အဖွဲ့အစည်းတွေ ဖိတ်ကြားပေးပါ၊ ခေါင်းဆောင်တွေနဲ့ တွေ့ချင်ပါတယ်ဆိုတဲ့သဘောပေါ။ ဘယ်အဖွဲ့အစည်း ဘယ်သူဘယ်ဝါ ရယ်လို့ ညွှန်းဆိုထားတာတော့ မပါပါဘူး။

မေး-ခူးဦးရယ်က ယူအန်အက်ဖ်စီရဲ့ အတွင်းရေးမှူးဖြစ်တယ်ဆိုတော့ ယူအန်အက်ဖ်စီကို ဖိတ်တယ်လို့ မဆိုလိုနိုင်ဘူးလား။
“ကျနော်တို့ သုံးသပ်မိတာကတော့ လောလောဆယ်မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ကလည်း ယူအန်အက်ဖ်စီအဖွဲ့ဝင်နဲ့ ယူအန်အက်ဖ်စီထဲ မပါတဲ့အဖွဲ့တွေလည်း ရှိတာပေါ့လေ၊ ဒါပေမယ့်လည်း ကျနော့်ကို ဆက်သွယ်တယ်ဆိုတော့ ယူအန်အက်ဖ်စီထဲပါတဲ့အဖွဲ့အစည်းနဲ့ ကျနော်တို့နဲ့ ဆက်စပ်ထားတဲ့အဖွဲ့အစည်းတွေ ပါနိုင်အောင်လို့ လွယ်ကူအောင်လို့ ကျနော့်ကို ချိတ်ဆက်ဖို့အတွက် မေတာရပ်ခံတယ်လို့ ကျနော် အဲ့လို နားလည်ပါတယ်။ ဆိုလိုတာကတော့ ယူအန်အက်ဖ်စီ ရယ်လို့ တိုက်ရိုက် မသုံးနှုန်းချင်တာလား၊ သို့တည်းမဟုတ် ယူအန်အက်ဖ်စီက ဖွဲ့စည်းထားတဲ့ ဒီပီအန်(နိုင်ငံရေးဆိုင်ရာတွေ့ဆုံဆွေးနွေးရေးကော်မတီ) နာမည်ကို တိုက်ရိုက် မသုံးစွဲချင်တာလားတော့ မသိဘူးပေါ။ ကျနော်တို့လည်း ရှင်းရှင်းလင်းလင်း မသိပါဘူး။ ဒါပေမယ့် အဲ့ဒီ အခြေခံစဉ်းစားချက်လေးတော့ ရှိပါတယ်။”

မေး-ဒေါက်တာင်မျိုးဝင်းတို့နဲ့ သွားတွေ့တဲ့အခါ ဘယ်လို ပုံစံမျိုးနဲ့ သွားတွေ့မှာလည်း၊ဒီပီအန် အနေနဲ့ သွားတွေ့မှာလား။
“ကျနော်တို့ တရားဝင်စာပြန်ထားပြီး ဖြစ်ပါတယ်။ကျနော်က ယူအန်အက်ဖ်စီမှာ တာဝန် ရှိတော့ ယူအန်အက်ဖ်စီအဖွဲ့ဝင် အဖွဲ့အစည်းတွေကိုပဲ ကျနော် ဖိတ်ကြားပိုင်ခွင့် ရှိတာပေါ့နော်၊ ယူအန်အက်ဖ်စီထဲမှာ မပါတဲ့ အဖွဲ့အစည်းတွေကိုတော့ ဖိတ်ကြားဖို့ အခက်အခဲ ရှိတာပေါ့လေ၊ အဲ့ဒီအခြေခံကို ကျနော် ပြန်ကြားလိုက်ပါတယ်။ ကျနော်တို့အနေနဲ့ ဒီမှာ သဘောထား ချထားတာကတော့ ဒီပီအန်(နိုင်ငံရေးဆိုင်ရာတွေ့ဆုံဆွေးနွေးရေး ကော်မတီ) အနေနဲ့ တွေ့မယ်။ ဒီပီအန်မှာ ပါဝင်တဲ့အဖွဲ့အစည်းတွေကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကိုယ်စားပြုထား တာဆိုတော့ ဒီပီအန် အနေနဲ့ပဲ တွေ့မယ်။ တချိန်ထဲမှာပဲ ဒီပီအန်ထဲမှာ မပါတဲ့ ယူအန်အက်ဖ်စီ ထဲက တချို့သော ခေါင်းဆောင်တွေလည်း ထည့်သွင်းပေါင်းစပ်ပြီးတော့ တွေ့မယ်ဆိုတဲ့ သဘောထား ချထားပါတယ်။ အားလုံး ၁၃ ဦး ၁၄ ဦးလောက် ရှိပါမယ်။ ဒီပီအန်ကလည်း ယူအန်အက်ဖ်စီက ဖွဲ့စည်းပေးထားတာဆိုတော့ ဒီပီအန် အနေနဲ့ တွေ့တာပဲဖြစ်ဖြစ် ယူအန်အက်ဖ်စီ အနေနဲ့ တွေ့တာပဲ ဖြစ်ဖြစ်၊ ယူအန်အက်ဖ်စီမှာလည်း ကျနော်က အတွင်းရေးမှူး တာဝန်ယူထားပြီး ဒီပီအန်မှာလဲ အဖွဲ့ခေါင်းဆောင်ဆိုတော့ ကျနော်ကပဲ ဦးဆောင်ပြီး သွားတွေဖို့ သဘောထား ချထားပါတယ်။”

မေး-လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့နဲ့ တွေ့ဖို့ရော ဒီနေ့ စည်းဝေးပွဲမှာ ဆွေးနွေး ဖြစ်ကြသေးလား။
“ဒီဟာလည်း ဒီညနေခင်းမှာ ဆွေးနွေးဖြစ်ပါတယ်။ဆုံးဖြတ်ချက်တော့ မချနိုင်သေးပါဘူး။ ဒါကလည်း နှစ်ဘက် ဆက်စပ်ထားတဲ့ အခြေခံအောက်မှာပဲ ကျနော်တို့ ဘယ်လိုပြန်လည်ပြီး တွေ့ဆုံနိုင်ကြမလဲ၊ ဘာအကြောင်းအရာတွေများ ဆွေးနွေးဖို့ ရှိမလဲ၊ ဘယ်လို အတူတကွ ဆွေးနွေးပွဲ ကို သွားနိုင်မလဲဆိုတဲ့ လမ်းကြောင်းလေးတွေကို ရှာဖွေဖို့ အခြေခံ ဆွေးနွေးချက်လေး တွေပဲ ရှိပါသေးတယ်။ ဘယ်လို သွားမယ်။ ဘယ်လိုတွေ့ကြမယ်။ ဘာခေါင်းစဉ်တွေ ဆွေးနွေးကြမယ် ဆိုတာတော့ ကျနော်တို့ အဖြေ မထုတ်ရသေးဘူး။”

မေး- ဒေါက်တာတင်မျိုးဝင်းတို့အဖွဲ့နဲ့ ဆွေးနွေးတဲ့အခါ ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေး မယ် ဆိုတာမျိုး ပြင်ဆင်ထားတာ ရှိလား။
“သူတို့က ဘာကိစ္စ ဆွေးနွေးမယ်။ ဘာအကြောင်းအရာတွေ ဆိုတာ ပြောမထားတော့ ကျနော်တို့က အခြေခံ စဉ်းစားချက်တော့ ရှိပါတယ်။ သို့သော် ပြင်ဆင်ထားတာတော့ မရှိဘူး။ ဘာကြောင့်လဲဆိုရင် ဒါ အလွတ်သဘောလည်းဖြစ်တယ်။ နောက် ကျနော်တို့ နားလည်ရ သလောက်ဆိုရင် ဒေါက်တာတင်မျိုးဝင်းတို့ ကိုယ်စားလှယ်အဖွဲ့က ကျနော်တို့နဲ့ တွေ့ချင်တာ ဒါ အလွတ်သဘောလည်းဖြစ်တော့ သူတို့ ကျင်းပမယ်လို့ ပြောထားတဲ့ ၂၁ရာစု ပင်လုံ ညီလာခံကျင်းပမယ့် အခင်းအကျင်းတွေကို ကျနော်တို့ကို ပြန်လည်ခင်းကျင်း ချပြမယ်။ ကျနော်တို့နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မယ်။ ဘယ်လို လုပ်သွားမယ်ဆိုတဲ့ အခင်းအကျင်း တွေကို လာရှင်းလင်းပြသဖို့လို့ပဲ နားလည်တယ်။ နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (ယူပီဒီဂျေစီ)ကို ပြန်လည်ဖွဲ့စည်းတဲ့ကိစ္စကိုလည်း သူတို့ ရှင်းပြကောင်း ရှင်းပြလိမ့်မယ်လို့လည်း ယူဆရပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013